လိပ်ကျွန်းအမှု

March 4, 2017

လိပ်ကျွန်းအမှု သေဒဏ်ချမှတ်ခံ မြန်မာနှစ်ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ဖို့ မတ်လ ၄ ရက် နေ့လယ် ၂ နာရီလောက်က  ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မျိုးချစ်အဖွဲ့အစည်းတွေနဲ့ ရဟန်းသံဃာတွေ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သတင်း၊ဓာတ်ပုံ-ရန်နိုင်ဇော်ဝင်း
4 years Ago

လိပ်ကျွန်းအမှု အဆင့်မြင့်တရားရုံးကို အယူခံဆက်တင်မည်ဟု သမ္မတရုံးပြောခွင့်ရ ပြော

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့  မြန်မာလုပ်သားနှစ်ဦးရဲ့ အယူခံကို အယူခံတရားရုံးက မတ်လ ၁ ရက်မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး အဆင့်မြင့်တရားရုံး (High Court) ကို ဆက်ပြီး အယူခံဝင်မယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “အခုလာမယ့် ဒုတိယ အဆင့်ကို အထူးအလေးထားပြီး လုပ်မယ်။ ဒုတိယအဆင့်မှာ အရေးကြီးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဆင့်မြင့်တရားရုံးဆိုတာက ဘယ်နိုင်ငံမဆို နောက်ဆုံး အယူခံဖြစ်တယ်။ ဒါဟာ သူတို့နှစ်ယောက်အတွက်အရေးကြီးတယ်။ အစိုးရလည်း ဒါကိုတော်တော်လေး စိတ်ပူတယ်။ စိတ်ပူတဲ့အတွက် အခုသံရုံးနဲ့ ရှေ့နေများကောင်စီနဲ့လည်း တွေ့ပြီးပြီ။ ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးထားပြီးပြီ။ အဲဒီအပေါ်မှာ ကိုအောင်မျိုးသန့် ကိုထူးချစ်တို့နဲ့ ပေါင်းပြီးတော့ ဒီကလေးနှစ်ယောက်အတွက် အစိုးရက လုပ်နိုင်သလောက် လုပ်သွားမှာဖြစ်ပါတယ်။” ဒီလူသတ်မှုမှာ တရားလိုတွေဘက်က တင်ပြထားတဲ့ သက်သေအထောက်အထားခိုင်လုံမှု မရှိသလို လူငယ် ၂ ဦးအနေနဲ့ လူသတ်မှုကျူးလွန်တယ်လို့ မယုံကြည်တာကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ ဘက်က  လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် အယူခံတရားရုံးကို ဆက်ပြီးတင်ပြခဲ့တာဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦးကို ကော့စမွီခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသတ်ခံရတဲ့ ဒေးဗစ်မေလာရဲ့မိသားစုဝင်ကတွေကတော့  သူတို့တွေကို သေဒဏ်ကနေ သက်ညှာပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ မှာဖော်ပြထားပါတယ်။
4 years Ago

January 6, 2016

သေဒဏ်ပေးခံ ၀င်းနှင့်ဇော်ကို ထိုင်းရှေ့နေများ ထောင်တွင်းသွားရောက်တွေ့ဆုံ

ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ နခွန်းစီထမရတ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အမှု လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီကရှေ့နေတွေက ဒီနေ့ သွားရောက် တွေ့ဆုံပါတယ်။ လူငယ် ၂ ဦးကို စိတ်ပိုင်းဆိုင်ရာအားပေးတဲ့အနေနဲ့ရော အယူခံဝင်မယ့်အခြေ အနေတွေကိုပါ သွားရောက်ရှင်းပြခဲ့တာလို့ သူတို့ကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ အထူးစုံစမ်းရေးအဖွဲ့က  ဦးထူးချစ်က ပြောပါတယ်။ “အယူခံဝင်မယ့်ကိစ္စ သွားရှင်းပြတာရယ်၊ သူတို့အခြေအနေရယ်၊ နောက် စိတ်ပိုင်းဆိုင်ရာကို သွားအားပေးတာရယ်၊ ထောင်တွင်းနေရတဲ့ အခြေအနေတွေ သိအောင်ရယ်ပေါ့။ ကိုယ်တောင်မှပဲ သူတို့အတွက် စာတစောင်ထည့်ပေးလိုက်တယ်လေ။ သူအမေတွေအတွက် မပူဖို့ကိစ္စ၊ ကျန်းမာရေးဂရုစိုက်ဖို့၊ ထိုင်းစာသင်ထားဖို့၊ သေဒဏ်ကတော့ တစုံတရာလွတ်မှာပဲ မပူကြဖို့ စာရေးပေးလိုက်တယ်။” ဒါ့အပြင် လူငယ်နှစ်ဦးရဲ့ မိခင်တွေကိုလည်း ဧရာဝတီဖောင်ဒေးရှင်းက ဦးဇော်ဇော်က တဦးကို ကျပ်သိန်း ၅၀ စီ လှူ ဒါန်းတဲ့အကြောင်းနဲ့ ဓာတ်ပုံတွေထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကတော့ မုဆိုးမ မိခင်တွေကို ကူညီပေးခဲ့တဲ့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ကျေးဇူးတင်ကြောင်း၊  သူတို့ လွတ်မြောက်ရေးအတွက်  ဆုတောင်းပေးနေကြတဲ့  မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေနဲ့  ထိုင်းလူမျိုးတွေအားလုံးကို ကျေးဇူးတင်ပါကြောင်းနဲ့  အမှန်တရားအတွက် ဆက်လက်ရင်ဆိုင် သွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့လည်း  နေ့စဉ်ဘုရားရှစ်ခိုး၊ တရားထိုင်နေပြီး၊ ကျန်းမာရေးကောင်းမွန်ကြောင်း ရှေ့နေတွေဆီကနေတဆင့်အကြောင်း ပြန်ခဲ့တယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့အတွက် အယူခံဝင်နိုင်ဖို့ သက်သေတွေအတွက်လည်း ကြိုစားဆက်သွယ်တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ “ကျနော်တို့သက်သေကတော့ တတ်နိုင်သမျှတော့ ဆက်သွယ်နေပါတယ်။ လောလောဆယ်မှာတော့ သက်သေတွေက တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဘက်မှာ ရှိနေတာကိုလည်း ကျနော်တို့ ဆက်သွယ်နေပါတယ်။ အကြမ်းဖျင်း ပြောရင်တော့ ၄၊ ၅ ယောက်တော့ ရနေပါပြီ။ ဒါပေမယ့် ဒီသက်သေတွေဟာ ဘယ်လိုအရည်အချင်း၊ ဘယ်လောက်ရည်အချင်းရှိတယ်ဆိုတာ လူတွေ့စစ်ဆေးနိုင်မှ ရမယ့်အနေအထားပါ။ ဒီသက်သေက တကယ်တမ်း တရားခွင်မှာ ထိရောက်တဲ့သက်သေဖြစ်ရင် ကျနော်တို့ တရားခွင်တင်နိုင်အောင် ကြိုးစားမှာပါ။ ဒါပေမယ့် ဒုတိယအဆင့်ဖြစ်တဲ့အတွက်ကြောင့် အများကြီးကြိုးစားရမှာပါ။” လူငယ်နှစ်ဦးရဲ့ အယူခံကို တလအတွင်းတင်ရမှာဖြစ်ပေမယ့် ရှေ့နေတွေဘက်က အချိန်တိုးပေးဖို့ တောင်းဆိုထားတဲ့အတွက် တရားရုံးကလည်း ခွင့်ပြုထားတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်လူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ကို ဒီဇင်ဘာ ၂၄ ရက်မှာ ကော့စမွီတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမျတ်ခဲ့တာဖြစ်ပါတယ်။
6 years Ago
More News
Up