လုယက်မှု

August 22, 2018

ဘဏ်မှ ဒေါ်လာ ၇ သောင်းခွဲ ထုတ်လာသည့် အမျိုးသမီးကို လုယက်သူများအား ဖမ်းဆီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်တဲ့အထိ ဖြစ်စေခဲ့တဲ့ ငွေလုယက်မှုနဲ့ ပတ်သက်ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသားနှစ်ဦးဟာ ဘဏ်တခုကနေ ဒေါ်လာ ခုနှစ်သောင်းခွဲ ထုတ်လာတဲ့ အမျိုးသမီးတဦးဆီကနေ ငွေလုဖို့ ကြိုးပမ်းခဲ့တာပါ။ လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာတော့ လုယက်ခံရသူ အမျိုးသမီးဟာ သူ့ပိုက်ဆံအိတ် ပါမသွားအောင် အတော့်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်။ အမျိုးသမီးရဲ့ခင်ပွန်းက လုယက်သူတဦးနဲ့ သတ်ပုတ်နေချိန်မှာ လုယက်သူတဦးက အမျိုးသမီးကို ကားနဲ့တက်ကြိတ်တာကို မြင်တွေ့ရပါတယ်။ ဒီ့နောက်မှာတော့ ရဲက လုယက်သူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ သူတို့နဲ့ ချိတ်ဆက်နေတဲ့ မသင်္ကာသူ အမျိုးသမီးကိုတော့ နောက်ပိုင်းမှာ ရဲက ဖမ်းဆီးလိုက်တာပါ။ ဒီရုပ်သံဖိုင်ကို ဒေသန္တရ ရဲတပ်ဖွဲ့က အင်တာနက် အွန်လိုင်းပေါ် တင်ခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ များပြားခဲ့ပါတယ်။
3 years Ago

April 2, 2018

မြစ်ကြီးနားတွင် ရွှေဆိုင်ပိုင်ရှင်အား ဓားဖြင့်ထိုးကာ လုယက်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်မှာ ဧပြီ ၁ ရက် မနက် ၉ နာရီလောက်က ရွှေဆိုင်ပိုင်ရှင်ကို ဓားနဲ့ထိုးကာ ဆိုင်ခင်းရောင်းချမယ့် ရွှေထည်သုံးပိဿာ၊ ငွေကျပ် သိန်း၂ဝဝ နဲ့ ဆိုင်ပိုင်ရှင်ရဲ့ကားကို လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။ မြစ်ကြီးနားမြို့ မြို့မရပ်ကွက် ရတနာလမ်းရှိ ဆိုင်ခန်းအမှတ် (၉၁/၉၂) မှာ ဖွင့်လှစ်ထားတဲ့ ‘ကျော်မြန်မာ’ ရွှေရတနာရောင်းဝယ်ရေး ဆိုင်ခန်းပိုင်ရှင် ဦးကျော်ထွန်း(၄၄-နှစ်)ဟာ ဆိုင်ဖွင့်ဖို့ ဆိုင်ခန်းတံခါးသော့ဖွင့်ပြီး အထဲကို ဝင်ရောက်ချိန် မိုးကာအင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားနှစ်ဦးက အတူဝင်ရောက်ပြီး ဦးကျော်ထွန်းကို ဓားနဲ့ထောက်ကာ ဆိုင်ခန်းထဲက အိမ်သာထဲမှာ သော့ခတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒီနောက် ဆိုင်မှာ ခင်းကျင်းရောင်းချမယ့် ရွှေထည်ပစ္စည်း သုံးပိဿာ ထည့်ထားတဲ့အိတ်နဲ့ ငွေသားကျပ်သိန်း ၂ဝဝ ထည့်ထားတဲ့အိတ်ကိုယူကာ အိမ်သာတံခါးဖွင့်ပြီး ဦးကျော်ထွန်းကို ဓားနဲ့ထိုးခဲ့လို့  ဦးကျော်ထွန်းရဲ့ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတချက် ရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ လုယက်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးဟာ ဦးကျော်ထွန်း စီးနင်းလာတဲ့ BELTA အမျိုးအစား နံပါတ်ပါ ငွေမင်ရောင် မော်တော်ယာဉ်ကို မောင်းနှင် ထွက်ပြေးသွားတာကြောင့် မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ-မြန်မာ့အလင်း
3 years Ago
More News
Up