လိုက်ပါလာသည့်

February 4, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဦးလိုက်ပါလာသည့် ဂျပန်ဇိမ်ခံသင်္ဘောကို သီးသန့်ထား

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ဆီ ဦးတည်သွားနေတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောတစီးပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဟောင်ကောင်သားတယောက် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရအပြီးမှာ အဲဒီသင်္ဘောတစီးလုံးကို ရောဂါခြေချုပ်နဲ့ သီးသန့်ထားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ အသက် ၈၀ အရွယ် ဟောင်ကောင်သားဟာ ဂျပန်ကို ပြီးခဲ့တဲ့လက လေယာဉ်နဲ့လာပြီး Carnival Japan ကော်ပိုရေးရှင်းပိုင် Diamond Princess ဇိမ်ခံသင်္ဘောကို စီးခဲ့တယ်။ ဇန်နဝါရီ ၂၅ ရက်က သင်္ဘောပေါ်ကနေ ပြန်သွားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ အဲဒီခရီးသည်ဟာ သင်္ဘောပေါ်က မဆင်းခင် ချောင်းဆိုးနေပေမယ့် ဇန်နဝါရီ ၃၀ ထိ မဖျားခဲ့ဘူးလို့လည်း NHK  သတင်းမှာဖော်ပြခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။ ဖောက်သည်တွေ ရောဂါကူးစက်ခံအဖြစ် စမ်းသပ်ချက်ရလဒ် ထွက်လာခဲ့ရင် ရောက်လာတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေကို ပြန်စစ်ဆေးတာဟာ သင်္ဘောရဲ့ ပုံမှန်စံချိန် အလေ့အကျင့်ပဲလို့ ဇိမ်ခံသင်္ဘောတာဝန်ခံက ပြောပါတယ်။ ဝန်ထမ်းအားလုံးနဲ့ ဧည့်သည်အားလုံးရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးတာခံယူဖို့ ဂျပန် ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေကိုခွင့်ပြုရေးအတွက် သင်္ဘောကို ပြန်လှည့်ဖို့ အချိန် ၂၄ နာရီလောက် နောက်ကျခဲ့တယ်လို့ သင်္ဘောကုမ္ပဏီက အတည်ပြုထားပါတယ်။ ဇိမ်ခံသင်္ဘောပေါ်မှာ လောလောဆယ် ခရီးသည် ၂၆၆၆ ယောက်နဲ့ ဝန်ထမ်း ၁၀၄၅ ယောက် ရှိနေပါတယ်။
1 year Ago

October 26, 2019

ရွှေနဒီ အမြန်ရေယာဉ်ပေါ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်-စစ်တွေပြေးဆွဲနေတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က အတည်ပြုပြောပါတယ်။  ဒီနေ့ နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ လုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်တာပါ။  “ရဲယူနီဖောင်းလည်း ဝတ်မထားပါဘူး။ ရေယာဉ်ပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်။ တချို့အရပ်သားတွေလည်း ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သတင်းရရှိပါတယ်။ လူဦးရေနဲ့ သတင်းအတိအကျရရင်တော့ ကျနော်တို့ ထုတ်ပြန်ပေးပါ့မယ်။ ကျနော်တို့ သိရသလောက် ၁၁ နာရီခွဲလောက်မှာ ရေယာဉ်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ကြားတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အလဲအပြောင်းလုပ်ကြတာ။ အဲဒီမှာ တာဝန်ထမ်းဆောင်ဖို့ သွားတာ ဖြစ်ပါတယ်။”  ဒီအမြန်ရေယာဉ်ဟာ အားလုံးအသုံးပြုနေတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ သုံးစွဲတဲ့အခါမှာလည်း စစ်ဆင်ရေးအတွက် သုံးတာမဟုတ်ဘူးလို့ ပြောပါတယ်။ ရွှေနဒီ အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၆ နာရီ အချိန်လောက်က စစ်တွေဆိပ်ကမ်းကနေ ထွက်ခွာပြီး ရသေ့တောင်မြို့နယ်အလွန်မှာ ရက္ခိုင့်တပ်မတော် (အေအေ) က သေနတ်ပစ် တားဆီးရပ်တန့်‌‌ခိုင်းကာ အမြန်ရေယာဉ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့၀င်တွေကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အေအေဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။ ဓာတ်ပုံ - ကောင်းကောင်း
2 years Ago
Up