လပွတ္တာမြို့

August 30, 2020

လပွတ္တာမြို့တွင် စည်ပင် အမှိုက်ကန်ပြုလုပ်နေသည့်နေရာအား ဒေသခံအချို့ ကန့်ကွက်

လပွတ္တာမြို့နယ်၊ စည်ပင်သာယာမှာ ပြုလုပ်မယ့် အမှိုက်ပုံတဲ့နေရာနဲ့ပတ်သက်ပြီး တောင်သူတွေနဲ့ ဒေသခံတချို့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ လပွတ္တာမြို့နယ် အမှတ် (၇) ၇ပ်ကွက်မှ တောင်သူဦးမြဝင်းက “ကျနော်တို့ လပွတ္တာမြို့က ရေငံဒေသ ဖြစ်နေတယ်။ ကျနော်တို့က ရေချိုတမံကြီးကို သုံးပြီး သီးနှံစိုက်ခင်း လယ်ယာမြေတွေကို အလုပ်လုပ်ရပါတယ်။ လယ်ယာမြေတွေလုပ်တဲ့နေရာမှာ ဒီနေရာနီးနီးလေးမှာ အမှိုက်ကန် လာလုပ်တာ လက်ခံလို့မရဘူး။ အမှိုက်ကန်က တနေ့ကို ၆ တန်နှုန်းလောက် အမှိုက်ပုံမယ်လို့ ပြောတယ်။ တလမှာ တကြိမ်ဖို့မယ်လို့ ပြောတဲ့အတွက် အမှိုက်တွေ လွင့်မှာရယ်၊ ကြွက်တွေ ခိုအောင်းမှာရယ်ကြောင့် ကျနော်တို့ ဒီလယ်ယာမြေတွေက အကုန်ပျက်စီး ဆုံးရှုံးသွားနိုင်ပါတယ်”လို့  ပြောပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “လပွတ္တာမြို့နယ်မှာ အမှိုက်ပုံပြုလုပ်ဖို့အတွက် အမှတ် ၇ ရပ်ကွက်တွင်းရှိ မြေ ၆ ဧကကျော် ကန်တူးပြီး အမှိုက်များ စနစ်တကျပုံမှာ ဖြစ်ပါတယ်။ အမှိုက်ကန်ကကျတဲ့ ရေတွေကို ရေဆိုးစုကန်ထဲ ထည့်သွင်းပြီး ရေဆိုးတွေကို သန့်စင်ကာ သန့်ရှင်းတဲ့ရေအဖြစ် မြစ်တွေ၊ ချောင်းတွေထဲကို စီးဆင်းဖို့ လုပ်ဆောင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်မှ တောင်သူဦးဝင်းနိုင်က “ဂျပန်နည်းစနစ်နဲ့လုပ်မယ်လို့ ပြောပေမဲ့ ကျနော်တို့ တောင်သူတွေက အဲဒါတွေ နားမလည်ဘူး။ ဒီနေရာမှာရှိတဲ့ကန်တွေ ပျက်သွားမှာရယ်၊ ဒီနေရာမှာ ပုံလိုက်တဲ့ အမှိုက်တွေရယ်၊ ဆိုးကျိုးတွေရယ် တောင်သူလယ်သမားနဲ့ ပြည်သူအားလုံးကို ထိခိုက်နိုင်တဲ့အတွက်ကြောင်း ဒီနေရာမှာ မလုပ်သင့်ဘူးဆိုတာ တင်ပြဖို့ရှိပါတယ်” လို့  DVB ကို ပြောပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အမှိုက်ကန်နှင့် သဲဖြူရေလှောင်တမံဟာ နီးကပ်နေပြီး အဲဒီအမှိုက်ကန်က ထွက်ရှိလာမယ့် ရေဆိုး၊ အနံ့ဆိုးတွေ ရေလှောင်တမံအတွင်း စီးဝင်မှာကို ဒေသခံတွေက စိုးရိမ်နေတာပါ။ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က “ပြည်သူက လုပ်ငန်းစဉ်ကို မသိလို့ စိုးရိမ်တဲ့အပိုင်းလည်း ဖြစ်ပါလိမ့်မယ်။ စိုးရိမ်မှုတွေကို စည်ပင်သာယာက ဖြေရှင်းပေးဖို့ အမြဲ အဆင်သင့်ရှိပါတယ်” လို့ ပြောပါတယ်။ လပွတ္တာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်မှာ စည်ပင်သာယာက ပြုလုပ်နေတဲ့ အမှိုက်ကန်နဲ့ပတ်သက်ပြီး ဒေသခံ ၂၀၀ ကျော်လောက်က နိုင်ငံတော်သမ္မတကို တင်ပြ တိုင်ကြားထားတယ်လို့ သိရှိရပါတယ်။ လပွတ္တာမြို့နယ်မှာ တရားဝင်အသုံးပြုတဲ့ အမှိုက်ကွင်းမရှိဘဲ အခု လုပ်ဆောင်မယ့် အမှိုက်ကွင်းကို Salutary landfill method နဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ စည်ပင်သာယာ ပိုင်ဆိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
8 months Ago

May 4, 2020

လပွတ္တာမြို့က လူငယ် ၁ ဦးကို ဆေးစစ်မှုခံယူရန် မြောင်းမြဆေးရုံပို့

လူနာအမှတ် ၁၅၀ တည်းခိုခဲ့တဲ့အခန်းမှာ ရှေ့ဆင့်နောက်ဆင့်တည်းခိုခဲ့တဲ့ လပွတ္တာမြို့နေ အသက် ၂ဝ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြောင်းမြဆေးရုံကို မေလ ၃ ရက်နေ့က ဆေးစစ်မှုခံယူဖို့  ပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီလူငယ်ဟာ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းအုပ်စု၊ ကလားဘိုကျေးရွာနေ အသက် ၂ဝ အရွယ် လူငယ်တဦးဖြစ်ပြီး မန္တလေးမြို့က ရွှေမြင့်မိုရ်တည်းခိုခန်းမှာ လူနာအမှတ် ၁၅ဝ တည်းခိုခဲ့တဲ့ အခန်းမှာ ရှေ့ဆင့်နောက်ဆင့် တည်းခိုခဲ့တာပါ။ အဲ့ဒါကြောင့် လူနာအှတ် ၁၅ဝ နဲ့ ဆက်စပ်ခဲ့တွေကို လိုက်လံရှာဖွေခဲ့ရာ သတင်းအရ လပွတ္တာမြို့နဲ့ မြောင်းမြမြို့က လူမှုကူညီရေးပရဟိတအဖွဲတွေ ပူးပေါင်းပြီး အဲ့ဒီလူငယ်ကို ရွာကနေ သွားရောက်ခေါ်ဆောင်ကာ မြောင်းမြဆေးရုံမှာ ဆေးစစ်မှုခံယူဖို့ ပို့ဆောင်ခဲ့တာပါ။ "လူနာအမှတ် ၁၅ဝ တည်းခဲ့တဲ့ တည်းခိုခန်းမှာ ဒီကောင်လေးက အခန်းတစ်ခန်းကိုပဲ ရှေ့ဆင့်နောက်ဆင့် တည်းခဲ့တယ်။ အဲဒီသတင်းအရ ကျနော်တို့ အဲဒီ ကောင်လေးနေတဲ့ရွာကို အုပ်ချုပ်ရေးဌာနနဲ့ ပူးပေါင်းလိုက်ရှာခဲ့တယ်။ ရှာတွေ့ခဲ့တော့ ကောင်လေးကို မေးရာမှာလည်း သူက မန္တလေးက ပြန်လာတယ်ဆိုတာ ပြောပါတယ်။ အဲဒါနဲ့ မြောင်းမြဆေးရုံကို ဆေးစစ်ဖို့ ပို့ဆောင်ပေးခဲ့ပါတယ်" လို့ လပွတ္တာမြို့မှ အဖြူရောင်ဧရာဝတီ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုခင်မောင်ဝင်းကပြောပါတယ်။ လူနာအမှတ် ၁၅ဝ ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး COVID - 19 လူနာနဲ့ တွေ့မှုမရှိခဲ့ဘဲ ပြည်ပကို ခရီးသွား ရာဇဝင်ရှိသူဖြစ်ပြီး ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။
1 year Ago
Up