လက်နက်ခဲယမ်း

December 28, 2020

မုဒုံမြို့နယ်တွင် မူးယစ်ဆေးပြား ၁ သိန်းကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာရှိ အပါချမ်းဆီဆိုင်အနီးမှာ ဒီဇင်ဘာ ၂၇ ရက် ည ၉ နာရီလောက်က စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီး ရမိခဲ့တယ်လို့ မွန်ပြည်နယ်မှုခင်းအကူဌာန တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ သံဖြူဇရပ်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ Probox နဲ့ Cheverolet Colorado မော်တော်ယာဉ် ၂ စီးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရပ်တန့် စစ်ဆေးရာမှာ WY/R စာတမ်းပါ မူးယစ်ဆေးပြား ၉၅၀၀ ပါ ပါကင်အထုပ်ကြီး ၁၀ ထုပ်၊ WY/R စာတမ်းပါ မူးယစ်ဆေးပြား ၇၆၀၀ ၊ စုစုပေါင်း ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ မော်တော်ယာဉ် နှစ်စီးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦး တွေ့ရှိခဲ့ပြီး အမျိုးသား ၁ ဦးဖြစ်တဲ့ ချမ်းမွန်ဆီကနေ ထိုင်ဝမ်နိုင်ငံထုတ် ပစ္စတို သေနတ် ၁ လက်၊ ကျော်ဘိုဘိုဆီကနေ ဂျာမနီနိုင်ငံထုတ် ပစ္စတို သေနတ် ၁ လက် နဲ့ ကားအတွင်းမှာတော့ အမှတ် ၁၀၂၃ တပ်ရင်း BGF တံဆိပ်ပါ အစိမ်းရောင်  ယူနီဖောင်း ၁ စုံ နဲ့ တူရကီနိုင်ငံထုတ် MK 12  အမျိုးအစား သေနတ် ၁ လက်နဲ့ စုစုပေါင်း ကျဉ်တောင့် ၁၈ တောင့် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါကြောင့် ချမ်းမွန် အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးကို မုဒုံမြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၉(က) ၊ ၂၀ (က) အပြင် လက်နက်အက်ဥပဒေ ပုဒ်မ ၂၁ ၊ ၂၂ (ခ) တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - ဇော်လွင်ထွဋ် 
4 months Ago

July 2, 2020

တာချီလိတ်နှင့်မိုင်းဆတ်တွင် ကျပ်သိန်း ၃၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်ခဲယမ်း များ ဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တို့မှာ ငွေကျပ်သိန်းပေါင်း ၃၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ အဆောက်အဦအဟောင်းနေရာနဲ့ ဝါးရုံပင်အောက်ရှိ မြေကြီးအတွင်းမှ ဆေးပြားရိုက်ရာမှာ အသုံးပြုတဲ့ တံဆိပ်မပါ သံမို ၁၄ ချောင်း၊ WY တံဆိပ်ပါ သံမို ၁၉ ချောင်း၊ ပင်နီယမ်ပါဒလက်နဲ့ ဆေးပြားရိုက်စက် အပိုင်းအစ အစိတ်အပိုင်း ၁၉ ခု၊ SEMON တံဆိပ်ပါ အခြောက်ခံစက် ၁ လုံး၊ ငွေကျပ်သိန်း ၃၂,၄၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၆၆,၀၀၀ ပြား၊ ရေစိုပျက်စီးနေတဲ့ စိတ်ကြွရူးသွပ်ဆေးပြားအခဲ ၂၀ ကီလို၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ အလားတူ ဇွန် ၃၀ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂ဝဝဝ ကျော်ခန့်အကွာ တောင်ယာဘေးလျှိုအနီးရှိ ချုံအတွင်းမှ မသင်္ကာဖွယ်အထုပ်တစ်ထုပ်အားတွေ့ရှိ စစ်ဆေးရာ ကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား၊ အဆင့်နိမ့်ဘိန်း သုည ဒသမ ၁၅ ကီလို၊ အဲဒီနေရာနဲ့ မီတာ ၃၀၀ အကွာ တောင်ယာဘေးချုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား၊ အိုက်စ် ၁ ကီလို တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
10 months Ago
More News
Up