လူကြီးမင်းခင်ဗျား ရုပ်ရှင် ရုပ်တင်

June 19, 2015

“ကျွန်မကနှင်းဆီပါမောင်” ရုပ်ရှင် အွန်လိုင်းပေါ်ရောက်မှု ဖော်ထုတ်အရေးယူမည်

ရန်ကုန်မှာ ရုံတင်ပြသနေတဲ့ နာမည်ကြီး “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ မရရအောင်ဖော်ထုတ်ပြီး အရေးယူ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။ ရုပ်ရှင်ကို Myanmar Celebrities အင်တာနက်စာမျက်နှာမှာ အပိုင်း ၄ ပိုင်းခွဲ တင်ထား တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ ဇာတ်ကားထုတ်လုပ်တဲ့ ထားဝယ်ရုပ်ရှင်တို့ ပူးပေါင်း လုပ်ဆောင်နေကြတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ကျနော်တို့နဲ့ ကျွမ်းကျင်တဲ့သူတွေနဲ့ source (ရင်းမြစ်) တွေကို လိုက်နေတာပေါ့။ ခု လောလောဆယ် သက်တန့်သစ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တခုမှာလည်း တွေ့တယ်။ ၀ိုင်းပြီး ရှယ်တာတွေကတော့ ၁ သောင်းကျော်သွားပြီ။ ဒီအရုပ်အသံ အရည်အသွေးနဲ့ က  ဘယ်လို ဖြစ်နိုင်တယ်ဆိုတာ ပညာရှင်တွေနဲ့ ကောက်ချက်ချတဲ့အဆင့်ပဲ ရှိပါသေးတယ်။” အစိုးရဌာနတွေဖြစ်တဲ့ ဆက်သွယ်ရေး၊ ပြန်ကြားရေးစတဲ့ ဌာနဆိုင်ရာတွေပါ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပြီး ကျယ်ပြန့်တဲ့အရေးကိစ္စတခု ဖြစ်တယ်လို့လည်း ဦးလူမင်းက ပြောပါတယ်။ အခုလို ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတခုလုံး အွန်လိုင်းပေါ် ရောက်သွားတဲ့ကိစ္စဟာ မြန်မာ့ရုပ်ရှင်နယ်ပယ်မှာ ပထမဆုံး ကြုံတွေ့ရတဲ့ ပြဿ  နာတခုဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောက အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်ချက်တရပ် ဖြစ်နေပါတယ်။ လတ်တလောမှာ ဗွီဒီယိုဈေးကွက်ပျက်ပြီး ရုပ်ရှင်တွေ ဦးမော့လာစအချိန်မှာ အခုလို လုပ်ဆောင်တာဟာ မြန်မာ့ရုပ်ရှင်ကို အသေသတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း  ရုပ်ရှင်အစည်း အရုံး  ဥက္ကဋ္ဌက မှတ်ချက်ပေးပြောပါတယ်။ ထားဝယ်ရုပ်ရှင်က ထုတ်လုပ်၊ ဒါရိုက်တာဝိုင်းရိုက်ကူးပြီး နေတိုးနဲ့ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကြတဲ့ “ကျွန်မကနှင်းဆီပါမောင်” ဇာတ်ကားဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပြီး ရုံတင်ချိန်မှာလည်း ပရိသတ်အားပေးမှု ကောင်းကောင်းရနေတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
6 years Ago

March 19, 2015

ခရိုနီအကြောင်းရိုက်ကူးထားသည့် “လူကြီးမင်းခင်ဗျား” ရုပ်ရှင်ရုံတင်

မြေယာအဓမ္မသိမ်းတဲ့ ခရိုနီသူဌေး အကြောင်းဇာတ်လမ်းဖွဲ့ ရိုက်ထားတဲ့ “လူကြီးမင်းခင်ဗျား”  ရုပ်ရှင်ဇာတ်ကားကြီးကို  မြန်မာပြည်တွင်းက ရုပ်ရှင်ရုံကြီးတွေမှာ  မတ်လ ၂၀ ရက်နေ့ကစပြီး ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို  ဒါရိုက်တာ  အကယ်ဒမီ ညီညီထွန်းလွင်၊ တွဲဖက်ဒါရိုက်တာ မောင်သီလ၊ သြရသက ရိုက်ကူးပြီး ပြေတီဦး၊ ၀တ်မှုံရွှေရည်၊ ညီထွဋ်ခေါင်၊ ချမ်းမီမီကိုနဲ့ ၀ါရင့် မင်းသားကြီးတွေဖြစ်တဲ့ အောင်လွင်၊ ဇင်ဝိုင်း၊ ဇော်ဦး တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဘိုးဘွားရိပ်သာမြေနေရာကို  ခရိုနီသူဌေးတဦးက စီမံကိန်းအကြောင်းပြ သိမ်းယူခဲ့ပြီး   ခရိုနီသူဌေးသမီး (၀တ်မှုံရွှေရည်) ရဲ့ ချစ်သူ မိဘမဲ့ (ပြေတီဦး) က ရိပ်သာအတွက် ကာကွယ်တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း  လွင်မင်းအံ့က  ၀တ္ထုဇာတ်ညွန်းရေးသားထားတာပါ။ ရုပ်ရှင်ဇာတ်ကားအမည်ကို မူလက သမ္မတကြီးခင်ဗျားလို့ ပေးခဲ့ပေမယ့် ဇာတ်လမ်းစိစစ်ရေးက ခွင့်မပြုလို့  လူကြီးမင်းခင်ဗျားလို့  အမည်ပြောင်းခဲ့ရတယ်လို့ ဒါရိုက်တာ  ညီညီထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ “နာမည်ကအစ သမ္မတကြီးခင်ဗျားလို့  ပေးလို့မရဘူး။ ဇာတ်လမ်းစိစစ်ရေး တင်ကတည်းကိုက၊  အဲဒါနဲ့ လူကြီးမင်းခင်ဗျားဆိုပြီးတော့ ပြောင်းလိုက်ရတာ။  အမှန်မှန်တော့  ဒီလိုပြဿ    နာတွေဖြစ်တဲ့ အတွက်ကြောင့်  သမ္မတကြီးခင်ဗျာ၊ ကျနော်တို့ရဲ့ ဘိုးဘွားရိပ်သာလေးက ဒီလိုဒီလို ရှိပါတယ်ဆိုပြီး အသနားခံစာတင်တဲ့ပုံစံမျိုးနဲ့  ပြည်သူလူထုရဲ့ နစ်နာချက်တွေ၊ ခံစားချက်တွေ တင်ပြတာ၊။ ဒီဥစ္စာက ကောင်းတဲ့ မက်ဆေ့ခ်ျ လေးပါ။  အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ခရိုနီသူဌေးတွေ အနေနဲ့ပဲဖြစ်ဖြစ်  လူတွေကို ငဲ့ညှာသင့်တယ်ဆိုတာလေးကိုလည်း ကျနော်တို့ကပေးချင်တာ။  ဒါပေမယ့် လူကြီးမင်းခင်ဗျားလို့ ပြောင်းလိုက်ရတော့ တော်တော်တော့ပေါ့သွားတယ်။” အာဏာပိုင်တွေနဲ့ ပေါင်းပြီး မြေနေရာ မတရားသိမ်းဆည်းတဲ့ ခရိုနီသူဌေး ဇာတ်ရုပ်နေရာ က သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းကလည်း ရင်ထဲမှာရှိတဲ့ တကယ့်ခေတ်စနစ်ကို အပြည့်အ၀ပုံဖော်နိုင်ခြင်းခဲ့ခြင်းမရှိဘဲ စောင်းပါးရိပ်ခြေပုံ ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ‘“တကယ်တမ်းပြောကြမယ်ဆိုရင်  လွန်ခဲ့တဲ့ ၂၀၁၁ - ၁၂ လောက်အထိ ဒီကားမျိုးတွေ ရိုက်ဖို့ မလွယ်ပါဘူး။  မူလစတင်ပြီးတော့ ရုပ်ရှုင်အစည်းအရုံးကို လွတ်မြောက် အောင်လုပ်စဉ်ကာလ ကတည်းက ကျနော်တို့ဟာ ခေတ်စနစ်ကို ထင်ဟပ်တဲ့ ပြည်သူရဲ့ ခံစားမှုကို ဖော်ကျူးနိုင်တဲ့ ရုပ်ရှင်အနုပညာများကို ရိုက်ကူးဖို့ ဆိုပြီး ဆင်ဆာမူဝါဒတွေကို တွန်းလှန်ကြပါတယ်။ အဲဒီကာလမှာလည်း  ကျနော်တို့ အခက်အခဲများစွာတွေ့ခဲ့ရပါတယ်။  ကျနော်တို့ကို ဝေဖန်မှုတွေလည်း အမျိုးမျိုးရှိပါတယ်။  ရုပ်ရှင်ကို ဆင်ဆာမူဝါဒတွေ လျော့ပေးပေမယ့် ရုပ်ရှင်က ရှေ့မတိုးဘူးတို့၊ မြန်မာရုပ်ရှင် ဆင်ဆာလွတ်လပ်ခွင့်တော့ရတယ် ဘာကားတွေများ ထွက်လို့လဲလို့ ဆိုတဲ့ ဝေဖန်မှုတွေလည်းခံရပါတယ်။  သို့သော် အချိန်စောင့်ကြည့်ပေးပါ။ ကျနော်တို့ ပြည်သူကိုထင်ဟပ်တဲ့ ဇာတ်ကားမျိုးတွေ ရိုက်ကူးနိုင်အောင် ကြိုးစားနေပါတယ်” ပြည်တွင်းမှာ အစိုးရသစ်လက်ထက်   ရုပ်ရှင်ဆင်ဆာတင်းကျပ်မှုတွေ ဖြေလျော့ ပေးပြီးနောက်  ရုပ်ရှင်နဲ့ဗွီဒီယိုတွေမှာ  ခေတ်ကို ထင်ဟပ်တဲ့ ဇာတ်လမ်းတွေရိုက်ကူး ထုတ်လုပ်လာမှုတွေ ရှိလာတာဖြစ်ပါတယ်။ “လူကြီးမင်းခင်ဗျား”  ရုပ်ရှင် ဇာတ်ကားဟာ  ပြည်တွင်းမှာ ခရိုနီအကြောင်း ပထမဆုံး ရုပ်ရှင်ကားကြီးအဖြစ် ရုံတင်ပြသတဲ့ ဇာတ်ကားဖြစ်ပြီး  ဗွီဒီယို အနေနဲ့ကတော့   မိုးအောင်ရင် ပါဝင်သရုပ်ဆောင်တဲ့ ‘“ခရိုနီဘိုချီ” နဲ့  ခန့်စည်သူသရုပ်ဆောင်တဲ့ ”အကြွေးတော်ပုံအောင်ရမည်” စတဲ့ ဗွီဒီယို ဇာတ်ကားတွေ လူသိများပါတယ်။
6 years Ago
Up