လူသတ်မှု

November 24, 2021

ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင် အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာမှာ နိုဝင်ဘာလ ၂၃ ရက်နေ့  မနက် ၃ နာရီလောက်က မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တကယ်တမ်းကတော့ အသတ်ခံရတဲ့မိသားစုက ချမ်းသာတယ်။ ကျနော်တို့ ခန့်မှန်းကြည့်ရ‌သလောက်ကတော့ ပထမပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုနဲ့ အသတ်ခံရတာဖြစ်နိုင်သလို၊ နောက်တချက်က အသတ်ခံရသူမိသားစုပိုင် ငွေကြေးအမြောက်အမြားနဲ့ လက်ဝတ်ရတနာပါတွေပါ ယူတာဆိုတော့ ဓားပြတိုက်တာပဲ။ ကျနော်တို့ကတော့ ဒါကို လက်ပိုက်ကြည့်မနေနိုင်ဘူး” လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သာယာအေးကျေးရွာက သတ်ဖြတ်ခံရသူတွေဟာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်ကာ အတန်အသင့် ငွေကြေးပြည့်စုံသူတွေ ဖြစ်ကြပြီး မိသားစု ၆ ဦးရှိတဲ့အနက် အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်းနဲ့ မိ သားစုဝင်အမျိုးသမီး ၄ ယောက်တို့ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်အတွင်းက ဗီရို၊ သေတ္တာတွေ လှန်လှောကာ ရွှေ၊ ငွေ၊ နဲ့ လပ်တော့ပ်တစ်လုံး ယူသွားကြပြီး အခြားအိမ်မှာ သွားအိပ်တဲ့ မိသားစုဝင် အမျိုးသမီးတစ်ယောက်သာ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

Depeyin PDF တာဝန်ရှိသူတစ်ဦးက “အခုလို မိသားစုဝင်တွေကိုပါ သတ်ဖြတ်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်တာကတော့ လက်မခံနိုင်စရာပါ။ ကျနော်တို့ ဒီပဲယင်း PDF အနေနဲ့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

လူသတ်သမားတွေဟာ Point 22၊ တူမီး၊ ဓားတွေကို အသုံးပြုသွားတာဖြစ်ပြီး လည်ပင်းညှစ်သတ်တာ၊ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးဗိုက်ကို ဓားနဲ့ထိုးသတ်တာတွေ ပြုလုပ်သွားတာဖြစ်ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။

အဆိုပါမိသားစုဝင် ၅ ဦး အသတ်ခံရတာဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးဘဲ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ကြောညာချက်ထုတ်ပြန်ထားကြပါတယ်။

အသတ်ခံရတဲ့ မိသားစုဝင် ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က သင်္ဂြိုဟ်လိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ အခုလို မိသားစုလိုက် သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စိုင်ပြင်မှာ ကိုအောင်နိုင်စိုးနဲ့ မစံပယ်တို့ သားဖသုံးယောက်ကို အခုလို အုပ်စုဖွဲ့ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

4 days Ago

November 12, 2021

လူသတ်မှု မြင့်လာသဖြင့် ကင်းလှည့်ရန် အလ်ဆာဗေဒိုသမ္မတ စစ်တပ်ကို တာဝန်ပေး

အလ်ဆာဗေဒိုနိုင်ငံသမ္မတ Nayib Bukele ဟာ အခုသီတင်းပတ်အတွင်း လူသတ်မှုတွေ မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းရှိ လမ်းတွေပေါ်မှာ ကင်းလှည့်ဖို့ နိုဝင်ဘာ ၁၁ ရက်က စစ်တပ်ကို တာဝန်ချထားခဲ့ပါတယ်။ 

တပ်ဖွဲ့ဝင်အများစုဟာ မြို့တော် San Salvador ရဲ့ လူနေထူထပ်တဲ့နေရာတွေမှာ ကင်းလှည့်မယ်လို့ အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ 

“သမ္မတ အမိန့်ပေးထားသလို ဒီနေ့ လူသတ်မှုတွေဖြစ်ခဲ့တဲ့ ဒီမြူနီစီပယ်တွေမှာ အောင်မြင်နိုင်တဲ့နည်းနဲ့ ကျနော်တို့ရဲ့ အားထုတ်မှုတွေကို အားဖြည့်ရမှာဖြစ်ပြီး ဒါမှမဟုတ် ကျနော်တို့မှာ ရှိထားပြီးသား ထိန်းချုပ်မှုအဆင့်ကို  ထိန်းသိမ်းထားတာမျိုး၊ ဒါမှမဟုတ် ဒိထက်ပိုကောင်းအောင် လုပ်တာမျိုးတွေ လုပ်နေပါတယ်” လို့ ဆာလ်ဗေဒို ကာကွယ်ရေးဝန်ကြီး ရီနီ မယ်ရီနိုမွန်ရွိုင်းက တရားဝင်ဗွီဒီယိုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

လူဦးရေ ၆ ဒသမ ၅ သန်းလောက်ရှိပြီး ဆင်းရဲနွမ်းပါးတဲ့ ဗဟိုအမေရိကနိုင်ငံမှာ လူသတ်မှု ၃၀ ကျော် ဖြစ်ပွားပြီးနောက် စစ်တပ်နေရာချထားမှုကို လုပ်ဆောင်လာတာပါ။ 

၂၀၁၉ မှာ တာဝန်စတင်ထမ်းဆောင်တဲ့ Bukele လက်ထက်မှာ ပျမ်းမျှနေ့စဉ် လူသတ်မှုတွေဟာ တစ်နေ့ကို ၂ မှုအောက် ကျဆင်းသွားခဲ့ပါတယ်။ 

စစ်သားတွေ အင်အား ဘယ်လောက်ကို အချိန်ဘယ်လောက်ကြာကြာ ချထားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

Facebook ပို့စ်တွေကနေတဆင့် Bukele ဟာ လုပ်ငန်းမှာ အမှောင်အင်အားစုတွေ ရှိတယ်ဆိုပြီး အသေးစိတ်ဖော်ပြခြင်းမရှိဘဲ စွပ်စွဲပြောဆိုထားပါတယ်။ 

2 weeks Ago
More News
Up