လဝကရုံး

January 10, 2022

တာချီလိတ် လဝကရုံးတွင် ဗုံးပေါက်ကွဲ၊ လူ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ရှိ  မြို့နယ်လဝက ရုံးမှာ  ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ည ၇ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

လဝကရုံးအနီးတွင် နေထိုင်သူတစ်ဦးက “လဝကရုံးမှာ ဗုံးပေါက်ကွဲတာပါ။ ည ၇ နာရီဝန်ကျင်က ဖြစ်သွားတာ၊ လူကြီးတယောက်နဲ့ က‌‌လေး တယောက်ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေ အနေကိုတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

တာချီလိတ်မြိုမှာ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရောက်ရှိနေချိန် ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေတုန်းကလည်း  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီနေ့နဲ့ဆိုရင် ၃ ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

1 week Ago

January 7, 2022

ပုသိမ်ကြီးမြို့နယ် လဝကရုံးဗုံးကွဲ၊ မတ္တရာမြို့နယ်တွင် စစ်တပ်ကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ရန်ကင်းအောင်ရပ်ရှိ မြို့နယ် လဝက ရုံးမှာ ဇန်နဝါရီ ၇  ရက် မနက် ၇ နာရီဝန်းကျင်လောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးဝင်းအတွင်းရပ်ထားတဲ့ လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ရဲ့ ကားနဲ့ လက်ထောက်မြို့နယ်လဝက ဦးစီးမှူးရဲ့ ကားတို့ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ရုံးပြတင်းပေါက်တွေလည်း  ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးပေါက်တာက လဝက ရုံးမှာပေါက်တာ။ အဲ့ဒီလဝက ရုံးနားမှာပဲ တခြားရုံးတွေလည်းရှိတယ်။ လူထိခိုက်တာတော့မကြားဘူး။ ကားတွေနဲ့ အဆောက်အဦးတော့ ထိခိုက်တာရှိတယ်။”လို့ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ ကင်းရွာနဲ့ အောင်ချမ်းသာရွာ အကြားမှာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်က  စစ်ကောင်စီတပ်ကား ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာ အရှေ့ဘက်ကို စစ်ကောင်စီတပ်သား အင်အား ၂၀ ဝန်းကျင်က စစ်ကားအကြီး တစ်စီးနဲ့တက်လာစဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာပါ။

“ကားက ဖောကားပုံစံကားကြီးနဲ့ သွားတာ။ အသေအပျောက် ဒဏ်ရာရတော့ မသိရဘူး။ သွားလည်းမကြည့်ရဲဘူး။ စစ်ကား တိုက်ခိုက်ခံရတာတော့ဟုတ်တယ်။” လို့ မတ္တရာမြို့နယ်နေ ဒေသခံတဦးက ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက် မနက်က ကင်းရွာမှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရမှုကြောင့် စစ်ကား ချီတက်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၁၁၅ လမ်း၊ ၆၁ လမ်း နဲ့ ၆၂ လမ်းကြားရှိ ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဇန်နဝါရီ ၇ ရက် နေ့လယ် ၃ နာရီကျော်က လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

လက်လုပ်ဗုံးဟာ သံပိုက်လုံးနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ရုံးဝင်းအတွင်းကျကာ ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့ အနီးနားနေ ပြည်သူတွေက ပြောတယ်။

1 week Ago
More News
Up