လွှတ်တော်ကိုယ်စားလှယ်လောင်း

November 11, 2020

ရွေးကောက်ပွဲကုန်ကျစရိတ် သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းရန် နှိုးဆော် 

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်လိုက်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး  သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့ရက်ကစပြီး  ရက်ပေါင်း ၃၀ အတွင်း သူတို့ အမည်စာရင်းတင်သွင်းခဲ့ကြတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) နဲ့ တင်သွင်းကြရမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်းခံရမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
9 months Ago

October 10, 2020

PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး အမည်စာရင်း ပယ်ဖျက်ခံရ

မန္တလေးတိုင်း သာစည်မြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁ ဦး အမည်စာရင်း ပယ်ဖျက်ခံရတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ သာစည်မြို့နယ် ဟံဇားရွာနေ ဦးအောင်ဇင်လင်းထိုက်ဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံသားအထောက်အထား မပြနိုင်တာကြောင့် အောက်တိုဘာ ၂ ရက်နေ့ နေ့စွဲနဲ့ သာစည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းထဲက ပယ်ဖျက်ခံခဲ့ရတာလို့ သိရပါတယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင်လက်ထောက်ညွှန်မှူး ဦးမျိုးမင်းထိုက်က “ဦးအောင်ဇင်လင်းထိုက်ကို စိစစ်တဲ့အခါ သူ့အဖေဟာ နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်တာပေါ့ဗျာ။ သူ့နိုင်ငံသားစိစစ်ရေးကတ်မှာ အဖေ တရုတ်၊ အမေ ဗမာ သူက တရုတ်-ဗမာ ဆိုပြီး ပါတယ်။ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅ အရ မွေးဖွားစဉ်မှာ မိဘနှစ်ပါးလုံး နိုင်ငံသားဖြစ်မှ ရွေးကောက်ခံပိုင်ခွင့်ရှိတယ်။ သာမန် မဲဆန္ဒရှင်နဲ့ မတူပါဘူး။” လို့ ပြောပါတယ်။ အမည်စာရင်းပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်ဇင်လင်းထိုက်က “လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းက ပယ်ဖျက်ခံရတာ ဟုတ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အသနားခံစာ တင်ပြထားတယ်။ နစ်နာမှူတွေကို နားလည်ပြီး ကိုယ်စားလှယ်လောင်အဖြစ် ပြန်လည်လက်ခံပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌ (၁) ဦးမင်းနိုင်က “ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ အပင်ပန်းခံလုပ်ထားတယ်။ အခုရောက်တော့ အမည်စာရင်းက ပယ်ဖျက်တယ်တဲ့ နစ်နာမှုတွေ ရှိနေပါတယ်။ အဲဒီနစ်နာမှုတွေကို နားလည်ပေးစေချင်တယ်” လို့ ပြောပါတယ်။ မိဘ ၂ ဦးအနက် ၁ ဦးဟာ နိုင်ငံသားမဖြစ်ခဲ့ရင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေချယ်ခံပိုင်ခွင့်မရှိ ဆိုတဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၁၀)ပုဒ်ခွဲ(င)အရ ငြိစွန်းနေလို့ ဦးအောင်ဇင်လင်းထိုက်ကို ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းက ပယ်ဖျက်လိုက်တယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က စာထုတ်ပြန်ထားပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-ဦးမင်းနိုင် (တိုင်းဒုဥက္ကဋ္ဌ-၁)
10 months Ago
More News
Up