လှည့်ကင်းဆောင်ရွက်

October 19, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပြင်/မြေပြင် ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်

  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေ ညှိနှိုင်းပြီး ရေပြင်/မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က မောင်တောမြို့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးအဖွဲ့မှ ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၂) ပါ ၂ စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Shaik Adul Jalil ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၂ ဦးပါ စက်တပ်ရေယာဉ် ၂ စီးနဲ့ လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီးမှာ တွေ့ဆုံပြီး ရေယာဉ် ၄ စီးနဲ့ နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ပြိး သဲချောင်း ချောင်းဝအနီး ရေမိုင် အမှတ် ၁၈ အရောက်မှာ ရေယာဉ်အမှတ် (၀၀၂) ပေါ်မှာ နှစ်ဖက် ညှိနှိုင်း ကင်းလှည့်အဖွဲ့တွေ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အလားတူ မောင်တောမြို့နယ်၊ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မြင့်မောင် ဦးစီးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အမှတ်(၁၁) BGB တပ်ရင်း Bhalukhaiya ကင်းစခန်းမှ Subedar Md. Abu Hanif ဦးစီးအဖွဲ့တို့ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၈ ကနေ ၄၉ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်းပြီး မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
3 years Ago
Up