လိုင်ယွန်

July 12, 2019

လိုင်ယွန်က အသင်းခေါင်းဆောင် နေဘယ်လ် ဖက်ကီရာကို ထွက်ခွင့်မပေး

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်အသင်းတွေက ချိတ်ဆက်နေပေမယ့် လိုင်ယွန်အသင်းကတော့ အသင်းခေါင်းဆောင် နေဘယ်လ် ဖက်ကီရာကို ထွက်ခွာခွင့် မပေးတော့ဘူးလို့ သိရပါတယ်။ ကမ္ဘာ့ဖလားရရှိထားတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဖက်ကီရာဟာ ကြယ်ပွင့် ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး ဥရောပကလပ်အသင်းကြီး အတော်များများက စိတ်ဝင်စားနေကြတာပါ။ ဖက်ကီရာ ကိုယ်တိုင်ကတော့ အသင်းကနေ ထွက်ခွာလိုကြောင်း ပြီးခဲ့တဲ့ရာသီကတည်းက ပြောကြားထားပြီး လီဗာပူးအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် သဘောတူညီချက် မရခဲ့လို့ ပြင်သစ်ကလပ်မှာ ဆက်ရှိနေတာပါ။ လိုင်ယွန်အသင်းဟာ သူတို့ရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဒေါန်ဘီလီ၊ မန်ဒီတို့လို ကစားသမားတွေကို စပါးနဲ့ ရီးရဲလ်မက်ဒရစ်တို့ထံ ရောင်းထုတ်ခဲ့ရလို့ ဒီပေး၊ မိုဆာဒမ်ဘီလီ၊ အော်ရူအာတို့လို ကစားသမားတွေအပြင် အသင်းခေါင်းဆောင် ဖက်ကီရာကိုပါ စာချုပ်ကုန်ချိန်ထိ ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။ ဖက်ကီရာဟာ တရာသီသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာကြောင့် အခုရာသီ မထွက်ခွာဖြစ်ခဲ့ပါက နောက်ရာသီ သေချာပေါက် အသင်းပြောင်းရွှေ့မယ့် ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။
2 years Ago

June 13, 2019

လိုင်ယွန်နောက်ခံလူ မန်ဒီကို ရီးရဲလ်မက်ဒရစ် ခေါ်ယူ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်း ဘယ်နောက်ခံလူ ဖာလန် မန်ဒီကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် နောက်တန်းကစားသမား မန်ဒီကို ရီးရဲလ်က ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ စပိန်ထိပ်သီး ရီးရဲလ်ဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာဇက်ကိုလည်း ချဲလ်ဆီးကနေ ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့ ခေါ်ယူထားပါတယ်။ ဒါ့အပြင် ဖရန့်ဖတ်တိုက်စစ်မှူး ဂျိုဗစ်ကိုလည်း ပေါင် ၅၃ သန်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခေါ်ယူထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ လောက် အသုံးပြုပြီး ကစားသမားတွေ ခေါ်ယူထားပါတယ်။
2 years Ago
More News
Up