လက်နက်ရောင်းချမှုပိတ်ပင်ရန်

April 3, 2021

တပ်မတော်ကို နိုင်ငံတကာက လက်နက်ရောင်းချမှုပိတ်ပင်ရန် ကေအန်ယူတောင်းဆို

လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်နေတဲ့ တပ်မတော်ကို ဖျက်အားပြင်းလက်နက်ကြီးတွေ၊ လက်နက်တွေ၊ လူသတ်နည်းပညာတွေ၊ ဂျက်တိုက်လေယာဉ်တွေ ရောင်းချတာကို နိုင်ငံတကာက ပိတ်ဆို့ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က  ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက သာလွန်အင်အားအသုံးပြုပြီး မတ်လ ၂၇ ရက်နေ့က ဖာပွန်ခရိုင် ညောင်လေးပင်ခရိုင်က ပြည်သူတွေကို  ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ကေအန်ယူကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ရပ်ကြောင့် လူမမယ်ကလေးတွေ ကျောင်းသားတွေ အပါအဝင်လူပေါင်းများစွာ သေဆုံးခဲ့ပြီး လူနေအိမ်တွေ စာသင်ကျောင်းတွေ ပျက်စီးခဲ့တာကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်က ပြည်တွင်းစစ် ကျယ်ပြန့်စွာဖြစ်ပေါ်ရေးကို တွန်းပို့နေပြီး နိုင်ငံရဲ့စည်းလုံးညီညွတ်ရေးနဲ့လွတ်လပ်ရေးအလုံးစုံကို ပျက်သုဉ်းရေးကို ဦးတည်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

Photo-DSINFO

1 month Ago
Up