လစ်ဗျား

January 17, 2021

လစ်ဗျား တာဟွန်နာမြို့တွင် အစုလိုက်မြှုပ်ထားသည့် မြေပုံထဲက အလောင်း ၂ လောင်း ထပ်တွေ့

လစ်ဗျားနိုင်ငံ တာဟွန်နာမြို့က လူတွေကို အစုလိုက် မြှုပ်ထားတဲ့ မြေပုံထဲကနေ အလောင်း ၂ လောင်း ထပ်တွေ့ထားတယ်လို့ လစ်ဗျား အာဏာပိုင်တွေကို ကိုးကားပြီး ဇန်နဝါရီ ၁၆ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မြို့ကို ဗိုလ်ချုပ်ကြီး ခါလီဖာ ဟက်ဖ်တာရဲ့ လစ်ဗျားအမျိုးသားစစ်တပ် (LNA) ဆီကနေ ထရီပိုလီ မြို့တော်အခြေစိုက် နိုင်ငံတကာ အသိအမှတ်ပြု (GNA) အစိုးရက ပြန်သိမ်းပြီးတဲ့နောက် ခုလို တွေ့ခဲ့တာပါ။ မြို့ထဲမှာနဲ့ မြို့တလွှားမှာ နေရာအတော်များများက အလောင်းတွေကို မီးမသင်္ဂြိုဟ်မီ သူတို့ဘယ်သူတွေ ဆိုတာ ဖော်ထုတ်ဖို့ ပထမဆုံး အသုတ်ထဲမှာ ဒီအလောင်းတွေလည်း ပါပါတယ်။  ၂၀၁၅မှာ ကာနီယတ် ပြည်သူ့စစ်တွေက မြို့ကို ထိန်းချုပ်ထားခဲ့အပြီး အယောက် ရာချီတဲ့ ဒေသခံတွေ ပြန်ပေးဆွဲခံကြရတယ်၊ ဒါမှမဟုတ် ပျောက်ဆုံးခဲ့ကြတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး Human Rights Watch က အရင်အပတ်က ပြောပါတယ်။  အယ်လ်ကာနီ မိသားစုဝင်တွေ ဦးဆောင်တဲ့ ကာနီယတ် ပြည်သူ့စစ်တွေဟာ ဗိုလ်ချုပ်ကြီး ခါလီဖာ ဟဲ့ဖ်တာရဲ့ (LNA) စစ်တပ်နဲ့ မဟာမိတ်ဖြစ်ပြီး ၂၀၁၉ ဧပြီမှာစတဲ့ ထရီပိုလီမြို့ကို ၁၄ လ ကြာ ဝန်းရံတိုက်ပွဲမှာ ကူညီခဲ့ပါတယ်။ အခုတော့ LNA စစ်တပ်က တပ်စွဲထားတဲ့ နိုင်ငံအရှေ့ပိုင်းနယ်မြေမှာ ရှိတယ်လို့ ယုံကြည်ရတဲ့ ကာနီယတ် ပြည်သူ့စစ်ခေါင်းဆောင်တွေကို GNA အစိုးရက ဖမ်းဝရမ်းထုတ်ထား ပါတယ်။ တနင်္ဂနွေနေ့မှာတော့ အာဏာပိုင်တွေရဲ့ မှုခင်းဆေးပညာ သိပ္ပံဌာနက တွေ့ထားတဲ့ အလောင်းတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကိုသုံးပြီး သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပိုများတဲ့ မိသားစုတွေက ဖော်ထုတ်အတည်ပြုဖို့ ကြိုးစားကြလိမ့်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကလည်း လစ်ဗျားနိုင်ငံ တာဟွန်နာမြို့ထဲမှာ အမှတ်အသားမရှိတဲ့ သင်္ချိုင်းလေးခုကနေ အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။
5 months Ago

December 28, 2020

လစ်ဗျား အတိုက်အခံတပ်ဖွဲ့များကို တူရကီ သတိပေး

လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာနဲ့ သူ့ကို ထောက်ခံသူတွေဟာ တူရကီစစ်တပ်ကို တိုက်ခိုက်ဖို့ ကြိုးစားရင် တရားဝင် ပစ်မှတ်တွေဖြစ်သွားလိမ့်မယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာက ဒီဇင်ဘာ ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။ ဟဲ့ဖ်တာဟာ လစ်ဗျားနိုင်ငံအတွင်း တူရကီစစ်တပ်တွေကို ပစ်မှတ်ထားဖို့ စတင် ဆော်သြနေပြီး တူရကီစစ်တပ်တွေကို တိုက်ခိုက်ဖို့လည်း ဆော်သြနေတယ်လို့ ထရီပိုလီမြို့တော်ရှိ တူရကီစစ်တပ်ဆီ သွားရောက်လည်ပတ်ချိန်မှာ ဝန်ကြီးက ပြောပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ပါ နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ လစ်ဗျားနိုင်ငံမှာ မြို့တော်ထရီပိုလီ အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု (GNA) အစိုးရကို အဓိက ထောက်ခံတဲ့ နိုင်ငံခြား တိုင်းပြည်ဟာ တူရကီပါ။ လစ်ဗျားအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာ ခေါင်းဆောင်တဲ့ LNA အစိုးရကိုတော့ ရုရှား အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အီဂျစ်တို့က ကျောထောက်နောက်ခံ ပေးထားပါတယ်။ အောက်တိုဘာလက GNA နဲ့ LNA အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂကလည်း အဖြေတရပ်အနေနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နိုင်ငံရေး ဆွေးနွေးဖို့ တွန်းအားပေးခဲ့ပါတယ်။ ရုရှားအစိုးရကလည်း လစ်ဗျားမှာ ငြိမ်းချမ်းရေး အခြေကျစေရေး နိုင်ငံတကာက အားထုတ်ကြဖို့ ဆော်သြခဲ့ပါတယ်။ တူရကီဟာ GNA အစိုးရအတွက် စစ်ဘက်အရာရှိတွေနဲ့ ပစ္စည်းကိရိယာတွေ ပေးပို့ခဲ့ပြီး GNA နဲ့ LNA အစိုးရတို့ကြား ပဋိပက္ခကို အဖြေရှာရေး ရုရှားအစိုးရနဲ့လည်း ဆွေးနွေးနေပါတယ်။
6 months Ago
More News
Up