လူဝီးစ်ဂလာ့ခ်

October 9, 2020

စာပေဆိုင်ရာ နိုဘယ်လ်ဆု အမေရိကန်ကဗျာဆရာမ လူဝီးစ်ဂလာ့ခ် ရရှိ

အခုနှစ် ၂၀၂၀ ပြည့်နှစ်ရဲ့ စာပေဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန် ကဗျာဆရာမ လူဝီးစ်ဂလာ့ခ်က ရရှိသွားခဲ့ပါတယ်။ လူဝီးစ်ဂလာ့ခ်ဟာ စာပေဆိုင်ရာ နိုဘယ်လ်ဆုရရှိတဲ့ ၁၆ ယောက်မြောက် အမျိုးသမီး စာရေးဆရာတယောက်ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံအနေနဲ့ ၁၉၉၃ ခုနှစ်က နိုဘယ်လ်ဆု ရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး စာရေးဆရာမ တိုနီမော်ရစ်ဆင်ရဲ့နောက် အချိန် ၂၇ နှစ် အကြာမှာ အမေရိကန် စာရေးဆရာတဦးအနေနဲ့ တကျော့ပြန် ဆုရရှိတာလို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြထားပါတယ်။ မနှစ်က ၂၀၁၉ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကိုတော့ ဂျာမန်စာရေးဆရာ ပီတာဟဲန်ဒ်ကယ်က ရရှိထားပါတယ်။ ၁၉၄၃ ခုနှစ်က နယူးယော့ခ်မှာ မွေးဖွားခဲ့တဲ့ ကဗျာဆရာမ လူဝီးစ်ဂလာ့ခ်ဟာ အသက် ၇၇ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး နာမည်ကျော် ယေးလ်တက္ကသိုလ်မှာ ပါမောက္ခတယောက်အနေနဲ့လည်း တာဝန်ထမ်းဆောင်နေသူပါ။ အမေရိကန်နိုင်ငံရဲ့ ထင်ရှားတဲ့ ထိပ်တန်း ကဗျာဆရာမတဦးလည်းဖြစ်တဲ့  လူဝီးစ် ဂလာ့ခ်ဟာ ပူလစ်ဇာဆုအပါအဝင် Bollingen Prize ၊ US Poet Laureate (2003–2004) ၊ National Book Award နဲ့ National Humanities Medal စတဲ့ ဆုပေါင်း များစွာကိုလည်း ရရှိထားပါတယ်။ စာရေးခဲ့တဲ့ သက်တမ်း ဆယ်စုနှစ် ၆ ခုကာလအတွင်းမှာ အက်ဆေးနဲ့ ကဗျာစာ အုပ် ၁၂ အုပ် ရေးသားခဲ့ပြီး ဖြစ်ကာ သူ့ရဲ့ စာပေဟန်တွေထဲမှာတော့ လူသားတယောက် အနေနဲ့ ဖြစ်တည်ရမှုအတွက် မိသားစုငယ်ဘဝ စိတ်ဒဏ်ရာ၊ သေခြင်းတရား၊ ကုစားမှုတွေနဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေမေးခွန်းထုတ်တာမျိုးတွေနဲ့ အမှန်တရားကို ရှာဖွေတာမျိုးတွေ ထင်ဟပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဆွီဒင်အကယ်ဒမီ နိုဘယ်လ်ဆုရွေးချယ်ရေးဘုတ်အဖွဲ့ဝင် အန်ဒါစ်အိုလ်ဆင်ကတော့ ဂလာ့ခ်ရဲ့ စာပေတွေဟာ “ရိုးသားပွင့်လင်းပြီး မဆုတ်မနစ်တဲ့ ကြိုးစားမှုတွေနဲ့ လူသားဆန်မှု”ကို တွေ့ရှိရတယ်လို့ မှတ်ချက်ပေးထားတာပါ။ စာပေဆိုင်ရာ နိုဘယ်လ်ဆုဟာ ဆွီဒင်နိုင်ငံက ချီးမြှင့်တဲ့ စာပေဆုတခုဖြစ်ပြီး ၁၉၀၁ ခုနှစ်က စတင်ပြီး နှစ်စဉ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား ဘယ်နိုင်ငံက စာရေးဆရာမဆို ရရှိနိုင်ပြီး ဆွီဒင် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက် နိုဘယ်လ်ရဲ့ သေတမ်းစာအရ “စာပေနယ်ပယ်မှာ အကောင်းဆုံးလမ်းပြနိုင်တဲ့ အပြောင်မြောက်ဆုံး လက်ရာ” ကို ဖန်တီးနိုင်တဲ့ စာရေးဆရာတွေကို ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။  လက်ရာတခုချင်းစီကို အသိအမှတ်ပြုစရာအဖြစ် ရည်ညွှန်းလေ့ရှိပေမယ့် ရွေးချယ်ချီးမြှင့်တဲ့ ဆုကတော့ စာရေးဆရာရဲ့ ဖန်တီးမှုအားလုံးကို ဆွီဒင်အကယ်ဒမီက ခြုံငုံသုံးသပ်အကဲဖြတ်ကာ ပေးအပ်တာမျိုး ဖြစ်ပါတယ်။ နိုဘယ်လ်ဆုချီးမြှင့်တဲ့ နယ်ပယ်တွေထဲမှာတော့ စာပေ၊ ရူပဗေဒ ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး နယ်ပယ်တွေပါဝင်ပြီး ဆုရရှိသူတွေကို နှစ်စဉ် အောက် တိုဘာလ အစောပိုင်းမှာ ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။
8 months Ago
Up