လွှတ်တော်အမတ်များ

August 11, 2020

အမေရိကန်လွှတ်တော်အမတ်များ အပါအဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ပိတ်ဆို့ဒဏ်ခတ် 

အမေရိကန်လွှတ်တော်အမတ်တွေနဲ့ သြဇာရှိတဲ့ အန်ဂျီအိုအဖွဲ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံသား ၁၁ ယောက်ကို တရုတ်အစိုးရက သြဂုတ် ၁၀ ရက်က စပြီးဒဏ်ခတ်လိုက်ပါတယ်။ ဗြိတိန် ကိုလိုနီဟောင်း ဟောင်ကောင်က နိုင်ငံရေးလွတ်လပ်ခွင့်တွေကို လျှော့ချမှု စွဲချက်နဲ့ ဟောင်ကောင်နဲ့ တရုတ်အရာရှိ ၁၁ ယောက်ကို အမေရိကန်က ဒဏ်ခတ်ခဲ့လို့ လက်တုံ့ပြန်လိုက်တာပါ။ ကြေညာချက်ကို ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပြောခဲ့ပေမယ့် ဒဏ်ခတ်မှု အသေးစိတ်ကိုတော့ သူက မပြောခဲ့ပါဘူး။ လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုနဲ့ ကြားဝင်စွက်ဖက်မှု စွဲချက်တွေကြောင့် အမေရိကန်က ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်၊ လက်ရှိ ရဲချုပ်နဲ့ ရဲချုပ်ဟောင်းတွေကိုလည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ထိုးတဲ့ အထူးအမိန့်အောက်မှာ သြဂုတ် ၇ ရက်မှာ ဒဏ်ခတ်ခဲ့ပါတယ်။ ဒဏ်ခတ်မှုအတွင်း ဒီလူတွေ ပိုင်ဆိုင်တဲ့ အမေရိကန်နိုင်ငံတွင်းက ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ထားတဲ့အပြင် ဒီလူတွေနဲ့ ဘယ်အမေရိကန် နိုင်ငံသားတွေမှ စီးပွားရေး တွဲမလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်မှာ တရုတ်ရဲ့အာဏာ တိုးချဲ့ဖို့ ဇွန်လကုန်ပိုင်းက အမျိုးသားလုံခြုံရေးဥပဒေသစ်ကို တရုတ်အစိုးရက ချမှတ် အသက်သွင်းခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် လွှတ်တော်အမတ်တွေက တရုတ်အစိုးရကို ပစ်မှတ်ထားခဲ့ကြပါတယ်။
12 months Ago

July 13, 2020

ဖားကန့်တွင်သေဆုံးသွားခဲ့သူများအတွက် ဝမ်းနည်းကြောင်းအဆို အတည်ပြု၊  လွှတ်တော်အမတ်များ ၁ မိနစ်ငြိမ်သက်ဆုတောင်း 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျပြီး သေဆုံး၊ ပျောက်ဆုံး ဒဏ်ရာရခဲ့ကြသူတွေအတွက်  ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဝမ်းနည်းကြောင်းအဆို အတည်ပြုပြီး  လွှတ်တော်ကိုယ်စားလှယ်တွေက ဝမ်းနည်းကြောင်း တမိနစ်ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။ ဒီကနေ့ ဇူလိုင် ၁၃ ရက်မွန်းလွဲပိုင်းမှာ ပြန်လည်ခေါ်ယူကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဝမ်းနည်းကြောင်းအဆို တင်သွင်းခဲ့တာပါ။ “အခု ဇူလိုင်လ ၂ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာ တောင်ကမ်းပါးယံပြိုကျမှုမှာ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာခဲ့သူများအတွက် ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွ ဒီမှာရှိနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးက အထူးပင်ကြေကွဲထိခိုက် ခံစားခဲ့ရပါကြောင်းနဲ့ ကျနော်ရဲ့ ဝမ်းနည်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်ကြီးက မှတ်တမ်းတင်ပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါတယ်”လို့ ဦးတင့်စိုးက လွှတ်တော်မှာ ပြောသွားပါတယ်။  ဒီအဆိုကို မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို မှတ်တမ်းတင်နိုင်ဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရာမှာ ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့အတွက် ဝမ်းနည်းကြောင်းအဆိုကို အတည်ပြုတဲ့ အကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ဇူလိုင် ၂ ရက် မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတွေ အများအပြား သေဆုံးခဲ့ကြရတာပါ။ အဆိုပါမြေပြိုကျမှုမှာ လူပေါင်း  ၁၇၂ ရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ  ၄၇ ဦး ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။
1 year Ago
More News
Up