လက်နက်ပစ္စည်းသင်္ဘော

March 4, 2015

ဖောက်ခွဲရေးသုံးပစ္စည်းသယ် သင်္ဘော ၁ စီးကို ကိုလံဘီယာ ဖမ်းဆီး

ကိုလံဘီယာအာဏာပိုင်တွေဟာ ယမ်းမှုန့် တန်ချိန် ၁၀၀ လောက်နဲ့ ဖောက်ခွဲရေးပစ္စည်း လုပ်ရာမှာ သုံးတဲ့ တခြားပစ္စည်းတွေကို တရားမဝင် သယ်ဆောင်ပြီး ကျူးဘားနိုင်ငံကို ခရီးထွက်လာတဲ့ တရုတ်အလံလွှင့် သင်္ဘော ၁ စီးကို ဖမ်းဆီးခဲ့တယ်လို့ ရှေ့နေ့ချုပ်ရုံးက အစီရင်ခံပါတယ်။ ကာရစ်ဘီယံကမ်းရိုးတန်းက ကာတာဂျီနာဆိပ်ကမ်းမှာ သင်္ဘောကို စစ်ဆေးချိန်မှာ ပစ္စည်း တွေကို ရှာတွေ့ခဲ့လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရပ်ခိုင်းခဲ့ပါတယ်။ ယမ်းမှုန့် တန်ချိန် ၁၀၀၊ စနက်တံ အခုရေ ၂.၆သန်း၊ လက်နက်ကြီး ကျည်ဖူး ၉၉ ခုနဲ့ အမြောက်ကျည်ဆန် အခု ၃၀၀ တို့ကို ရှာဖွေ တွေ့ရှိပြီးနောက် နာရီပိုင်းအတွင်း သင်္ဘောကို သိမ်းဆည်းပြီး သင်္ဘောကပ္ပတိန်ကို ကာတာဂျီနာမြို့ကို လုံခြုံရေးအစောင့်အရှောက်နဲ့ ခေါ်သွား ထိန်းသိမ်းထားတယ်လို့ ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး လူးဝစ် ဂွန်ဇာလက်က ပြောပါတယ်။ သင်္ဘောကို ကောက်ပဲသီးနှံတွေ တင်ထားတဲ့ သင်္ဘောအဖြစ် စာရင်းမှတ်ထားတာလို့ ကိုလံဘီယာအရာရှိတွေက ပြောပါတယ်။ သင်္ဘောကပ္ပတိန်ဟာ စစ်လက်နက်ပစ္စည်း တရားမဝင် တင်ပို့မှုနဲ့ စီရင်ခံရနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ စစ်လက်နက်တွေကို လှေပေါ်တင်ပြီး သယ်လို့ရတဲ့ ကုန်သေတ္တာအမျိုးမျိုးနဲ့ ထည့်ထားတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ သင်္ဘောဟာ ကာတာဂျီနာကနေ ဘာရန်ကေလာကို ဖြတ်သန်းပြီး ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်ဆီကို ခရီးဆက်ဖို့ စီစဉ်ထားပါတယ်။ သင်္ဘောနဲ့ သင်္ဘောဝန်ထမ်းတွေရဲ့ သတင်းအချက်အလက်တွေကိုတော့ ရှေ့နေချုပ်ရုံးက မထုတ်ပြန်ခဲ့ပါဘူး။  
6 years Ago
Up