လန်ဒန်

January 8, 2021

လန်ဒန်တွင် လော့ဒေါင်းကာလ တိရစ္ဆာန်စာရင်းကောက်ယူ 

လော့ဒေါင်းချထားတဲ့ လန်ဒန်မှာ နှစ်စဉ် လုပ်နေကျ လန်ဒန်တိရစ္ဆာန်ရုံ စာရင်းကောက်ယူမှု ကို  ဒီသီတင်းပတ်မှာ  တံခါးပိတ် ပြုလုပ်နေပါတယ်။  အဆင့် ၅ လော့ဒေါင်း ချထားတာကြောင့် လန်ဒန်တိရစ္ဆာန်ရုံ နှစ် ၂၀၀ သမိုင်းမှာ အခက်ခဲဆုံးနှစ်ဖြစ်တယ်လို့  လုပ်ငန်းပိုင်း အရာရှိ ကတ်သလင်းအင်္ဂလန်က ဆိုပါတယ်။  "တိရစ္ဆာန်ရုံကို သီတင်း ၁၈ ပတ်ကျော် ပိတ်ခဲ့ရပြီး ပေါင်ငွေ သန်းချီ ဆုံးရှုံးတယ်"လို့ အင်္ဂလန်က ပြောပါတယ်။  "တိရစ္ဆာန်ကောင်ရေ ၁၈,၀၀၀ ကို ရေတွက်ရတာ ခက်ခဲတဲ့ တာဝန် တစ်ရပ် ဖြစ်ပါတယ်။ သစ်ကုလားအုတ်လို တိရစ္ဆာန်တွေကို ရေတွက်ရ လွယ်ကူပေမဲ့ ကျောရိုးမဲ့ သတ္တဝါ ငယ်တွေကို ရေတွက်ရတာ အတော်ကို ခက်ခဲနိုင်ပါတယ်"လို့လည်း  အင်္ဂလန်က သူ့အတွေ့အကြုံကို ပြောခဲ့ပါတယ်။  ဒါကြောင့် သူတို့ကို ကောင်ရေလိုက် မရေတွက်နဲ့ အုပ်စုလိုက် ရေတွက်တာက ပိုမိုလွယ်ကူတယ်လို့ဆိုပါတယ်။  နှစ်စဉ် ကောက်ယူရရှိတဲ့ တိရစ္ဆာန်ကောင်ရေ စာရင်းတင်သွင်းတာက   တိရစ္ဆာန်ရုံ လိုင်စင် အတွက်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်မျိုးပွားလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို  နိုင်ငံတကာတိရစ္ဆာန်ရုံအဖွဲ့အစည်းဆီ သတင်းပေးရာမှာ သိပ်ကို အရေးပါတယ်လို့ ရိုက်တာ ဖော်ပြပါတယ်။  
4 months Ago

December 22, 2020

လန်ဒန် အအေးခန်းကားအတွင်း လူအစုလိုက် သေဆုံးခဲ့မှု အမျိုးသား ၂ ဦးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နားက အအေးခန်းပါ ကုန်ကား နောက်ပိုင်းထဲမှာ ပြီးခဲ့တဲ့ နှစ်က အလောင်းတွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၂ ယောက်မှာ အပြစ်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။  ဗီယက်နမ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ၃၉ ယောက် အစုလိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ဗီယက်နမ်နဲ့ ဗြိတိန်နိုင်ငံတို့ကို ထိတ်လန့်စေခဲ့ပြီး အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတို့က ဆင်းရဲသူတွေအား အနောက်ဥရောပနိုင်ငံတွေဆီ တရားမဝင် လူကုန်ကူးမှုကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် လော်ရီကားမောင်းသူ အီယာမွန် ဟာရစ်ဆင် နဲ့ အသက် ၄၃ နှစ်အရွယ် ဂရော်ဂရီ နီကာတို့ဟာ လူသတ်မှု ၃၉ မှုနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာကို ကူညီရေး ပူးပေါင်းပါဝင်မှု ၁ မှုတို့နဲ့ အပြစ်ရှိကြောင်း စီရင်ခံရပါတယ်။ တခြားလူ ၂ ယောက်ကတော့ လူသေမှုမှာ ပါတဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပြီးပါပြီ။  အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြား သေဆုံးသူ အများစုဟာ ဗီယက်နမ် မြောက် အလယ်ပိုင်း ငီးအန်းနဲ့ ဟာ့ထင်ပြည်နယ်တွေက ဆင်းရဲတဲ့ အလုပ်အကိုင်ရှာသူတွေလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago
More News
Up