လေးမျက်နှာမြို့နယ်

November 8, 2020

လေးမျက်နှာမြို့နယ်တွင် မဲရုံနှင့်မဲပုံးအချို့ ဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ရွာတရွာမှာ မဲရုံနဲ့ မဲပုံးတချို့ မနေ့က ဖျက်ဆီးခံခဲ့ရပါတယ်။ ခြောက်ဆယ်ကျေးရွာအုပ်စု၊ လက်ပံကုန်းရွာမဲရုံမှာဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ ပုံမှန်မဲပေးနေတယ်လို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကြင်ဌေးက ပြောပါတယ်။ “မဲရုံမှူး ကျောင်းဆရာလေးက ကြိုတင်ပြင်ဆင် သန့်ရှင်းရေးလုပ်ဖို့ မဲရုံလုပ်ထားတဲ့ ကျောင်းထဲကို သွားတာ။  ကျောင်းဝင်ဝနားက ဂိတ်ရုံလို့ ပြောရမှာပေါ့၊ ခဏနားတဲ့နေရာ၊ ဝါးနဲ့လုပ်ထားတဲ့ ရုံလေး ဖျက်ခံထားရတယ်။ ကျောင်းရဲ့သော့တော့ မပျက်ဘူး။ ဒါနဲ့ သော့ဖွင့်ဝင်သွားတော့ အထဲမှာ မဲပုံး ၃ ပုံးထဲက ၁ ပုံးက အပြင်ကို ထုတ်ထားခံရတယ်။ ၂ ပုံးထဲကိုတော့ ရေတွေထည့်ထားတာ တွေ့ရတယ်။” သစ်သားနဲ့ဆောက်ထားတဲ့ ကျောင်းဖြစ်တာကြောင့် ဖျက်ဆီးသူဟာ နောက်ဘက်က ပျဉ်ချပ်တွေ ဆွဲခွာဝင်ခဲ့တာဖြစ်ပြီး ဗီနိုင်းစတွေလည်း ဆုတ်ဖြဲခံထားရတယ်လို့ သူက ပြောပါတယ်။ မဲရုံထဲမှာ မဲပြား၊ စာရင်းတွေတော့ မရှိတာကြောင့် တခြားပျက်စီးဆုံးရှုံးတာ မရှိဘူးလို့လည်း ဆိုပါတယ်။ မဲရုံမှူးကို မေးမြန်းရာမှာတော့ ကြိုတင်မဲပေးခဲ့ချိန်က ပြဿနာတစုံတရာမရှိခဲ့သလို သူကိုယ်တိုင် ဒီရွာသားဖြစ်ပြီး ရွာသားတွေနဲ့ ရန်ဖြစ်တာမျိုးလည်း မရှိခဲ့ဘူးလို့ သိရကြောင်း သူက ပြောပါတယ်။ ဒါကြောင့် အဲဒီမဲရုံအတွက် လိုအပ်တဲ့ မဲပုံးနဲ့ ဆန္ဒပြုမယ့်နေရာ အကာအရံတို့ကို မနေ့က ညတွင်းချင်း အသစ်ပြန်ထုတ်ယူပြီး ဒီနေ့မှာတော့ ပုံမှန်အတိုင်း မဲပေးကြတယ်လို့ ဒေါ်ကြင်ဌေးက ပြောပါတယ်။ အဲဒီရွာမှာ မဲပေးခွင့်ရှိသူ ၂၂၂ ယောက်အနက် ၂၂ ယောက်က ကြိုတင်မဲပေးခဲ့ကြပြီး ဒီမနက် ၈ နာရီကျော်မှာပဲ လူပေါင်း ၁၀၀ ကျော်မဲပေးပြီးသွားပြီလို့ သူက ဆိုပါတယ်။ လတ်တလောအချိန်ထိမှာတော့ မြို့နယ်ထဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ် မရှိသေးဘူးလို့လည်း ပြောပါတယ်။
6 months Ago

September 21, 2020

လေးမျက်နှာမြို့နယ်၌ ဒုတိယမြောက် ကိုဗစ်-၁၉ လူနာ ၁ ဦးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ စက်တင်ဘာ ၂၀ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့တဲ့လူနာ ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိပါတယ်။ လေးမျက်နှာမြို့နယ် ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုလှိုင်က "မနေ့က အဖြေထွက်တာပေါ့။ လူနာက မုဒုံပြန်ပါ၊ လေးမျက်နှာ အ.ထ.ကမှာ Facility Quarantine ထားရှိသူပါ။ လူနာကို ဟင်္သာတပြည်ဆေးရုံကို ပို့ပြီး ကုသမူပေးမှာပါ။ ခုတစ်ဦးနဲ့ဆိုရင် လေးမျက်နှာမြို့နယ်မှာ ရောဂါပိုးတွေ့သူ နှစ်ဦးရှိပါပြီ"လို့ ဒီဗွီဘီကို ပြောပါတယ်။ လေးမျက်နှာမြို့နယ်ကို ရောဂါပိုးတွေ့တဲ့ဒေသနဲ့ Stay at Home သတ်မှတ်ထားတဲ့ ဒေသက ပြန်လာရင် သက်ဆိုင်ရာဒေသအလိုက်ထားရှိတဲ့ Facility Quarantine Center မှာ ၂၁  ရက် အသွားအလာ ကန့်သတ်ထားရှိမှာ ဖြစ်ပါတယ်။  လေးမျက်နှာမှာပထမဆုံး ပိုးတွေလူနာကတော့ ရန်ကုန်ကြည်မြင့်တိုင်က ပြန်လာသူပါ။  ပထမဆုံးလူနာကတော့ ခရီးသွားရာဇဝင်ကို ဖြူးကပြန်တယ်ဆိုပြီး လိမ်ညာပြောသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပထမဆုံးပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ ကျန်မာရေးဌာနကဝန်ထမ်းတွေရော သူရဲ့မိခင်ပါ Negative အဖြေထွက်ရှိခဲ့ပါတယ်။ ဟင်္သာတခရိုင်အတွင်းမှာ ဟင်္သာတက ၁ ဦး၊ လေးမျက်နှာက  ၂ ဦး၊ အင်္ဂပူက  ၁ ဦး၊ ကြံခင်းက ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားပြီး ကြံခင်းက လူနာကတော နေပြန်ကောင်းလို့  ဆေးရုံက ဆင်းသွားပါပြီ။ ဟင်္သာတပြည်သူ့ဆေးရုံမှာ ဓနုဖြူမြို့နယ်ကနှစ်ဦးနဲ့ ခရိုင်အတွင်းက ၅ ဦး စုစုပေါင်း ၇ ဦး ဆေးကုသမူခံယူနေပါတယ်။ ဟင်္သာတခရိုင်အတွင်းရှိ စျေးတွေနဲ့စျေးဆိုင်တွေကို ကိုဗစ်-၁၉ ဖြစ်ပွားမူကာလအတွင်း မနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိသာ ဖွင့်လှစ်ခွင့်ပေးထားပြီး စားသောက်ဆိုင်တွေကိုတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုထားပါတယ်။ သတင်း - သန်းထိုက်မြင့် ၊ ဓာတ်ပုံ - လေးမျက်နှာကျန်မာရေးဦးစီးဌာန
8 months Ago
More News
Up