လူနာအမှတ် ၂၅၀

July 5, 2020

ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ဆေးရုံက ဆင်းခွင့်ရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ပြည်သူ့ဆေးရုံမှာ ကုသပေးနေတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ကို ဒုတိယအကြိမ်စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး Facility Quarantine ၇ ရက် စောင့်ကြည့်နေတယ်လို့ ဘူးသီးတောင် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက DVB ကို ပြောပါတယ်။ “လူနာအမှတ် ၂၅၀ ကို စစ်ဆေးရာမှာ Negative double ဖြစ်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး Facility Quarantine ၇ ရက် စောင့်ကြည့်ထားပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ မိသားစုဝင်အားလုံးလည်း နှစ်ကြိမ်လုံး Negative ဖြစ်ပါတယ်။” ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ အမျိုးသားဟာ ဘင်္ဂလားဒေ့ရှ် တက္ကနပ်မြို့မှာရှိတဲ့ ဇာတီမူရ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရာက ရောဂါပိုး ကူးစက်ခံခဲ့ရတာဖြစ်ပြီး အဖော် ၂ ဦးနဲ့အတူ မောင်တောမြို့နယ်မြောက်ပိုင်းကတဆင့် ဘူးသီးတောင်မြို့ကို ဇွန် ၄ ရက်နေ့မှာ တရားမဝင် ရောက်လာခဲ့တာပါ။  လူနာအမှတ် ၂၅၀ ဟာ ဘူးသီးတောင်မြို့နယ်၊ ကျောက်လှပြင်ကျေးရွာကဖြစ်ပြီး သူနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေအားလုံးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲ စစ်ဆေးရာမှာ ၂ ကြိမ်လုံး Negative ပြတဲ့အတွက် အားလုံး အသွားအလာ ကန့်သတ်မှုမရှိတော့ဘူးလို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၄ ဦး၊ သံတွဲမှာ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ရှိပါတယ်။  သံတွဲမြို့က ၁ ဦး၊ တောင်ကုတ်မြို့က ၁ ဦး၊ မောင်တောမြို့က ၃ ဦးနဲ့ ဘူးသီးတောင်မြို့က ၁ ဦးတို့မှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့တာကြောင့် ဆေးရုံဆင်းခွင့် ရရှိသွားခဲ့ပြီး လက်ရှိမှာ ၆ ဦးသာ ကျန်တော့တယ်လို့ သိရပါတယ်။ လင်းလက်
11 months Ago

June 27, 2020

လူနာအမှတ် ၂၅၀ နှင့် ၂၆၂ တို့ကို ဒုတိယအကြိမ်စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ နဲ့ လူနာအမှတ် ၂၆၂ တို့အား ဒုတိယအကြိမ် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိတယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။ “ဒုတိယအကြိမ် စစ်ဆေးရာမှာ နှစ်ယောက်လုံး Positive ပါ။ သူတို့ကိုတော့ ရောဂါပိုးမတွေ့တဲ့အထိ စစ်ဆေးသွားရမှာပါ။ နှစ်ယောက်လုံး ကျန်ကျန်းမာမာ ရှိနေပါတယ်။” သူတို့နှစ်ဦးနဲ့ ထိတွေခဲ့သူ ၈၀ ကျော်ရဲ့ နှာခေါင်းနှင့် အာခေါင်တို့ပတ်တွေ ပထမအကြိမ် စစ်ဆေးတာမှာ အားလုံး Negative ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ထပ်စစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့မှာ ထမဆုံးတွေ့ရှိတဲ့ လူနာအမှတ် ၂၅၀ အမျိုးသားဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဇွန် ၄ ရက်နေ့က ပြန်လည်ခိုးဝင်လာသူဖြစ်ပါတယ်။ ဘူးသီးတောင်မြို့က အသက် ၆၃ နှစ်အရွယ် ဒုတိယမြောက် လူနာအမှတ် ၂၆၂ ကတော့ နာတာရှည်ရောဂါသည်တဦးဖြစ်ပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ ဆေးကုသမှုခံယူခဲ့ပြီး မေလဆန်းပိုင်းက ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ မောင်တောခရိုင်မှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ၇ ဦးနဲ့ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံမှာ ၂ ဦး ဆေးကုသမှု ခံယူနေပါတယ်။ မောင်တောမြို့က ဒုတိယပိုးတွေ့လူနာ ၂၄၄ ကို တတိယအကြိမ် စစ်ဆေးရာမှာ ပိုးမတွေ့ရှိရတော့ပေမဲ့ ဆေးရုံမှာ နောက်နှစ်ပတ်အထိ စောင့်ကြည့်ထားမှာ ဖြစ်ပါတယ်။
11 months Ago
Up