လယ်သမားများ

September 10, 2020

အရည်အသွေးစစ်မှန်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး လယ်သမားများ လိုအပ်နေ

မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားရှိ စပါးစိုက်  တောင်သူ လယ်သမား‌တွေဟာ ရာသီဥတု မညီညွတ်မှုကြောင့် ၂၀၂၀-၂၁ ရာသီမှာ  မိုးစပါးကို ခက်ခက်ခဲခဲ စိုက်ပျိုးနေကြပြီး အရေးအသွေးနဲ့ ဈေးနှုန်း စစ်မှန်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လိုအပ်နေပါတယ်။  ရွှေဘိုခရိုင်မှာတော့  ဈေးကောင်းရတဲ့ ရွှေဘိုပေါ်ဆန်းစပါးကို အဓိကထား စိုက်ပျိုးတာများတဲ့အတွက် ဩဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းအထိ နောက်ချန်စိုက်ကြ‌လေ့ ရှိတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ စပါးစိုက်ပျိုးမှု နောက်ကျလေ့ ရှိကြပါတယ်။ စိုက်ပျိုးပြီးစီးချိန်မှာလည်း နောက်ထပ် သွင်းအားစု ဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို စိုက်ပျိုးပြီး ၁၅ ရက်သားကစ သုံးစွဲကြရတာ ဖြစ်ပါတယ်။ မိရိုးဖလာ လုပ်လာကြတဲ့ တောင်သူလယ်သမားတွေဟာ ဓာတ်မြေဩဇာအကြောင်း ပိုးသတ်ဆေးအကြောင်းကို နားလည်ကြတာမဟုတ်တဲ့အတွက် ရောင်းချသူတွေအနေနဲ့ မှန်မှန် ကန်ကန် ရောင်းချဖို့လိုတယ်လို့တောင်သူတွေက ပြောပါတယ်။   ဝက်လက်မြို့နယ်နေ ဦးဇော်မင်းထွန်းက “ ပစ္စည်းမှန်ဈေးမှန်နဲ့ရောင်းချ ပေးမယ်ဆိုရင် တောင်သူတွေအနေနဲ့ကတော့ ဈေးနှုန်းကို မမြင်ကြဘူး။  အနာနဲ့ဆေးနဲ့မတွေ့တဲ့အခါ ကုန်ကျစရိတ်တွေ ပိုပြီးများရတယ်”လို့ ပြောပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနကတော့ တောင်သူလယ်သမားတွေအတွက် အခက်အခဲမရှိရအောင် မျိုးစေ့၊ နည်းပညာနဲ့ အခြားအခက်အခဲတွေကို လယ်ထဲအထိရောက်အောင် ကူညီဆောင်ရွက်ပေး နေတာရှိပါတယ်။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးရောင်းချမှုတွေကိုလည်း   စစ်ဆေးနေပြီး ခွင့်ပြုချက်ရရှိ ထားတဲ့ ဆိုင်တွေမှာသာ  ရောင်းချခွင့်ပြုမှာဖြစ်ပြီး အတုအပပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေကို ဆိုင်ပိတ်သိမ်းခိုင်းတဲ့အထိ  ထိထိရောက်ရောက်အရေးယူမှာဖြစ်တယ်လို့ ရွှေဘိုခရိုင်စ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး  ဦးတင်မောင်ဆွေက ပြောပါတယ်။ “တောင်သူတစ်ဦး တစ်ယောက်က ဓာတ်မြေဩနဲ့ ပိုးသတ်ဆေးတွေဟာ အရည်အသွေး မပြည့်မီဘူးလို့ သံသယရှိခဲ့ရင်လည်း အဲဒီပစ္စည်းကို အဆင့်ဆင့်တင်ပြ ဓာတ်ခွဲစစ်ဆေးပေးပြီး ဟုတ်မှန်တယ်ဆိုရင် အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ် ၊ အရည်အသွေးပြည့်မီတဲ့  ဓာတ်မြေဩဇာ ပိုးသတ်ဆေးသုံးစွဲနိုင်ဖို့အတွက် တောင်သူတွေကလည်း ဝိုင်းဝန်းအကူအညီပေးကြဖို့လိုတယ်။” ရွှေဘိုခရိုင်အတွင်းမှာ မိုးသီးနှံ ဧက ၁၃ သိန်း စိုက်ပျိုးပြီး၊ ဆောင်းသီးနှံ ဧက ၁၂ သိန်း စိုက်ပျိုးထားကာ  မိုးစပါးအနေနဲ့ကတော့ ဧက  ၆ သိန်းခွဲခန့်စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ မိုးစပါးစိုက်ဧက ၁၄ သန်းခွဲခန့်ရှိပြီး စပါးတန်ချိန် ၁၉ သန်းခွဲခန့် အထိ ထုတ်လုပ်နိုင်ပြီး  စပါးထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို မိုးစပါးက ရရှိတာလို့ စိုက်ပျိုးရေးအချက်အလက်တွေအရ သိရပါတယ်။ သတင်း- အောင်စံလင်း
8 months Ago

July 29, 2020

စိုက်ပျိုးစရိတ်မြင့်တက်လာသဖြင့် ရခိုင်ပြည်နယ်က လယ်သမားများ ချေးငွေမလုံလောက်

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ စိုက်ပျိုးစရိတ်မြင့်တက်လာတဲ့အတွက် အစိုးရရဲ့ စိုက်ပျိုးစရိတ်ချေးငွေနဲ့ မလုံလောက်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေလာရောက်ထုတ်ယူကြတဲ့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ မောင်တောမြို့နယ်တောင်ပိုင်း သရီကုန်ဘောင်ကျေးရွာမှ လယ်သမားဦးဘမောင်က "အခု စိုက်ဘဏ်က ထုတ်ချေးတာက တစ်ဧကကို ကျပ် ၁ သိန်းခွဲထုတ်ချေးပါတယ်။ ကျနော်တို့ တစ်ဧက ကို စိုက်ပျိုးထွန်ယက်ချိန်မှ နောက်ဆုံးစိုက်ပျိုးရိတ်သိမ်းပြီးချိန်အထိ အနည်းဆုံး ၂ သိန်းခွဲ ၃ သိန်း လောက် ကုန်ကျပါတယ်။ ထွန်စက်စရိတ်က တစ်ဧက ကို ၆ သောင်းပေးရတယ်။ ပျိုးစိုက်ဖို့ အလုပ်သမားတစ်ဦးကို တစ်နေ့ ၂၀၀၀၀ သောင်းကျပ်ပေးရတယ်။ တစ်ဧကမှာ ၄ ယောက်လောက်လိုတယ်။ အခုကြုံတွေ့နေရေတာက  မျိုးစပါးအခက်အခဲ ရှိတယ်။  ထွန်စက် မလုံလောက်ဘူး။ အလုပ်သမားရှားပါတယ်။ အဲ့ဒါတွေ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်"လို့ ပြောပါတယ်။ လက်ရှိမှာ မောင်တောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၀ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၁ နေ့အထိ ချေးငွေတွေ ထုတ်ချေးနေပါတယ်။ ဒါ့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်တစ်ဧကကို ပုံမှန်ချေးငွေ ၁သိန်းခွဲအပြင် အခုနှစ် COVID-19 Special Relief Loan ကာလအဖြစ် တစ်ဧကကို ၅ သောင်းနှုန်းအပို ထုတ်ချေးပေးနေပေးနေပါတယ်။ ဒါပေမဲ့ လယ်ထွန်ယက်စရိတ်၊ စိုက်ပျိုးစရိတ်၊ မြေသြဇာစရိတ်တွေ မြင့်တက်နေတာကြောင့် ချေးငွေနဲ့ မလုံလောက်ဘဲ စပါးစျေးလည်း မကောင်းတဲ့အတွက် အရှုံးနဲ့သာ ရင်ဆိုင်နေရကြောင်း တောင်သူ ဦးကြီးကိုသာဇံလှက ပြောပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) မြို့နယ်မန်နေဂျာ ဦးကံထွန်းအောင်က တော့ "မူလသမာရိုးကျချေးငွေကတော့ တစ်ဧကကို တစ်သိန်းခွဲပါပဲ။  ဒါပေမဲ့ ဒီနှစ်မှာ COVID-19 Special Relief Loan အဖြစ်တစ်ဧကကို ငါးသောင်းနှုန်းနဲ့ ထုတ်ချေးဖို့ ညွှန်ကြားတဲ့အတွက် တစ်ပါတည်း ထုတ်ချေးနေပါတယ်။ ဒီချေးငွေနဲ့ မလုံလောက်ဘူးဆိုတာ လယ်သမားတွေ တင်ပြကြတာ ရှိပါတယ်။ ကျနော်တို့ကလည်း ရုံးချုပ်ကနေ သတ်မှတ်ချက်အတိုင်း ချေးရတာဖြစ်တယ်။ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်ဘူး ဆိုတာ လွှတ်တော်အထိ ရောက်နေတာရှိပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ နောင်နှစ်တွေမှာ တိုးချဲ့ဖို့ ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်"လို့ ​ပြောပါတယ်။ မောင်တောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မောင်တောမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ ကျေးရွာအုပ်စု ၁၉ အုပ်စုရှိ စိုက်ပျိုးမြေဧက ၂၅၄၃ ဧက ၊ တောင်သူဦးရေ ၇၉၆ ဦး တို့အတွက် ငွေကျပ်သိန်း​ ၃၈၁၄၅၀၀၀၀ ကျပ် ထုတ်ချေးနေပြီး မိုးစပါးတစ်ဧကကို ချေးငွေကျပ် တစ်သိန်းခွဲ နှုန်းနဲ့ ထုတ်ချေးနေပါတယ်။ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်တွေ မဖြစ်ခင် ၂၀၁၆-၁၇ မိုးစပါးစိုက် ဧက ၃၀၂၂ ကျေးရွာအုပ်စု ၁၈ စု ချေးငွေ ၄၅၃၃၀၀၀၀၀ သိန်း၊ တောင်သူဦးရေ ၇၉၆ ဦးအထိထုတ်ချေး ခဲ့ကြောင်း မောင်တောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ သတင်း -လင်းလက်
9 months Ago
More News
Up