လေကြောင်း တိုက်ခိုက်

November 18, 2020

ဆီးရီးယားနှင့် အီရန်တပ်ဖွဲ့များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

အစ္စရေး ထိန်းချုပ်တဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ ဖောက်ခွဲရေးပစ္စည်းတွေ မြှုပ်ထားတာကို တွေ့ခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်က အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆီးရီးယားစစ်တပ်နဲ့ အီရန်ကွတ်တပ်ဖွဲ့ ပစ်မှတ်အတော်များများကို လေကြောင်းကနေ တိုက်ခိုက်ပါတယ်။  အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ နိုဝင်ဘာ ၁၇ ရက်က အစ္စရေးတပ်ဖွဲ့တွေ တူးဖော်ခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ရပါတယ်။  ဂိုလန်ကုန်းမြင့်ရဲ့ ဆီးရီးယားထိန်းချုပ်ရာဘက်ခြမ်းကနေ ဆီးရီးယားမြို့တော် ဒမတ်စကပ် အစွန်နားအထိ နေရာတွေက ပစ်မှတ် ၈ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ဆိုပါတယ်။  အဲဒီပစ်မှတ်တွေထဲ ဒမတ်စကပ် နိုင်ငံတကာလေဆိပ်က လျှို့ဝှက်စစ်စခန်းဆိုပြီး အစ္စရေးတို့ ပြောနေတဲ့ အီရန်ဌာနချုပ်တစ်ခုနဲ့ ဆီးရီးယားတပ်မဟာ အမှတ် ၇ လည်း ပါဝင်ပါတယ်။    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနကတော့ အစ္စရေး ကျူးကျော်မှုအတွင်း စစ်မှုထမ်း ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ဒီနှစ်အတွင်း အမေရိကန် ထောက်ခံတဲ့ ကိုယ်စားစစ်ပွဲအနေနဲ့ ဆီးရီးယားအပေါ် အစ္စရေးရဲ့ တိုးမြှင့်တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ စစ်ရေးတိုးတက်မှုကို စစ်ဆေးတာ ဖြစ်တယ်လို့ အနောက်နိုင်ငံ ထောက်လှမ်းရေးရင်းမြစ်တွေက ပြောပါတယ်။
6 months Ago
Up