လူထုဒေါ်အမာ

November 26, 2015

လူထုဒေါ်အမာ အနှစ် ၁၀၀ ပြည့်

နိုဝင်ဘာလ ၂၉ ရက်နေ့ဆိုရင် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ ရောက်ပါပြီ။ လူထုသတင်းစာနဲ့ စာအုပ်တိုက်ရဲ့ မူပိုင်ထုတ်လုပ်သူလည်းဖြစ်သလို ပြည်သူဘက်ကပဲ အမြဲရပ်တည်ခဲ့လို့ ပြည်သူရဲ့ ချစ်ခြင်းမေတ္တာကို အမြဲခံယူခဲ့ရတဲ့ သတင်းစာဆရာမကြီး၊ လူထုအတွက် အကျိုးပြုတဲ့ စာအုပ်ပေါင်းများစွာ ရေးခဲ့တဲ့ စာရေးဆရာမကြီး၊ သူ့ကို လေးစားချစ်ခင်ရင်းနှီးတဲ့ လူငယ်တွေက အမေမာလို့ ချစ်စနိုး ခေါ်ကြတယ်။ 12278977_1643443659251168_7996668911070838848_n အမေမာကို  ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေးမြို့မှာ မွေးဖွားခဲ့တာဖြစ်လို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဟာ အမေမာမွေးတာ နှစ် ၁၀၀ ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်အချိန်ကြီးမှာ လူတယောက်ဟာ နာမည်တလုံးကို အပွန်းအစင်းမရှိ ထိန်းသိမ်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲလွန်းလှပေမယ့် အမေမာကတော့ သူ့ရဲ့နာမည်ကို သူသေဆုံးပြီး နှစ်များစွာကြာတဲ့အချိန်အထိ ဖြူစင်တောက်ပစွာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မြန်မာစာပေလောက၊ မြန်မာ့နိုင်ငံရေးလောက၊ မြန်မာသတင်းစာဆရာလောကမှာ လူထုဒေါ်အမာဆိုတဲ့ နာမည်ဟာ ဘယ်တော့မှ သေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဘက်က တလျှောက်လုံး ရပ်တည်ခဲ့တဲ့ သူမရဲ့လုပ်ရပ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့ ဘယ်တော့မှ မသွေဖည်ဘဲ ပြည်သူနဲ့တသားတည်း စဉ်ဆက်မပြတ် ရပ်တည်ခဲ့တယ်။ အခုဆိုရင် အမေမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပနိုင်ဖို့ မန္တလေး စာပေနယ် အသိုက်အ၀န်းက လူကြီးနဲ့လူငယ်တွေ အကုန်လုံးဟာ သိပ်ကို တက်ကြွနေကြပါပြီ။ ဒီပွဲကို လူထုစာအုပ်တိုက် မိသားစုက ဦးဆောင်စီစဉ်တာဖြစ်ပြီး စာပေအသိုင်းအ၀န်းက ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြမှာပါ။ မွေးနေ့မရောက်ခင် ၉ ရက်အလို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပွဲအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ မန္တလေးအခြေစိုက် စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ၊ သတင်းမီဒီယာသမားတွေ အကုန်လုံး အသေးစိတ် စုစည်းတိုင်ပင်ခဲ့ကြပါတယ်။ ဘယ်သူက ဘာကော်မတီမှာ တာဝန်ယူဖို့၊ ဘယ်သူက ပွဲစီစဉ်ဖို့ ၊ ဘယ်သူက လုံခြုံရေးစီစဉ်ပေးဖို့ စသဖြင့်ပေါ့။ ဒီပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်ဖို့အတွက် စာပေနယ်ကလူတွေ အကုန်လုံး  ၀ိုင်းဝန်းကူညီဖို့ တက်ကြွနေကြတာပါ။ ပွဲကို လူသိများလာဖို့ ‘လူထုဒေါ်အမာ အနှစ် - ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ’ ဆိုတဲ့အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုကိုလည်း ဖွင့်ထားပြီးပြီ။ အဲ့ဒီစာမျက်နှာကနေ မွေးနေ့ပွဲနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေ အကုန်တင်ပေးနေတယ်။ 12241212_1643931332535734_4639047558753072809_nနိုဝင်ဘာလ ၂၉ ရက်နေ့မှာ အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်ထဲက  သူဌေးဘုရားရင်ပြင်မှာ ကျင်းပကြမှာပါ။ အမေလူထုဒေါ်အမာအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းမယ်၊ စုပေါင်းပြီး အမှတ်တရ စကားပြောကြမယ်။ အနယ်နယ်အရပ်ရပ်က ကြွရောက်လာကြမယ့် ဧည့်သည်တွေကို တောင်လေးလုံးကျောင်းရဲ့ နာမည်ကျော် ၀က်သားဟင်းလေး၊ ကသည်းချက်ဟင်းနဲ့ နေ့လယ်စာထမင်း တည်ခင်းဧည့်ခံမှာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့မတိုင်ခင် ၂၆ ရက်၊ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာတော့ မန္တလေးမြို့ပေါ်က ဓမ္မသာလာခန်းမမှာ အထိမ်းအမှတ်ပွဲတွေ လုပ်မှာပါ။ အမေမာရဲ့ လက်ရေးမူ မူရင်းတွေ၊ ဓာတ်ပုံတွေကို ပြသမှာဖြစ်ပြီး အမေမာရေးခဲ့တဲ့ စာအုပ်တွေကို တစုတစည်းတည်း ၀ယ်လို့ရအောင်လည်း စီစဉ်ထားမှာ ဖြစ်ပါတယ်။ အမေမာရေးပြီး တခါမှ မထုတ်ဖြစ်သေးတဲ့ စာအုပ်တွေကိုလည်း အဲ့ဒီနေ့တွေမှာပဲ အလွယ်တကူ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စာအုပ်တွေအပြင် အခြား အထိမ်းအမှတ်ပစ္စည်းတွေပါ ၀ယ်ယူနိုင်ဦးမှာပါ။ ဒီ ၃ ရက်စလုံးမှာ အမေမာအတွက် အမှတ်တရ သရုပ်ပြဟောပြောမှု အစီအစဉ်နဲ့ စာတမ်းဖတ်တာတွေလည်း ပြုလုပ်ဦးမှာဖြစ်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ သားတပည့်တဦးလိုဖြစ်ခဲ့တဲ့ မန္တလေးသား စာရေးဆရာ ဆူးငှက်က ‘ပြည်သူချစ်သော လူထုဒေါ်အမာနှင့် အနုပညာသည်များ’ ဆိုတဲ့အမည်နဲ့ သရုပ်ပြဟောပြောမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီကနေ ၁၀ နာရီအထိ ပြုလုပ်မှာပါ။ မန္တလေးမြို့ရဲ့ ကျက်သရေဆောင် ‘မြို့မ’တူရိယာအသင်း၊ စိန်တင့်လွင်နဲ့ တခြားအနုပညာရှင်တွေကလည်း ၀င်ရောက်အားဖြည့်ပေးကြမှာပါ။ နိုဝင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ နေ့လည်တွေမှာတော့ အမေမာအတွက် အမှတ်တရ စာတမ်းတွေ ဖတ်ကြမှာပါ။ ၁ ရက်ကို ၄ စောင်နှုန်းနဲ့ စုစုပေါင်း ၈ စောင်ဖတ်ကြမယ်။ လူထုစာကြည့်တိုက်က စာကြည့်တိုက်မှူး ဆရာအောင်မြင့်ဦး၊ ဆရာမခင်နှင်းဦး၊ ဆရာနေယု၊ ဆရာညီစေမင်း၊ ဆရာကြည်နိုင်၊ ဆရာထက်မြက်၊ ဆရာစိုးကျော်သူ၊ ဆရာကျော်ရင်မြင့်တို့က စာတမ်းတွေ အသီးသီး ဖတ်ကြမှာပဲ ဖြစ်ပါတယ်။ ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ မွေးနေ့အထိမ်းအမှတ်ပွဲကို အမရပူရမြို့က တောင်လေးလုံးကျောင်းမှာ ကျင်းပမယ်။ အဲဒီမှာ ကျင်းပမှာ ဖြစ်ပေမယ့်လည်း ဓမ္မသာလာခန်းမမှာပဲ တနေကုန် စာအုပ်အရောင်းပွဲနဲ့ ပြခန်းတွေ တဆက်တည်း ဖွင့်သွားဦးမှာပါ။ မွေးနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီထိ ဖွင့်ပေးပြီးရင်တော့ အမေမာရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားကြီးဟာ ပြီးဆုံးပါပြီ။ ဒီ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာပဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ကိုလည်း သူမွေးဖွားရာ ဇာတိဖြစ်တဲ့ နတ်မောက်မြို့မှာ ကြီးကြီးကျယ်ကျယ် ကျင်းပနိုင်ခဲ့ပါတယ်။ အခု လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ကိုလည်း မကြာခင်မှာ အောင်အောင်မြင်မြင် ကျင်းပတော့မှာပါ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အဓိကကျတဲ့ အခန်းနေရာက အသီးသီးပါဝင်ခဲ့ကြတဲ့ ဗိုလ်ချုပ်တို့၊ အမေမာတို့ရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့တွေ အသီးသီး ကျင်းပနိုင်တော့မှာဖြစ်လို့ ဒီ ၂၀၁၅ ခုနှစ်ဟာ တော်တော်ကို အဓိပ္ပာယ်ပြည့်ဝပြီး မင်္ဂလာရှိတဲ့နှစ် ဖြစ်သွားတော့မှာ အသေအချာပဲ ဖြစ်ပါတယ်။ လူထုဒေါ်အမာ ကိုယ်ရေးအကျဉ်း သတင်းစာဆရာနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က မန္တလေးမြို့ ဂုန္တန်ရပ်မှာ မွေးဖွားခဲ့ပါတယ်။ အဖ ဦးထင်နဲ့ အမိ ဒေါ်စုတို့ရဲ့ မွေးချင်း ၁၂ ယောက်အနက် စတုတ္ထမြောက် သမီးဖြစ်ပြီး အမျိုးသမီးနေရှင်နယ်ကျောင်း၊ အေဘီအမ်ကျောင်းနဲ့ ဗဟိုအမျိုးသားအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။ ၁၉၃၃ မှ ၁၉၃၅ ခုနှစ်အထိ မန္တလေးဥပစာကောလိပ်၊ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ဘီအေတန်းတက်ရင်း ဒုတိယကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တယ်။ အိုးဝေ၊ ကြီးပွားရေး၊ ဘားမားဂျာနယ်တို့မှာ ခင်လဝင်း၊ မြမဉ္စူ  စတဲ့ကလောင်များနှင့် စာရေးခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ကြီးပွားရေးဦးလှနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှာ လူထုဂျာနယ် လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ မှ လူထုသတင်းစာ အယ်ဒီတာများအဖြစ် ဆောင်ရွက်ခဲ့ကာ သတင်းစာခေါင်းကြီးများ၊ သတင်းဆောင်းပါးများ၊ နိုင်ငံရေးဝေဖန်ချက်များ၊ ယဉ်ကျေးမှုရေးရာ စာတမ်းများ၊ ဆောင်းပါးများ၊ ဘာသာပြန်များ စတဲ့ စာအုပ်စာတမ်းများစွာ ရေးသားပြုစုခဲ့တယ်။ ကိုစိုးဝင်း၊ ဒေါက်တာသန်းရင်မာ၊ ကိုသံချောင်း၊ မတင်ဝင်းနဲ့ ကိုငြိမ်းချမ်း စတဲ့ သားသမီး ၅ ယောက် ထွန်းကားပါတယ်။ သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပြည်သူလူထုဘက်က အစဉ်တစိုက် ရပ်တည်ရေးသားခဲ့တာကြောင့် လူထုမိခင်၊ စာပေမိခင်ကြီးအဖြစ် လေးစားကြည်ညိုခြင်း ခံခဲ့ရသူလည်း ဖြစ်ခဲ့တယ်။ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ ကွယ်လွန်ပါတယ်။ ဓာတ်ပုံ - ‘လူထုဒေါ်အမာ အနှစ် - ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ’ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အေးမွန်ရာပြည့်
5 years Ago

“ငါတို့နှစ်ယောက် ပြန်တွေ့ကြဦးမယ်လေ၊ ငါစောင့်နေမယ်” လို့ အမေက စကားပါးတယ် - ရဲဘော်ဖိုးသံချောင်း

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့် ရာပြည့်ပွဲတော်ကို မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ဓမ္မသာလခန်းမမှာ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ လေးရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။ ဒီရာပြည့်ပွဲတော်မှာ လူထုဒေါ်အမာနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံ၊ စာအုပ်နဲ့ လက်ရေးမူပြပွဲနဲ့ အထိမ်းအမှတ်ပစ္စည်း ဈေးရောင်းပွဲတော်တွေ ထည့်သွင်းထားပါတယ်။ ဒီပွဲတော်ကို နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ်ပေါင်းသုံးဆယ်ကျော် ပြည်ပနိုင်ငံမှာ ရောက်ရှိနေတဲ့ သားကြီးဖြစ်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်း တက်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး။ လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ရဲဘော်ဖိုးသံချောင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အမေ လူထုဒေါ်အမာရဲ့ ရာပြည့်ပွဲတော်ကို မန္တလေးမှာ ခမ်းခမ်းနားနား ကျင်းပကြဖို့ ပြင်ဆင်နေပါတယ်။ အမေရဲ့ နှစ်တရာပြည့်မှာ အဝေးရောက်နေတဲ့ သားတယောက်အနေနဲ့ ရင်ထဲမှာ ဘာဖြစ်ချင်ပါသလဲ။ "ဟုတ်ကဲ့ခင်ဗျ။ ကျနော် မှန်တာပြောရရင်တော့ အမေ့ကိုဂုဏ်ပြုတဲ့ အခမ်းအနားကို ကျနော် သားတယောက်အနေနဲ့ တကယ်ပဲ တက်ချင်ပါတယ်။ သူများနည်းတူပဲ ကျနော်လည်း အဲဒီမှာရှိချင်တယ်။ သူများတွေ အမေ့အကြောင်း ပြောကြတာတွေကို နားထောင်ချင်ပါတယ်။ နားနဲ့ဆတ်ဆတ် ကြားရတာဟာ သတင်းစာထဲဖတ်ရတာ၊ ရေဒီယိုထဲကတဆင့် တိုတိုတောင်းတောင်း နားထောင်ရတာထက် အများကြီး ပိုကောင်းတယ်လို့ ထင်တယ်။ နောက်ပြီးကျတော့ တက်ရောက်လာတဲ့လူတွေရဲ့ မျက်နှာတွေကို ကြည့်ရင်းနဲ့လည်း ခံစားမှုတွေ တဖွားဖွားဖြစ်ပေါ်မယ်လို့ ကျနော့်ကိုယ်ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့် အခြေအနေအရ ကျနော် မတက်နိုင်ပါဘူး။ အဲဒီတော့ ကျနော်နားလည်မိတာကတော့ ဒီကနေ့ ဗမာပြည်က လူတွေဟာ၊ ဗမာပြည်သားတွေဟာ အမေ့ကို ဂုဏ်ပြုကြတယ်။ အမေရဲ့ အမေလုပ်ခဲ့တဲ့ လုပ်ငန်းတွေကို သူတို့ ဆက်ပြီးတော့ လုပ်မယ်ဆိုတဲ့ တာဝန်ယူမှုစိတ်တွေ ရှိနေသေးတယ်လို့ ကျနော်ယုံကြည်လို့ ၀မ်းမြောက်ရပါတယ်ခင်ဗျ။ တကယ်ကျတော့ အမေလျှောက်သွားတဲ့လမ်းဟာ မဆုံးသေးပါဘူး။ အဘက်ဘက်မှာပါ၊ နိုင်ငံရေးတခုတည်း ပြောတာမဟုတ်ပါဘူး၊ စာပေရေးရာမှာရော၊ တခြားဘက်တွေမှာပါ ယဉ်ကျေးမှုရေးရာတွေမှာရော။ အမေလုပ်သွားတဲ့ဟာတွေ၊ စခဲ့တဲ့ဟာတွေ မပြီးသေးတာတွေ အများကြီးပဲ။ အဲဒီဟာကို ကျနော်တို့တိုင်းပြည်က၊ နယ်ပယ်အသီးသီးကလူတွေ အားလုံးကြိုးစားပြီး ဆက်လုပ်ကြရဦးမှာ ရှိပါတယ်။ အဲဒီအတွက် ဒီမှာလာ စုဝေးကြတာကို ကျနော် ၀မ်းမြောက်ဝမ်းသာနဲ့ ပါဝင်ချင်ပါတယ်။ ဒါပေမယ့် မပါနိုင်တဲ့အခါမှာ အားလုံးကို ဒီကနေပြီးတော့ ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျ။" အန်ကယ့်ဖေဖေနဲ့မေမေဟာ နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာတွေ ဖြစ်ကြတယ်။ ဒီလိုမျိုးမိဘတွေရဲ့ ရင်ခွင်ကနေ အန်ကယ် အဝေးကို ရောက်သွားတာကလေ ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိအောင် ရိုက်ခတ်မှုတွေကြောင့် ဖြစ်ခဲ့ရတာလဲ။ ပြန်တွေ့ခွင့် မရတော့ဘူးနော်။ "ဟုတ်ပါတယ်။ ကျနော် ပြည်ပကို၊ ပြည်ပကို ရောက်သွားတဲ့အကြောင်းက၊ အဓိကအကြောင်းက ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပါတယ်။ အခုလည်း ကျနော် ပြန်ဝင်လို့ မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဟာ သဏ္ဌာန်တခုနဲ့ တည်ရှိနေသေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီစစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဗမာပြည်ကနေပြီးတော့ ချေဖျက်ပစ်နိုင်မှ၊ ဖျောက်ဖျက်ပစ်နိုင်မှ ကျနော်တို့လိုလူတွေ၊ ကျနော်တယောက်တည်း မဟုတ်ပါဘူး၊ တခြားလည်း အများကြီး ရှိပါသေးတယ်။ ကိုယ့်တိုင်းပြည်ကို တခြားနိုင်ငံသားများနည်းတူ တိုင်းပြည်တာဝန်ထမ်း၊ ပြည်သူလူထုကို အကျိုးပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။" အန်ကယ် ဖေဖေ၊ မေမေကိုခွဲခွာပြီး တနယ်ရပ်ခြားကို ထွက်သွားတာ ဘယ်အရွယ်လောက်ကလဲ။ သူတို့နဲ့ပတ်သက်လို့ အန်ကယ့်ဘ၀မှာ ဘယ်လိုမှတ်သားထားတာတွေအနက် သတိအရဆုံး အချက်တချက်လောက် ပြောပြပါလား။ "ကျနော် ထောင်ကလွတ်လာတာ၊ ကိုကိုးကျွန်းက ပြန်လာ၊ ကိုကိုးကျွန်းက ပြန်လာပြီး အင်းစိန်ထောင်ကနေ လွတ်လာတာဟာ ၁၉၇၂ ခုနှစ်လယ်မှာ။ နောက်ပြီး ထောင်ကလွတ်တဲ့ဟာကျတော့ ၁၉၇၆ ခုနှစ်။ အဲလိုလွတ်လာတဲ့အခါမှာ ကျနော် အိမ်မှာ ၄ နှစ်ပဲ နေရပါတယ်။ ကျနော့်အိမ်မှာ လာဖမ်းတဲ့အခါမှာ ကျနော်ထွက်ပြေးလာပါတယ်။ အဲဒီတော့ ကျနော်ထွက်ပြေးတဲ့အခါမှာ ကျနော့်ကို ထွက်ပြေးအောင် ကူညီပေးခဲ့တာ၊ နောက်ဖေးတံခါး ဖွင့်ပေးခဲ့တာ ကျနော့်အမေပါ။ ကျနော်တို့နှစ်ယောက် တီးတိုးပြီးတော့ သူက ဖွင့်ပေးပြီးတဲ့အခါ ကျနော့်ကို မေးထိုးပြလိုက်တာနဲ့ ကျနော် အဲဒီက ထွက်ပြေးတာပါ။ အဖေက အဲဒီအချိန်က ကျနော့်ကို ကြည့်နေပါတယ်။ အဖေကလည်း ဖမ်းသွားတော့မယ်ဆိုပြီးတော့ သားကို မျက်စိအောက်က အပျောက်မခံ ကြည့်နေတဲ့သဘောမျိုးပါ၊ အမေကလည်း ကြည့်နေပါတယ်။ အဲဒီကြားထဲက ကျနော် သူတို့ကို နှုတ်မဆက်နိုင်၊ မကန်တော့နိုင်ဘဲ ထွက်ခဲ့ရတာ ဖြစ်တဲ့အတွက် ကျနော် အခုထိ စိတ်မကောင်းကြီးခြင်း ဖြစ်ရပါတယ်။" အန်ကယ်အပါအ၀င် မြန်မာ့နိုင်ငံရေးလောကမှာ ကျင်လည်သူတွေဟာ လောကဓံ အထုအထောင်း ခံခဲ့ရတာကတော့ အထူးတလည် ပြောစရာမရှိပါဘူး။ အဲဒီတော့ အန်ကယ် နှစ်ပေါင်းများစွာ မိဘနဲ့ကင်းကွာပြီး၊ နိုင်ငံသားတွေနဲ့ ကင်းကွာပြီး ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်တာက အမေ့ဆီက ဘာအမွေတွေ ရခဲ့လဲခင်ဗျ။ "ကျနော့်အဖေနဲ့ အမေဟာ သူတို့ယုံကြည်တာကို စွဲစွဲမြဲမြဲလုပ်တယ်။ သူတို့မှာ မူရှိတယ်။ ဘ၀နေထိုင်မှုနဲ့ ပတ်သက်ပြီး၊ ပြောဆိုမှုနဲ့ ပတ်သက်ပြီး အမြဲတမ်း မူရှိတယ်။ ရေးတာဆိုတာ ပြောဖို့မလိုဘူး။ အဲဒီမူပေါ်မှာ ကြံ့ကြံ့ခံရပ်တည်တယ်။ မူကို သူတို့ အလွယ်တကူ အလျှော့မပေးဘူး၊ မစွန့်လွှတ်ဘူး။ ကျနော် အဲဒီဟာကို သူတို့ဆီက အမွေရတာပါ။ အဲလိုပြောလို့ရပါတယ်။ အတိအကျပြောလို့ရပါတယ်။" အန်ကယ့်ဘ၀မှာ အမေနဲ့ပတ်သက်လို့ အမှတ်တရရှိတာလေးကို ပြောပြပါခင်ဗျ။ ဘာတွေများ ပြောစရာရှိမလဲ။ "ကျနော်ကတော့ အမှတ်တရတွေ အများကြီးဗျ၊ ပြောရမှာ ခက်တော့ခက်သားပဲ။ အများကြီးဆိုတဲ့အထဲမှာ ငယ်ငယ်လေးတုန်းကရှိခဲ့တဲ့ အမှတ်တရတွေလည်း မှတ်မိနေသေးတယ်။ ကြီးမှ သူနဲ့ပတ်သက်တဲ့ မမေ့နိုင်တဲ့ ကိစ္စတွေလည်း အများကြီးပါ။ နောက်ဆုံးပြောချင်တာကတော့ သူနဲ့ကျနော်နဲ့ကွဲပြီး အနှစ် ၂၀ ကျော်လောက် ကြာတဲ့အခါမှာ ကျနော့်ဆီကို လူကြုံနဲ့ပါးတဲ့စကားလေး “ငါတို့နှစ်ယောက် ပြန်တွေ့ကြဦးမယ်လေ၊ ငါစောင့်နေမယ်” ဆိုတာမျိုး အမေပြောပါတယ်။ အဲဒီတော့ အဲဒီဟာလေးက အကောင်အထည် မဖော်တဲ့အတွက် အမေ့ကို ကျနော် အများကြီး “သြော် ကိုယ့်ဘက်ကများ ချို့ယွင်းသွားလေသလား” ဆိုပြီးတော့ အမေ့ကို အများကြီး ကျနော် တောင်းပန်ချင်တဲ့ဟာမျိုး ရှိပါတယ်။ ခုထိ အဲဒီခံစားမှုတွေ ကျနော့်စိတ်ထဲမှာ ရှိနေပါတယ်။ အမေ့အပေါ်မှာ တာဝန်များ ပျက်သွားလေသလား၊ အဲဒီလို။ ဒါပေမယ့်လည်း တဘက်မှာတော့ အမေလည်း နားလည်နိုင်မှာပါဆိုပြီး ပြန်ဖြေပါတယ်ခင်ဗျ။"
5 years Ago

November 25, 2015

Up