လော့ဒေါင်းချ

August 7, 2021

ဖိလစ်ပိုင်တွင် တတိယအကြိမ်လော့ဒေါင်းချ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ   ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှု ထိန်းချုပ်ရေးအတွက် တတိယအကြိမ် အသွားအလာပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းကို သြဂုတ် ၆ ရက်က စပြီး ကျင့်သုံးလိုက်ပါတယ်။

 မြို့တော်ဒေသအတွင်း ရောဂါခြေချုပ် စစ်ဆေးရေးစခန်းတွေမှာ အာဏာပိုင်တွေက ရဲတွေကို အစောင့်ချထားပြီး မြို့တွင်း အဝင်အထွက်ကို ကန့်သတ်ထားမှာပါ။ 

အများပြည်သူကို အသွားအလာ ကန့်သတ်ထားလို့ ဝင်ငွေမရှိမှာကို စိုးရိမ်ကြောင်း ဒေသခံ အသေးစား စီးပွားရေးသမားတွေက ပြောပါတယ်။

 ဖိလစ်ပိုင်နိုင်ငံမှာ ကျန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက နေ့စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်ခံ ဦးရေ ၈၀၀၀ကျော် ရှိခဲ့တာပါ။

 မေ ၂၈ ရက်က စတဲ့ စစ်တမ်းအရ သြဂုတ် ၁ ရက်နေ့ တရက်တည်းမှာ အသစ်ကူးစက်ခံ ၈၇၃၅ ယောက်နဲ့ စံချိန်တင် ခဲ့ပါတယ်။

 ကပ်ဘေးစကတည်းက ခုထိ စုစုပေါင်း ကူးစက်ခံဦးရေ ၁ ဒသမ ၆ သန်းရှိပြီး ကူးစက်ခံ အယောက် ၂၈၀၀၀ ကျော် သေဆုံးခဲ့လို့ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှား နိုင်ငံပြီးရင် ဒုတိယအဆိုးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနိုင်ငံဖြစ်လာတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

3 months Ago

July 28, 2021

ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင် လော့ဒေါင်းချ

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာအနီးတဝိုက်မှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စတင်တွေ့ရှိလာသောကြောင့် ဇူလိုင် ၂၈ မှ စတင်ကာ လိုင်ဇာမြို့ကို အသွားအလာကန့်သတ် လော့ဒေါင်းပြုလုပ်လိုက်ပြီလို့  ကေအိုင်အိုဗဟို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဇူလိုင် ၂၇ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန်စစ်ရှောင်စခန်းနဲ့ ဝေကြိုင်စစ်ရှောင်စခန်းတို့မှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပြီဖြစ်တာကြောင့် လိုင်ဇာမြို့တွင်းရှိ ပြည်သူတွေကို ဇူလိုင် ၂၈ မှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှု အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

သက်ဆိုင်ရာက ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်နေစဉ် အပြင်မထွက်ဘဲ နေအိမ်မှ အလုပ်လုပ်ရန် Stay at Home စည်းကမ်းချက်တွေကို ပူးပေါင်းဆောင်ရွက်ရန်နဲ့ ပျက်ကွက်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

လိုင်ဇာမြို့မှာ မနေ့က ပြည်သူတွေ အခြေခံစားသောက်ကုန် ၀ယ်ယူစုဆောင်းကြတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်တာတွေရှိခဲ့ပေမဲ့  ဒီနေ့တော့ အသွားအလာမရှိသလောက် နည်းပါးသွားခဲ့တယ်လို့ လိုင်ဇာမြို့ခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ - simasa kasa

3 months Ago
More News
Up