လာဘ်ကောင်

October 6, 2020

လာဘ်ကောင်အဖြစ်တာဝန်ထမ်းခဲ့သူကို ထုတ်ပယ်လိုက်သဖြင့် အာဆင်နယ်အသင်း ဝေဖန်ခံရ

၂၇ နှစ်ကြာ အသင်းရဲ့ လာဘ်ကောင်အရုပ်အဖြစ် အသုံးတော်ခံခဲ့သူကို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းအတွက် အာဆင်နယ်အသင်းဟာ ဝေဖန်ခံနေရပါတယ်။ အသုံးစရိတ် လျှော့ချမှုဆောင်ရွက်ချက်တစ်ခုအဖြစ် ဒီလို လုပ်ဆောင်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားနေချိန် အခုနှစ်အစောပိုင်းတုန်းကလည်း ဝန်ထမ်း ၅၅ ဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ခြင်းအတွက်ဝေဖန်ခံရဖူးပါတယ်။ The Athletic သတင်းအရ ဂျယ်ရီကွီ ဆိုသူဟာ ၁၉၉၃ ခုနှစ်ကတည်းက အာဆင်နယ်အသင်းရဲ့ လာဘ်ကောင်ဖြစ်တဲ့ အစိမ်းရောင် ဒိုင်နိုဆောအရုပ် ‘Gunnersaurus’ ကို ဝတ်ဆင်ခဲ့သူ ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းပြချက်နဲ့ သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။  ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်ခွင့်မရှိသေးတာကြောင့် အသင်းမှာ ‘Gunnersaurus’ မလိုအပ်သေးဘူးလို့ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေက ယူဆပါတယ်။ ဒါပေမဲ့ လာဘ်ကောင်အဖြစ် ဆောင်ရွက်ခဲ့သူဟာ ၁၉၆၀ နှစ်တွေကတည်းက အာဆင်နယ်အသင်းကို အားပေးလာတဲ့ ပရိတ်သတ်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ အာဆင်နယ်အသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ Good Morning Britain အစီအစဉ် တင်ဆက်သူ ပီးရက်စ်မော်ဂန်က အာဆင်နယ်အသင်းကို ဝေဖန်ခဲ့ပါတယ်။  ‘Gunnersaurus’ ကို ပြန်ခေါ်ပေးဖို့ကိုလည်း နည်းပြအာတီတာနဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းတို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။  လာဘ်ကောင်ကို ဖယ်ရှားခဲ့မှုနဲ့ ပတ်သက်ပြီး မော်ဂန်က “ဘာကြီးလဲ။ ဒါက သတင်းအမှားပဲ ဖြစ်ပါစေ။ ဒါက အာဆင်နယ်အသင်းတဲ့လား၊ Gunnersaurus’ ရေ မင်း ဘယ်ကိုမှ မသွားရဘူး။ မင်းကို ထုတ်လိုက်တာကို ငါ လက်မခံဘူး။ အာတီတာနဲ့ အူဘာမီယန်းတို့ရေ တစ်ခုခုလုပ်ကြပါဦး၊ အာဆင်နယ်အသင်းဆိုတာ ဒီလိုမဟုတ်ပါဘူး” လို့ တွစ်တာမှာ ရေးသားပါတယ်။  ဂယ်ရီလိုင်နီကာကလည်း “ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။ အာဆင်နယ် ကစားသမားတွေနဲ့ မန်နေဂျာတို့ ပူးပေါင်းဆောင်ရွက်ပြီး ဒီကိစ္စကြီးကို ဖြေရှင်းကာ ကြင်နာမှုကို ပြသင့်တယ်”လို့ ရေးသားခဲ့ပါတယ်။  အာဆင်နယ်အသင်းဘက်ကတော့ Gunnersaurus’ အဖြစ် ဆောင်ရွက်နေတဲ့ ကွီကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း အတည်ပြုပေးခဲ့ပြီး အမ်းမရိတ်ကွင်းထဲကို ပရိသတ်တွေ ဝင်ရောက်ခွင့်ရှိပြီဆိုတာနဲ့ သူ့ကို ရာထူးမှာ ပြန်လည်ခန့်အပ်သွားမယ်လို့လည်း ပြောထားပါတယ်။
9 months Ago
Up