လာဘ်စားမှု

May 30, 2019

မက္ကဆီကိုအစိုးရက Pemex ရေနံကုမ္ပဏီ အကြီးအကဲဟောင်းကို လာဘ်စားမှုဖြင့် ဖမ်းဝရမ်းထုတ်

မက္ကဆီကို အစိုးရက Pemex ရေနံကုမ္ပဏီ အကြီးအကဲဟောင်း အေမီလီယို လိုသိုယာကို လာဘ်စားမှု၊ အခွန်လိမ်လည်မှု စတဲ့စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာက မေလ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၆ အထိ Pemex ရေနံကုမ္ပဏီကို ဦးဆောင်ခဲ့တဲ့ အေမီလီယို လိုသိုယာကို ဖမ်းဖို့ မက္ကဆီကို တရားသူကြီးက အမိန့်ထုတ်ခဲ့တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင် နိုတီမက်စ် သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေချုပ်ရုံးက တရားဝင်မှတ်ချက် မပြုသေးပါဘူး။ လိုသိုယာကို ဖမ်းမိန့်ထုတ်လိုက်တာက လက်ရှိသမ္မတ လိုပက်ဇ် အိုဘရာဒို ဦးဆောင်တဲ့ မက္ကဆီကို အစိုးရရဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးစီမံကိန်း ပထမဆုံး ခြေလှမ်းပါ။ ပြည်သူပိုင်အခန်းကဏ္ဍမှာ အကျင့်ပျက်ခြစားမှုတွေကို အမြစ်ပြတ် နှိမ်နင်းမယ်လို့ မဲဆွယ်ကတိပြုခဲ့တဲ့ သမ္မတ လိုပက်ဇ် အိုဘရာဒိုဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ လိုသိုယာဟာ မက္ကဆီကိုသမ္မတဟောင်း ပင်ညက် နီတိုရဲ့ ၂၀၁၂ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုကို ကြီးကြပ်ခဲ့သူပါ။ လက်ရှိမှာ လိုသိုယာ ပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေကို ပိတ်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
2 years Ago

December 4, 2018

အစ္စရေးဝန်ကြီးချုပ်နှင့် ဇနီးကို လာဘ်စားမှုဖြင့် တရားစွဲရန် သက်သေတွေ့ထားဟု ရဲတပ်ဖွဲ့ ပြော

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့ဇနီးကို လာဘ်စားမှု၊ အတုလုပ်မှုတွေနဲ့ တတိယမြောက် အမှုဖွင့် တရားစွဲဖို့ လုံလောက်တဲ့ သက်သေတွေကို တွေ့ထားပြီလို့ အစ္စရေးရဲတွေက ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။ ဂျေရုဆလင်မြို့မှာ အပတ်စဉ် အစိုးရအစည်းအဝေး တက်လာတဲ့ နေတန်ယာဟုကတော့ ဒီကိစ္စနဲ့ သူ မပတ်သက်ဘူးလို့ ဒီဇင်ဘာ ၂ ရက်က ပြောပါတယ်။ ဒီထောက်ခံချက်ကနေ ဘာမှဖြစ်မလာဖို့ မျှော်လင့်တယ်လို့ အစိုးရအဖွဲ့ဝန်ကြီး ယူရီ အေရီယယ်က ပြောပါတယ်။ စွပ်စွဲချက်တွေက တရားရေး အခြေအမြစ်မရှိဘူး၊ ဒါကြောင့် စုံစမ်းစစ်ဆေးမှုကနေ ဘာမှ ထွက်လာမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က တွစ်တာ လူမှုကွန်ရက်ကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။ နေတန်ယာဟုတို့ ဇနီးမောင်နှံအပေါ် ပိုပြီး အပြုသဘောဆောင်တဲ့ သတင်းတွေကို အစ္စရေးရဲ့ ထိပ်တန်း တယ်လီကွန်ကုမ္ပဏီ ဘေဇက်ခ် တယ်လီကွန် အစ္စရေး ကုမ္ပဏီပိုင် အင်တာနက် သတင်းစာမျက်နှာ ဝေါလ်လာပေါ်မှာ တင်ပေးဖို့၊ အပြန်အလှန်အနေနဲ့ နေတန်ယာဟုဟာ ကုမ္ပဏီကို စည်းမျဉ်းဆိုင်ရာ မျက်နှာသာပေးခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ တကယ်လို့ တရားစွဲခံရရင် သက်တမ်း လေးဆက်မြောက် ဝန်ကြီးချုပ်ဟာ သူ့နိုင်ငံရေး ရပ်တည်မှုအတွက် အကြီးဆုံး စိန်ခေါ်မှုတွေထဲက တခုကို ရင်ဆိုင်ရမှာပါ။ ဝန်ကြီးချုပ်ကို တရားစွဲမစွဲဟာ အစိုးရရှေ့နေချုပ်အပေါ် မူတည်နေပါတယ်။ သူကတော့ အရင်အမှု ၂ ခုနဲ့ တရားစွဲသင့်၊ မစွဲသင့် ချင့်ချိန် စဉ်းစားနေဆဲပါ။ အရင် ၂ မှုကတော့ စီးပွားရေးသမားတွေဆီက လက်ဆောင်လက်ခံမှုနဲ့ မိုဂူးလ်မီဒီယာမှာ သူ့အကြောင်း ကောင်းကောင်း ပုံဖော်ပေးရေးအတွက် ပြိုင်ဘက်သတင်းစာအပေါ် ကန့်သတ်ချက်ထားဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ဖြစ်ပါတယ်။
3 years Ago
More News
Up