လွှတ်တော်တက်

May 18, 2020

လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်အမတ်များ Mask တပ်ပြီး လွှတ်တော်တက် 

ရပ်နားထားခဲ့တဲ့ ဒုတိယအကြိမ် (၁၆) ကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့  မေလ  ၁၈ ရက် မနက်က ပြန်လည်  စတင်ကျင်းပနေပါတယ်။ ဒီတကြိမ်ပြန်လည်စတင်တဲ့လွှတ်တော်အစည်းအဝေးမှာ COVID-19 ရောဂါကာကွယ်တဲ့ အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး  Mask တပ်ပြီး လွှတ်တော်တက်ခဲ့ကြသလို ကိုယ်စားလှယ်တွေထိုင်တဲ့ ထိုင်ခုံနေရာတွေကိုလည်း ခပ်ခွာခွာချဲပေးထားတာ တွေ့ရပါတယ်။  ဒီနေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို တော့ အစီအစဉ် (၁၃) ခုနဲ့ ကျင်းပနေတာဖြစ်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ကတိသစ္စာပြုခဲ့ကြပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက “ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေကြမ်း” ကို တင်သွင်းဖို့ရှိသလို ဒီ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းဖို့ရှိပါတယ်။ ဒါ့အပြင် “အမျိုးသား စာကြည့်တိုက် ဥပဒေကြမ်း” နှင့်စပ်လျဉ်းပြီးလည်း   လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူဖို့ရှိပါတယ်။  လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ လွှတ်တော်မစတင်ခင်ကတည်းက COVID-19 ရောဂါ ရှိမရှိ ကြိုတင် ဆေးစစ်မှုခံယူခဲ့ရပြီး ကိုယ်စားလှယ်တွေအနေနဲ့ မိမိနေထိုင်ရာနေရာနဲ့ လွှတ်တော်ကလွဲပြီး တခြားသွားလာခြင်းမလုပ်ဖို့ကိုလည်း စည်းကမ်း တင်းကြပ် ထုတ်ပြန်ထားပါတယ်။  လွှတ်တော်အမတ်တွေကို COVID-19 ရောဂါ ရှိမရှိ ဆေးစစ်ရာမှာတော့ ပိုးတွေ့သူမရှိဘူးလို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေမှာကတည်းက Mask တွေတပ်ဆင်ပြီး လွှတ်တော် တက်ခဲ့ကြပါတယ်။  ဒီတကြိမ် ပြန်စတင်တဲ့ ဒုတိယအကြိမ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေကိုတော့ သီတင်း နှစ်ပတ်ကြာ ကျင်းပသွားဖို့ရှိပြီး COVID-19 အတွက် ချေးငွေရယူရေး ကိစ္စ၊ ၂၀၁၉-၂၀ ဘတ်ဂျက် ကိစ္စ တို့ကို အဓိကထားဆောင်ရွက်သွားဖို့ရှိနေပါတယ်။
1 year Ago
Up