ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေအိုင်ဒီအက်စ်)၊ ငွေကြေးခေါင်းပုံဖြတ်တာ၊ ရိုက်နှက်အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာ စတာတွေဟာ မြန်မာနိုင်ငံက လိင်အလုပ်သမတွေ ခေတ်အဆက်ဆက် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက အချို့ဖြစ်ပါတယ်။
လိင်အလုပ်သမတွေဟာ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အကာအကွယ်မရတဲ့အပြင် တရားမဝင်အလုပ်လို့ သတ်မှတ်ထားတာကြောင့် အချိန်မရွေးထောင်ကျတဲ့အထိ ဖြစ်သွားနိုင်ပါသေးတယ်။
ထောင်နှုတ်ခမ်းနင်းရတဲ့ အန္တရာယ်များလှတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းထဲက လိင်အလုပ်သမအချို့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လိင်အလုပ်သမအချို့က သူတို့ဟာ လိင်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ အရင်ကထက် ပိုမိုရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အရင်အချိန်တွေတုန်းကတော့ လိင်အလုပ်သမတွေ အကြမ်းဖက်ခံရရင် ကြားဝင်ကူညီပေးကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGOs)တွေ အားကောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ NGOs တွေဆီက အလားတူအကူအညီမျိုးရတာ နည်းပါးသွားခဲ့သလို ယိုင်နဲ့လာတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးအခြေအနေတွေကလည်း လိင်အလုပ်သမတွေ ပိုမိုအကြမ်းဖက်ခံကြရဖို့ ဖြစ်လာခဲ့ပါတယ်။
“ဒီကာလမှာ အနိုင်ကျင့်ခံရတာကတော့ အဆိုးဆုံးပါပဲ။ တခါမှမကြုံဖူးခဲ့တဲ့ လိင်ဆက်ဆံနည်းတွေသုံးတယ်။ ငွေမရဘဲပြန် လုယက်ခံရတယ်။ ဒီထဲမှာ အဆိုးဆုံးကတော့ ဆေးကျွေးပြီး လူအများ နဲ့အနိုင်ကျင့်ခံရတာပဲ” လို့ နစ်နာမှုရှိခဲ့တဲ့ လိင်အလုပ်သမ မပြည့်ပြည့်က ဆိုပါတယ်။
ခန္ဓာကိုယ်သွယ်သွယ်၊ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ပြည့်ပြည့်ကသူဟာ အရင်ကအိမ်အကူလုပ်ခဲ့ပေမယ့် မိသားစုစီးပွားရေးကြောင့် လိင်ဖျော်ဖြေရေးလုပ်ငန်းဆီ ရောက်လာခဲ့ရတာလို့ ဆိုပါတယ်။ မိခင်ဆုံးပါးသွားပြီးနောက် အရက်စွဲပြီး အသည်းကင်ဆာဖြစ်နေတဲ့ သူ့ဖခင်က အိမ်ထောင့်တာဝန် လစ်ဟင်းလာတာကြောင့် ငွေများများနဲ့မြန်မြန်ရတဲ့ အလုပ်ကိုလုပ်ဖို့ သူဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ကျမတို့လို ပညာမတတ်တဲ့သူတွေအတွက် အလုပ်ကြမ်းကလွဲလို့ တခြားအလုပ်မရှိဘူး။ အဲ့ဒီအလုပ်တွေကလည်း စားဖို့တောင်မရတော့ ကျန်းမာရေးဖြစ်လာရင် သေဖို့အပြင် ရွေးစရာမရှိတဲ့ဘဝတွေမို့ ဒီလိုငွေမြန်မြန်ရပြီး များများရတဲ့အလုပ်ကို လုပ်ရတာပါ” လို့ ပြည့်ပြည့်က ရှင်းပြပါတယ်။
ဒီလိင်ဖျော်ဖြေရေးအလုပ်ဟာ ငွေများများနဲ့မြန်မြန်ရတဲ့ အလုပ်ဖြစ်ပေမယ့် ထင်သလောက်လွယ်ကူတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလ လောက်က သူကြုံခဲ့ရတဲ့ အကြမ်းဖက်ခံရမှုတွေက သက်သေခံနေပါတယ်။
ထိုနေ့ညက ရန်ကုန်ကနိုက်ကလပ်တခုမှာဆုံခဲ့တဲ့ ဧည့်သည်ကခေါ်ဆောင်သွားတဲ့ ငါးထပ်တိုက်တစ်ခုရဲ့ အပေါ်ဆုံးအခန်းဆီ သူ လိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခန်းထဲက မီးရောင်မှိန်မှိန်အောက်မှာ အမျိုးသမီးအချို့နဲ့ အမျိုးသားတချို့လည်း ရှိနေပါတယ်လို့ သူကပြောပါတယ်။ သူတို့ရောက်တာနဲ့ လူတချို့ ပြန်သွားခဲ့ပြီး ပြည့်ပြည့်အပါအဝင် အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားသုံးယောက်ကျန်နေခဲ့တယ်။
“သူတို့တွေက အရက်သောက်အုံးမယ်ပြောတာနဲ့ ကျမတို့လည်း နည်းနည်းလိုက်သောက်တယ်ပေါ့။ အဲ့လိုသောက်ရင်း မူးတာလိုလို ဘာလိုလိုနဲ့လူက ခေါင်းထူမရ၊ လှုပ်မရတဲ့အချိန်မှာ ဝိုင်းပြီးအနိုင်ကျင့်လိုက်တာ။ အောက်ပိုင်းတခုလုံး သွေးတွေဗလပွနဲ့။ တိုက်အောက်ရောက်အောင် မနည်းပြန်ဆင်းခဲ့ရတယ်” လို့ ပြည့်ပြည့်က ရှင်းပြပါတယ်။
ဒီကာလမှာ အခုလိုအကြမ်းဖက်ခံရတဲ့ လိင်အလုပ်သမက သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အလားတူလုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ငွေကြေးနဲ့ ဖုန်းပါယူသွားခံခဲ့ရတဲ့ နောက်တစ်ယောက်ကတော့ အသက် ၂၀ အရွယ် မစိုးစိုးပါ။
“ပြီးခဲ့တဲ့လက ကျမနဲ့တွေ့တဲ့ဧည့်သည်က တစ်နာရီပဲခေါ်ချင်တယ်ပြောလို့ သွားတာ။ ဟိုရောက်တော့ တစ်နာရီထဲလူသုံးယောက်ဖြစ်နေလို့ ကျမက ငြင်းတာကို ဝိုင်းထိုး၊ လည်ပင်းညှစ်ပြီး ငွေမပေးဘဲ မတရားဆက်ဆံသွားတယ်” လို့ စိုးစိုးက သူ ကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီ လဆန်းပိုင်းမှာတွေ့တဲ့ ဧည့်သည်ဆိုရင် သူ သန့်စင်ခန်းဝင်နေတုန်း သူ့ရဲ့ဖုန်းနဲ့ငွေတွေ ယူပြေးသွားတာခံခဲ့ရတယ်လို့ စိုးစိုးက ပြောပါတယ်။
စိုးစိုးဟာ ဒီလိင်ဖျော်ဖြေရေး အလုပ်လုပ်နေတာ နှစ်နှစ်ကျော်ပြီဖြစ်ပေမယ့် မိသားစုကို သူဘာလုပ်နေလဲဆိုတာ ပြောမပြထားဘူးလို့ ဆိုပါတယ်။ သူ နေထိုင်တဲ့ ကျေးလက်ဘက်ဆီမှာ အလုပ်အကိုင်ရှားပါးတာကြောင့် အလယ်တန်းအောင်ချိန်မှာ မြို့တက်ပြီး အိမ်အကူလုပ်ရာကနေ မမျှော်လင့်ဘဲ လိင်အလုပ်သမဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
သူ ရောက်ခဲ့တဲ့အိမ်က အိမ်ရှင်နဲ့ မောင်နှမဝမ်းကွဲတော်စပ်တဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်က သူ့ကိုဖြားယောင်းပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါကို အိမ်ရှင်ဘက်က တိုင်တာတောတာတွေမလုပ်ဖို့ ငွေပေးနှုတ်ပိတ်ထားတဲ့အတွက် ဒီကိစ္စကို ဘယ်သူမှ မရိပ်မိခဲ့ကြဘူးလို့လည်း သူကဆိုပါတယ်။
အဆိုပါအမျိုးသားဟာ နောက်ပိုင်းမှာလည်း သူ အလိုရှိတိုင်း လာတွေ့ပြီး တစ်နှစ်လောက်ကြာချိန်မှာတော့ အပြင်ခေါ်ထုတ်ပြီး တခြားသူတွေနဲ့ ပေးတွေ့ရာကနေ ဒီလိင်ဖျော်ဖြေရေးထဲရောက်ဖို့ ဖြစ်သွားခဲ့တယ်လို့ သူကဆိုပါတယ်။
“ပြောရရင်တော့ အဲဒီလူက ခေါင်းအကြီးစားကြီးလေ။ ကျမက(တုံး)အတော့ ကိုယ့်ကို ချစ်တယ်ထင်ခဲ့တာ” လို့ စိုးစိုးက ဆိုပါတယ်။
နောက်ပိုင်းမှာ သူ့ကိုခေါ်သွားတဲ့ အမျိုးသားဆီကနေ ထွက်ပြေးလာပြီး အဖြစ်အပျက်တွေကို သူငယ်ချင်းတစ်ယောက်ထံ ပြောပြအကူအညီတောင်းတော့ သူ့အလုပ်ရှင်နဲ့ တွေ့ပေးပြီး လိင်အလုပ်သမလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့အနေနဲ့ ကိုယ်ပိုင်ဆန်ဆိုင်လေးဖွင့်နိုင်ရင် ဒီအလုပ်ကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
စိုးစိုးနည်းတူ အမျိုးသားဧည့်သည်တွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ နာကျင်စေမှုတွေကို ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ လိင်အလုပ်သမ တစ်ယောက်ကတော့ မသီရိပါ။
“ကျမအချိန်ပြည့်သွားလို့ ပြန်မယ်လုပ်တော့ ပထမတော့ ခဏနေပေးပါလို့ ပြောတယ်။ မရဘူး။ ကျမအလုပ်ရှိသေးတယ် ပြောတော့ အချိန်မပြည့်သေးဘူး ၁၀ မိနစ်လိုသေးဆိုပြီး အတင်းထိုင်ခိုင်းတယ်။ ကျမကရုန်းတော့ ကျမကို ပါးတွေနားတွေရိုက်၊ ခြေတောက်နဲ့ကန်ပြီး ငွေမပေးဘဲ အဓမ္မကျင့်တယ်”လို့ အသက်၂၅ နှစ်အရွယ် မသီရိက ပြောပါတယ်။
မသီရိဟာ ဒီလိင်ဖျော်ဖြေရေးအလုပ်ကို လုပ်လာတာ သုံးနှစ်ကျော်ရှိပါပြီ။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်ပြီးတဲ့နောက် ယောကျာ်းစွန့်ပစ်မှုက သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တယ်။
မသီရိက သူ့ယောကျာ်း ထားရစ်ခဲ့တဲ့ လောင်းကစားအကြွေးတွေကို အိမ်ပေါင်ပြီး ဆပ်နေရသလို ကျန်ခဲ့တဲ့မိခင်အိုကြီးနဲ့ လေးနှစ်အရွယ် သားငယ်လေးရဲ့ စားဝတ်နေရေးအတွက်တော့ ဒီအလုပ်ကသာ သူ့ကိုအသက်ရှူချောင်စေမယ်ထင်လို့ ဝင်လုပ်ခဲ့တာ လို့ မသီရိက ဆိုပါတယ်။
ဒါပေမဲ့ ဒီအလုပ်ဟာ ငွေမြန်မြန်ရတာမှန်ပေမယ့် ငွေကြေးရရှိမှုနဲ့ အကြမ်းဖက်ခံရမှုကို နှိုင်းယှဉ်မယ်ဆိုရင်တော့ မတန်တဆ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။ သူတို့ရဲ့ ဝင်ငွေတွေကိုလည်း ပြည့်တန်ဆာခေါင်းတွေက ချုပ်ကိုင်တတ်ပြီး ငွေကြေးအမြတ်ထုတ်တာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျမတို့အလုပ်ရဲ့ အရေးကြီးဆုံးအချက်က ဧည့်သည် စိတ်ကျေနပ်အောင် လုပ်ပေးဖို့ပါပဲ။ ဒါမဲ့တချို့ဧည့်သည်တွေက စိတ်ဒဏ်ရာရတဲ့အထိ အကြမ်းဖက်ကြတယ်။ ဥပမာ ရုတ်တရက် လည်ပင်းထညှစ်တာတို့၊ ဓားနဲ့ ရင်သားတွေ၊ မိန်းမကိုယ်ကို ကလိတာတွေပေါ့။ တခြားအကြမ်းဖက်မှုတွေဆိုရင် ပြောဖို့တောင်မသင့်ဘူး”လို့ မသီရိက ပြောပြပါတယ်။
ပြည့်တန်ဆာတွေကို တရားဝင်အကာအကွယ်ပေးတာမရှိသလို လိင်ဖျော်ဖြေရေးလုပ်ငန်းကို ဥပဒေနဲ့ တားမြစ်ထားပေမယ့် ဒီစျေးကွက်ဟာ ကြီးမားပြီး ငွေကြေးအမြတ်အစွန်းလည်း များတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးအဖွဲ့ UNAIDS ရဲ့ ၂ဝ၁၃ က ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာ အဖြစ်လုပ်ကိုင်နေသူ ခုနစ်သောင်း ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
နောက်ခံဇာတ်လမ်းအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျိုးနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းထဲ ရောက်လာကြတဲ့ အမျိုးသမီးတွေဟာ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူတွေလို့ သတ်မှတ်ခံကြရပြီး ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေနဲ့ ထောင်သွင်းအကျဥ်းချခံရတဲ့အထိလဲ အပြစ်ပေးခံရနိုင်ပါတယ်။
အဲဒီဥပဒေအရ လိင်အလုပ်သမသာ တရားစွဲခံရပြီး ပျော်ပါးသူ အမျိုးသားကတော့ တရားခံအဖြစ် မသတ်မှတ်ခံရပါဘူး။
ဒါ့ကြောင့် လိင်အလုပ်သမတွေနဲ့ သူတို့အခွင့်အရေးဆောင်ရွက်နေသူတွေက လိင်အလုပ်သမတွေအပေါ် ဥပဒေအရ အကာအကွယ်ပေးဖို့နဲ့ အကြမ်းဖက်ခံရမှုတွေအတွက် တိုင်တန်းလို့ရတဲ့နေရာတစ်ခု သတ်မှတ်ပေးဖို့ ကာလရှည်ကြာ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်လောက်က ဒါနဲ့ ပတ်သက်လို့ ဥပဒေတစ်ရပ်ပေါ်ထွက်ဖို့ လွှတ်တော်မှာ ကြိုးစားမှုတွေရှိခဲ့ပေမယ့် ဒီအပေါ်ဝေဖန်မှုက အတော်လေး မြင့်တက်ခဲ့ပြီးနောက်မှာတော့ ဒီကိစ္စက လူထုကြားမှာ ပျောက်သွားခဲ့တယ်။
သို့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ လူမူဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး အမျိုးသမီးအဖွဲ့တွေ၊ လိင်အလုပ်သမအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည့်တန်ဆာဆိုင်ရာ ဥပဒေသစ်ကို စတင်ပြင်ဆင်ရေးဆွဲနေတာရှိ ခဲ့ ပေမယ့် အတည်ပြုပြဌန်းတဲ့အဆင့်ထိမရောက်ခဲ့ပါဘူး။
အစကတည်းက ဥပဒေကြောင်းအရ အကာအကွယ်မရတဲ့အပြင် အာဏာသိမ်းပြီးတဲ့နောက် ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကြောင့် လိင်အလုပ်သမတွေဘဝဟာ ပိုမိုကျပ်တည်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
“အရင်က အဲ့လိုအနိုင်ကျင့်ခံရရင် ကူပေးတဲ့အဖွဲ့ကိုပဲဖြစ်ဖြစ် တိုင်လို့ရတော့ ကျမတို့ရဲရဲတင်းတင်း ပြန်ခုခံရဲတယ်ပေါ့။ အခု ကျ အဲ့ဒီအဖွဲ့တွေလည်းမရှိတော့ ကျမတို့လည်း အရင်လို မစွာရဲတော့ဘူး။ လုံခြုံမှုလည်း မရှိတော့ဘူး။ စိုးရိမ်စိတ်နဲ့အလုပ် လုပ်နေရတယ်” လို့ စိုးစိုးက ရှင်းပြပါတယ်။
ရှင်ငြိမ်း
hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
“ဆိုင်ကိုရောက်တာ ခြောက်လလောက်ရှိပြီ၊ စစရောက်ချင်းတုန်းကဆို ငိုတောင်ငိုတယ်၊ ထွက်ပြေးချင်တယ်”လို့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်၊ အသားလတ်လတ်နဲ့ အသက် ၂၄နှစ်အရွယ်အမျိုးသမီးတစ်ဦးက တိုးညှင်းစွာဆိုတယ်။
သူကတော့ ရန်ကုန်မှာနေထိုင်တဲ့ မဂျူးဂျူး(အမည်လွှဲ)ပါ။ မဂျူးဂျူးပြောတဲ့ ဆိုင်ဆိုတာ ကေတီဗီကို ဆိုလိုတာ ဖြစ်ပါတယ်။ မူလက လှိုင်သာယာက စက်ရုံတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး ဖေဖော်ဝါရီလလောက်က စက်ရုံက ဝန်ထမ်းလျှော့ချတဲ့ အထဲမှာပါသွားတာကြောင့် အခုကေတီဗီတစ်ခုမှာ အလုပ်ဝင်လုပ်နေတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုဒဏ်ကြောင့် စက်ရုံအလုပ်ရုံတွေယာယီပိတ်သိမ်းခဲ့သလို ဝန်ထမ်းလျော့ချမှုတွေလည်းရှိခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပိတ်သိမ်းလိုက်တဲ့စက်ရုံအရေအတွက်နဲ့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ဝန်ထမ်းအရေ အတွက် ပိုတိုးလာခဲ့ပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေ ခန့်မှန်းထားချက်အရ ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် ယာယီနဲ့ အပြီးပိတ်သိမ်းတဲ့စက်ရုံအလုပ်ရုံရာကျော်ရှိနေပြီး အလုပ်လက်မဲ့ဦးရေ လေးသိန်းနီးပါးရှိနေပါတယ်။ စက်ရုံနဲ့အထည်ချုပ် လုပ်ငန်းတွေမှာ အမျိုးသမီးအလုပ်သမား အရေအတွက်ဟာ ၉၅ ရာခိုင်နှုန်းလောက်ရှိတာကြောင့် အမျိုးသမီးအလုပ် လက်မဲ့အရေအတွက်ဟာ သုံးသိန်းနီးပါးရှိတယ်လို့ ခန်းမှန်းထားကြပါတယ်။
ဒါကြောင့် အထည်ချုပ်လုပ်ငန်းနဲ့ စက်ရုံတွေမှာအလုပ်လုပ်ကိုင်ကြတဲ့အမျိုးသမီးတွေဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင် ကြရပြီး တချို့မှာ စားဝတ်နေရေးအတွက် မလွှဲမရှောင်သာဘဲ ဝန်ဆောင်မှုပေးတဲ့ ကေတီဗီ၊ အနှိပ်ခန်း၊ သီချင်းဆိုင် (စင်တင်) တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြသလို တချို့ကတော့ လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေကြပါတယ်။
“ နိုင်ငံရေးရော ကိုဗစ်ကော ဆက်စပ်နေတဲ့အခါကျတော့ ဒီလိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်တဲ့အထဲကို ရောက်လာတာက တော့အများကြီးပဲပေါ့။
စီးပွားရေးခက်ခဲမယ်၊အိမ်ကမိသားစုတွေရဲ့ကျန်းမာရေးကြောင့်ဖြစ်မယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာကြတာဖြစ်တယ်”လို့ တော်ဝင်ခရေကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နှင်းနှင်းယုကပြောပါတယ်။
တော်ဝင်ခရေကွန်ရက်ဟာ HIV ဝေဒနာခံစားနေရတဲ့အမျိုးသမီးတွေ၊ ၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ဖမ်းဆီး ခံရတဲ့ အမျိုးသမီးတွေနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။
လက်ရှိကာလမှာ အခက်အခဲဖြစ်နေတဲ့ လိင်ဖျော်ဖြေရေးမှာလုပ်ကိုင်နေတဲ့အမျိုးသမီးတွေကို ဆန်၊ဆီ၊ဆေးဝါး၊ ငွေကြေး စတာတွေကို အလှူရှင်တွေရဲ့အကူအညီနဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
National AIDS Program က ၂၀၁၈ ခုနှစ်ထုတ်ပြန်ထားတဲ့ စာရင်းများအရ တစ်နိုင်ငံလုံးမှာ လိင်အလုပ်သမအဖြစ် လုပ်ကိုင်သူ ခြောက်သောင်းခြောက်ထောင်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လတ်တလော စစ်အာဏာသိမ်းပြီးနောက်ပိုင်း လိင်အလုပ်သမအလုပ်ကို လုပ်ကိုင်နေကြရတဲ့အမျိုးသမီးအရေအတွက်ကို ကောက်ယူဖို့ခက်ခဲတဲ့အတွက် အတိအကျ မပြောနိုင်ဘူးလို့ ဒေါ်နှင်းနှင်းယုကဆိုပါတယ်။
ညအထွက်ရ၊ လူမစုရဆိုတဲ့ အမိန့်တွေ အခြေအနေတွေကြောင့် အဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလုပ်ငန်း တွေထဲဝင်လာတဲ့ အမျိုးသမီးအရေအတွက်ကို ကောက်ယူဖို့ခက်ခဲနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။
မလွှဲသာမရှောင်သာဘဲ ကေတီဗီမှာအလုပ်လုပ်နေရတဲ့ မဂျူးဂျူးဆိုရင် ပထမစက်ရုံကအလုပ်ပြုတ်သွားတဲ့အတွက် တခြား စက်ရုံတွေမှာအလုပ်လိုက်ရှာခဲ့ပေမယ့် လူခေါ်တဲ့စက်ရုံအရေအတွက်နဲ့ အလုပ်လျှောက်တဲ့လူဦးရေမမျှတာကြောင့် စက်ရုံ အလုပ်ရဖို့ခက်ခဲခဲ့ပါတယ်။
တခြားအလုပ်လုပ်ဖို့ကျတော့လည်း အတန်းပညာလုံလောက်အောင် မတက်ခဲ့ရတဲ့အတွက် မလွယ်ကူခဲ့ပါဘူး။ ရပ်ကွက်ထဲမှာ အဝတ်လျော်၊မီးပူတိုက်စတဲ့ တောက်တိုမယ်ရအလုပ်တွေလုပ်ကိုင်ခဲ့ပါသေးတယ်။ မိသားစု ခုနစ်ယောက်ရဲ့ စားဝတ် နေရေး၊အိမ်ငှားခတွေဟာ မဂျူးဂျူးရဲ့ဝင်ငွေတစ်ခုတည်းနဲ့သာ ဖြေရှင်းနေရတာကြောင့် တောက်တိုမယ်ရအလုပ်တွေကရတဲ့ ဝင်ငွေနဲ့မလောက်ငခဲ့ပါဘူး။
မဂျူးဂျူးမှာ မိဘနှစ်ဦး၊ မောင်နှမနှစ်ယောက်နဲ့ သားနှစ်ယောက်ရှိတာဖြစ်ပါတယ်။ အကိုဖြစ်သူကစိတ်ကျန်းမာရေး မကောင်းသူဖြစ်ပြီး ညီမဖြစ်သူအလုပ်လုပ်တဲ့ စက်ရုံကလည်းပိတ်သိမ်းလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတာပါ။ အမျိုးသားဖြစ်သူနဲ့လည်းကွဲနေပြီး သားနှစ်ယောက်ရဲ့စားဝတ်နေရေးအတွက်ပါ တာဝန်ယူနေရသူဖြစ်ပါတယ်။
မိသားစုရဲ့စားဝတ်နေရေးက မဂျူးဂျူးတခြားအလုပ်ရတဲ့အထိစောင့်ဖို့ အခြေအနေမပေးတာကြောင့် ရရာအလုပ်ဖြစ်တဲ့ ကေတီဗီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတော့တယ်။
“ စလုပ်တုန်းကအရမ်းကြောက်ခဲ့တယ်။ လုပ်တော့မလုပ်ချင်ပါဘူး။ မိသားစုကအဆင်မပြေတော့လည်း လုပ်ရတာပဲ”လို့ မဂျူးဂျူးကဆိုပါတယ်။
စက်ရုံမှာလုပ်စဉ်က တစ်လလုပ်အားခနှစ်သိန်းခွဲရခဲ့ပြီး အခုအခါ နှစ်ဆက်ရှင်(နှစ်နာရီ)ကို ငွေကျပ်ငါးထောင်၊ ဧည့်သည် တွေရဲ့ မုန့်ဖိုးနဲ့ တစ်လကိုဝင်ငွေလေးသိန်းနီးပါးရပါတယ်။
ဝင်ငွေအနည်းငယ်တိုးလာပေမယ့်လည်း ကုန်ဈေးနှုန်းနဲ့ အကြွေးတွေရှိတာကြောင့် မချောင်လည်တဲ့ အနေအထားသာဖြစ် နေပါသေးတယ်။ ကေတီဗီမှာ အလုပ်လုပ်နေတဲ့အကြောင်းကို ဖခင်ဖြစ်သူကိုဖုံးကွယ်ထားပေမယ့် မိခင်ဖြစ်သူကိုတော့ အသိပေးထားတယ်လို့ဆိုပါတယ်။
“ ဒီအလုပ်က သူများတွေကြည့်ရင်လွယ်တယ်လို့ထင်လိမ့်မယ်။ တစ်ကယ်က အရမ်းစိတ်ညစ်ဖို့ကောင်းတယ်” လို့မဂျူးဂျူး က ခပ်ညည်းညည်း ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်တတိယလှိုင်းနဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း ဝင်ငွေထင်သလောက်မရဘူးလို့ဆိုပါတယ်။
“ ကိုဗစ်နဲ့နိုင်ငံရေးဆိုတော့လူတွေက သိပ်မလာကြတော့ဘူး။ သူတို့စားဖို့နိုင်နိုင်ဆိုတော့ မလာတော့အခန်းမဝင်ရဘူး၊ ပိုက်ဆံမရဘူး” လို့ မဂျူးဂျူးကဖွင့်ဟပါတယ်။
စက်ရုံအလုပ်ကပြုတ်ပြီး လိင်အလုပ်သမအဖြစ် အသက်မွေးဝမ်းကျောင်းနေရတယ်လို့ ဆိုလာသူတစ်ဦးကတော့ အသက် ၃၂ နှစ်အရွယ် မဇူလိုင်(အမည်လွှဲ)ပါ။
ယခုနှစ် ဖေဖော်ဝါရီလက စက်ရုံအလုပ်ကပြုတ်ပြီး တခြားအလုပ်ရှာမရတာကြောင့် ဒီအလုပ်ကို မလွှဲမရှောင်သာဘဲ လုပ်ကိုင်နေရသူဖြစ်ပါတယ်။ စက်ရုံအလုပ်တွေလိုက်ရှာခဲ့ပေမယ့် ရောဂါနဲ့နိုင်ငံရေးအခြေအနေတွေကြောင့် မရခဲ့ပါဘူး။ ရပ်ကွက်ထဲမှာ အဝတ်လျှော်၊မီးပူတိုက်၊ဈေးဝယ်ပေးစတဲ့ တောက်တိုမယ်ရအလုပ်တွေလုပ်ပေမယ့် အမြဲတမ်း ဝင်ငွေရတဲ့ အလုပ်မဟုတ်တဲ့အတွက် မိသားစုစားဝတ်နေရေးအတွက်အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် မဇူလိုင်တစ်ယောက် ရွေးစရာ လမ်းမရှိဘဲ လိင်အလုပ်သမဘဝကိုသာ ရွေးချယ်ခဲ့ရပါတော့တယ်။
“ လုံးဝမသက်သာလို့လုပ်ဖြစ်ခဲ့ရတာ၊ အရမ်းကြောက်ခဲ့တယ်။ ကြောက်တဲ့စိတ်နဲ့ရှက်တဲ့စိတ်နဲ့ပဲရှိခဲ့တယ်။ တော်တော်လေး ခက်ခဲတယ်”လို့ မဇူလိုင်ကဖွင့်ဟပါတယ်။
မဇူလိုင်ဟာ အမျိုးသားဖြစ်သူနဲ့ကွဲနေပြီး သားတစ်ယောက်သမီးတစ်ယောက်ကို ရှာဖွေကျွေးမွေးနေသူလည်းဖြစ်ပါတယ်။
“ ကလေးတွေမျက်နှာကြည့်ပြီးလုပ်ရတယ်။ ဘာပဲဖြစ်ဖြစ်ငါရှာရမှာပဲ၊ ဘာပဲဖြစ်ဖြစ်ငါလုပ်ရမှာပဲ လုပ်မယ်ဟာ ခဏလေးပါပဲ ဆိုပြီးဖြေရှင်းလိုက်တာ” လို့ မဇူလိုင်က ဖွင့်ဟပါတယ်။
စက်ရုံမှာလုပ်စဉ်က လစာနှစ်သိန်းခွဲ၊ တောက်တိုမယ်ရအလုပ်တွေလုပ်ရာမှာ တစ်နေ့ နှစ်ထောင်သုံးထောင်ရခဲ့ပါတယ်။ လိင်အလုပ်သမအဖြစ် အလုပ်လုပ်တဲ့အခါမှာတော့ တစ်ရက်ကို တစ်ခါတစ်လေ ငါးထောင်၊ တစ်ခါတစ်လေ နှစ်သောင်း သုံးသောင်း လောက်ရတယ်လို့ သူက ပြောပါတယ်။
မဇူလိုင်ဟာ ဒီအလုပ်ကို မသက်သာလို့သာလုပ်ကိုင်ခဲ့ပေမယ့် အမြဲမလုပ်ဘဲ ပိုက်ဆံအရမ်းလိုအပ်တဲ့ အချိန်တွေမှသာ လုပ်ကိုင်ပါတယ်။
“ အဲ့အလုပ်ကပြန်လာရင် ဒီအလုပ်ကိုလုံးဝမလုပ်တော့ဘူး၊ လုံးဝမလုပ်တော့ဘူး စဉ်းစားရင်းစဉ်းစားရင်းနဲ့မပြေလည်ပြန် ဘူး။ ဖုန်းကလာတယ်၊ အချိတ်အဆက်ရတယ်ဆို တခါလောက်တော့သွားလိုက်ပါဦးမယ်လေ အဲ့လိုဖြစ်ဖြစ်သွားတယ်”လို့ မဇူလိုင်ကဆိုပါတယ်။
မဇူလိုင်နည်းတူ မတတ်သာတဲ့အခြေအနေကြောင့် လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေရသူကတော့ အသက် ၃၅ နှစ် အရွယ် မယု(အမည်လွှဲ)ပါ။ မယုအလုပ်လုပ်တဲ့ စက်ရုံက ဖေဖော်ဝါရီလက ပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။
သူလည်း စက်ရုံအလုပ်တွေလိုက်ရှာပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ တခြားအလုပ်လုပ်ဖို့အတွက် အတန်းပညာမတတ် မြောက်တာအပြင် ဈေးရောင်းဖို့အတွက်အရင်းအနှီးမရှိတာကလည်း မယုအတွက် ရွေးချယ်စရာနည်းခဲ့ပါတယ်။
ရပ်ကွက်ထဲမှာ အဝတ်လျှော်၊မီးပူတိုက်စတာတွေကို လုပ်ပေမယ့် စားဝတ်နေရေးအတွက် မလောက်ငတာကြောင့် လိင် အလုပ်သမအဖြစ် လုပ်ကိုင်ခဲ့ရပါတော့တယ်။ မယုမှာ မိသားစုငါးဦးရှိပြီး မယုရဲ့ဝင်ငွေတစ်ခုတည်းနဲ့သာ ရပ်တည်နေကြ ရတာဖြစ်ပါတယ်။
“ ဒီအလုပ်ကိုစစလုပ်လုပ်တုန်းကဆို ကြောက်တယ်၊ကြောက်ကြောက်နဲ့ပဲလုပ်ရတယ်”လို့မယုကဖွင့်ဟပါတယ်။
ကိုဗစ်-၁၉ရောဂါ နိုင်ငံရေးအခြေအနေနဲ့ ညမထွက်ရအမိန့်တွေကြောင့် အခက်အခဲတွေရှိတယ်လို့သူကဆိုပါတယ်။
တချို့ရက်တွေမှာ ငွေသောင်းဂဏန်းကျော်ရသလို တချို့ရက်တွေမှာတော့ ဈေးဦးမပေါက်တာမျိုးတွေလည်း မယုတစ် ယောက်ကြုံတွေ့ရပါတယ်။
“ ခေတ်ကာလမကောင်းဘူးဆိုပြီး တချို့လူတွေကအခွင့်အရေးယူတယ်၊ ပိုက်ဆံမပေးဘဲ လိမ်သွားတာမျိုးတွေလည်း ကြုံရတယ်”လို့မယုက သူ့အတွေ့အကြုံကိုပြောပါတယ်။
ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ ဥပဒေတွေ ညမထွက်ရအမိန့်စတာတွေကြောင့် လိင်အလုပ်သမအဖြစ် အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတွေဟာ အချိန်မရွေးအဖမ်းခံရနိုင်ပြီး လတ်တလောအခြေအနေတွေကြောင့် သူတို့စားဝတ်နေရေးအတွက် ခက်ခဲတဲ့အခြေအနေတွေဖြစ်တယ်လို့ တော်ဝင်ခရေကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နှင်းနှင်းယုကဆိုပါတယ်။
ဒါ့အပြင်တော်ဝင်ခရေအဖွဲ့အနေနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ကူညီမှုတွေပြုလုပ်ရာမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေဖြစ်တဲ့ ညမထွက်ရ၊လူမစုရဆိုတဲ့အမိန့်တွေကြောင့် အခက်အခဲဖြစ်သလို၊ ဘဏ်ကတစ်ဆင့်ငွေသွင်းငွေထုတ်လုပ်ငန်းတွေ အဆင်မပြေတာ၊ ကြန့်ကြာမှုရှိတာကြောင့် ကူညီရာမှာအခက်အခဲဖြစ်တာ၊ နေထိုင်မကောင်းတဲ့ အမျိုးသမီးတွေအတွက်လည်း ကျန်းမာရေးဝန်ဆောင်မှုရယူဖို့ ခက်ခဲတာ စတဲ့အခက်အခဲတွေရှိတယ် လို့ ဒေါ်နှင်းနှင်းယုကဆိုပါတယ်။
“ အဖွဲ့အနေနဲ့ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး သူတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ အပြည့်အဝရဖို့၊ အကာ အကွယ် ပေးဖို့ ဒီအမျိုးသမီးတွေ လုပ်ငန်းတွေပြောင်းလဲလာပြီး တခြားအလုပ်အကိုင်တွေလုပ်ချင်တယ်ဆိုရင် တခြားအလုပ်အကိုင် တွေ လုပ်နိုင်ဖို့ ကူညီပေးသွားမယ်”လို့သူကပြောပါတယ်။
လတ်တလောမှာ အခြေအနေအရ မလွဲသာမရှောင်သာဘဲ ကေတီဗီ၊ အနှိပ်ခန်းနဲ့ လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေကြ ရတဲ့အမျိုးသမီးတချို့ကတော့ အခြေအနေခဲ့ရင် တခြားအလုပ်ကိုသာလုပ်ကိုင်လိုကြတယ်လို့ ဆိုပါတယ်။
မဇူလိုင်ကတော့ အရင်းအနှီးလေးရခဲ့မယ်ဆိုရင် ကွမ်းယာရောင်းချင်တယ်လို့သူ့ဆန္ဒကိုဖွင့်ဟပါတယ်။ မယုကလည်း ဒီလိင်အလုပ်သမားဘဝကနေ ခပ်မြန်မြန်ရုန်းထွက်ချင်ကြောင်း ယခုလိုဆိုတယ်။
“ တစ်နေ့ထမင်းပုံမှန်စားနေရမယ်။ အကြွေးကင်းကင်းနဲ့ အဲ့လိုဆိုရင်တော့ ဒီအလုပ်မလုပ်ချင်တော့ဘူး”
ခင်ဘုန်းမို့။ ။
hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။