လိင်ပိုင်းဆိုင်ရာ

July 3, 2020

လူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုဖြင့်  ကိုလံဘီယာတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို အရေးယူ

ကိုလံဘီယာစစ်တပ်က တပ်ဖွဲ့ဝင် ၁၁၈ ယောက်ထက် မနည်းဟာ ၂၀၁၆ ခုနှစ်ကစပြီး အသက်မပြည့်သေးတဲ့ လူငယ်တွေအပေါ်  လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုကျူးလွန်ရာမှာ  ပါဝင်ပတ်သက်ခဲ့တယ်လို့ စစ်တပ်အကြီးအကဲက ပြောတယ်။  စစ်သည်နဲ့အရာရှိ ၁၁၈ ယောက်ထဲက ၄၅ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ကျန် ၇၃ ယောက်ကိုတော့ ရာဇဝတ်မှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ အစိုးရရှေ့နေချုပ်ရုံးမှာ စုံစမ်းစစ်ဆေးနေတယ်လို့ ဗိုလ်ချုပ်ကြီး အဒ်ဒွါဒို ဇာပါတေးရိုက ဇူလိုင် ၁ ရက်နေ့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာအလွဲသုံးစား လုပ်မှုကို လုံးဝ သည်းမခံဘူးလို့လည်း ဗိုလ်ချုပ်ကြီးက ပြောပါတယ်။ ရီစာရာဒါပြည်နယ်က တိုင်းရင်းသူမိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်ခဲ့မှုနဲ့  စွပ်စွဲခံထားရတဲ့ စစ်သား ၇ ယောက်ကို အရင်အပတ်က ဖမ်းခဲ့ပါတယ်။ သူတို့ ၇ယောက်စလုံးနဲ့ သူတို့အထက်အရာရှိ ၃ ယောက်ကိုလည်း တပ်ကနေ ထုတ်ပယ်ခဲ့ပြီး ပိုအဆင့်မြင့်တဲ့ အရာရှိ ၂ ယောက်ကိုတော့ တာဝန်ကျ နေရာကနေ နယ်ပြောင်းခဲ့ပါတယ်။ ဂွါဗီယာရေခရိုင်ထဲက စစ်စခန်းမှာ မိန်းကလေးတယောက်  ရက်ပေါင်းများစွာ အစာရေစာ မပါဘဲ ထိန်းသိမ်းခံထားရတုန်း စစ်သားအတော်များများက လိင်ပိုင်းဆိုင်ရာအလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း အရင် သီတင်းပတ်ကုန်ရက်က ပေါ်ပေါက်ခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် လိင်အကြမ်းဖက်မှု လုပ်ရပ်ကျူးလွန်တဲ့ စစ်တပ်ကတပ်ဖွဲ့ဝင်တွေကို စနစ်တကျအကာအကွယ်ပေးနေတယ်ဆိုတဲ့ စွဲချက်ကိုလည်း ဗိုလ်ချုပ်ကြီးက ငြင်းပါတယ်။ စစ်သားအားလုံးကို လူ့အခွင့်အရေးသင်တန်း ပေးထားပြီးသားလို့လည်း သူက ပြောပါတယ်။ လတ်တလောလတွေအတွင်း အမျိုးသမီးစစ်သည်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ညှဉ်းဆဲနှိပ်စက်မှုစွဲချက်တွေကို ဆွေးနွေးသလား ဒါမှမဟုတ် အရာရှိ ၁၁၈ ယောက် ပါဝင်ပတ်သက်ခဲ့တဲ့ အမှုပေါင်း ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းတွေကို ဗိုလ်ချုပ်ကြီးက မဖြေရှင်းခဲ့ပါဘူး။ ကိုလံဘီယာစစ်တပ်ဟာ စစ်သည် ၂၄၀၀၀၀ ရှိပြီး လက်ဝဲယိမ်း ပြောက်ကျားသူပုန်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်တဲ့ပွဲမှာ ဦးဆောင် နေရပါတယ်။ ကိုလံဘီယာပြည်တွင်းစစ် နှစ် ၅၀ ကျော်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဓားစာခံတွေကရော လူ့အခွင့်အရေးအုပ်စုတွေကပါ စစ်တပ်ကို စွပ်စွဲ ထားပါတယ်။
10 months Ago

June 26, 2020

ရဲမှူးချုပ်ဇော်မိုးသန်းအမှု ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အစိုးရအဖွဲ့ထံတင်ပြထား 

ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းနဲ့ ပတ်သက်ပြီး အမှုဖြစ်စဉ်တွေကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အစိုးရအဖွဲ့တာဝန်ရှိသူတွေထံ တင်ပြထားပြီးဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းဟာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး စုံစမ်းစစ်ဆေးခြင်းခံနေရတာပါ။  ဒီဖြစ်စဉ်ဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ ဦးဇော်ဌေးက " ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဒီကိစ္စတွေကို သက်ဆိုင်တဲ့လူကြီးတွေဆီကို တင်ပြပြီးဖြစ်ပါတယ်" လို့ ဇွန်လ ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောပါတယ်။ ရဲမှူးချုပ်ဇော်မိုးသန်းအမှုကို ပြီးခဲ့တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ပြောကြားခဲ့တာပါ။ လက်ရှိမှာလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးရေးပြီးမှသာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဦးဇော်ဌေးက "စုံစမ်းစစ်ဆေးရေးခုံရုံးပြီးရင် ဘာလာမလဲဆိုတော့ သက်သေခံ အကျဉ်းချုပ်ယူမယ်။ တွေ့ရှိချက်တွေအပေါ်မူတည်ပြီးမှ  သက်/ချုပ်ယူမယ်။ ယူပြီးမှ ရဲတရားရုံးရောက်မယ်။ အဆင့်ဆင့်ရှိပါတယ်။ အခုလောလောဆယ်တော့ စုံစမ်းစစ်ဆေးဆဲလို့ ကျနော်တို့က သိရတယ်။” လို့ ပြောပါတယ်။  ရဲမှူးချုပ်ဇော်မိုးသန်းဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကမှ ရဲလေ့ကျင့်ရေးအရာရှိချုပ်ရာထူးတာဝန်ကနေ ရဲရာထူးခန့်ချုပ် ရာထူးကို ပြောင်းရွှေ့လာခဲ့ပါ။ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်လက်ထက်မှာ ရထားရဲတပ်ဖွဲ့က ရဲမှူးချုပ် မိုးသူအောင်ကို ရာထူးကထုတ်ပယ်ပြီး ထောင်ဒဏ် ၆ လကျခံစေကာ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်ကို ရဲတပ်ဖွဲ့ကနေ ရှုတ်ချပြီး ထုတ်ပယ်ထားခဲ့တာပါ။ အခုရဲရာထူးခန့်ချုပ် ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေသလို တခြား ထိပ်တန်းရဲအရာရှိတွေကိုလည်း ဌာနအပြောင်းအလဲ ပြုလုပ်မှုတွေရှိတယ်လို့ သိရပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
11 months Ago
Up