ရွှေ့ပြောင်းလုပ်သား

July 23, 2021

ကန်ကျနပူရီသစ်သီးစက်ရုံတွင် ရွှေ့ပြောင်းလုပ်သား ၁၄၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထာ့မကာမြို့နယ် ရှဲန်တော်အုပ်စုရှိ ဗီတာဖုဒ် (Vita Food) သစ်သီးဝလံစက်ရုံမှာ ရွှေ့ပြောင်းအလုပ်သမား ၁၄၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်က အလုပ်သမား ၄၉ ဦးဆီမှာ ပိုးတွေ့ပြီးတဲ့နောက် ကျန်လုပ်သား ၄၁၄ ဦးကို စစ်ဆေးရာမှာ ဇူလိုင် ၂၁ ရက်နေ့မှာ နောက်ထပ် ၁၄၁ ဦး ကူးစက်ခံထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

 ဒါ့ကြောင့် အဆိုပါ အနီးနားတဝိုက်ရှိ စက်ရုံအလုပ်ရုံပေါင်း ၇ ခု ကို ပိတ်ထားဖို့  စက်ရုံနဲ့တကွ  အနီးနားရှိ ဟွာဖုန်းရပ်ကွက်ကိုလည်း ၁၄ ရက်တာ အဝင်အထွက်ကန့်သတ်ထားဖို့ ကန်ကျနပူရီ ခရိုင်ဝန်က ညွှန်ကြားထားပါတယ်။ 

စက်ရုံ ၇ ခုနဲ့ ဟွာဖုန်းရပ်ကွက်က လူဦးရေစုစုပေါင်း ၂၀၀၀ ကျော်ရှိပြီး ထွက်ပြေးလို့မရနိုင် အောင်လည်း လုံခြုံရေးချထားတယ်လို့ ဆိုပါတယ်။ 

ဖရူဒီ ဒရွိုင်း (Fruity Dry) စက်ရုံက အလုပ်သမားပေါင်း ၁၁၀၀ ကို ကိုဗစ်-၁၉ စစ်ဆေးပေမယ့်ကိုယ်ရေးအချက်အလက်မေးမြန်းရာမှာ အလုပ်သမားတွေဟာ ထိုင်းစကားမပြော တတ်ကြောင်း၊ ဘာသာပြန်ကနေတဆင့် ဖြေဆိုနေရလို့ ၁ ပတ်လောက်ကြာမှပြီးမယ်လို့   လူထုကျန်းမာရေးဌာနက ပြောပါတယ်။ 

ဇူလိုင် ၂၂ ရက်နေ့မှာ စက်ရုံအနီးပတ်ဝန်းကျင်ရပ်ကွက်က ထိုင်းလူမျိုး ၇၀၀ ကျော်ကို စစ်ဆေးထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ် ။ 

အဆိုပါ စက်ရုံတွေမှာ အများစုက မြန်မာအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ကိုးကား -     https://www.khaosod.co.th/covid-19/news_6523339

2 days Ago

July 15, 2021

ရွှေ့ပြောင်းလုပ်သားများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ထိုင်းကျန်းမာရေး ညွှန်ကြား

ထိုင်းနိုင်ငံထဲ နေထိုင်သူတွေအားလုံး ခွဲခြားမှုမရှိဘဲ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးရမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဦးစီးဌာနက ကြေညာ ထားပါတယ်။ 

အဲဒီနောက် ကူးစက်နှုန်းမြင့်မားတဲ့ဒေသမှာ ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးတွေ အခမဲ့ထိုးနှံပေးနေပါတယ်။ 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာဆိုရင် သက်ဆိုင်ရာ အလုပ်ရှင်တွေအနေနဲ့ မိမိအလုပ်သမားတွေကို  ကာကွယ်ဆေးထိုးနိုင်ဖို့ အမည်စာရင်းပေးထားဖို့ တိုက်တွန်းနှိုးဆော်ထား ပါတယ်။

ချင်းမိုင်ခရိုင်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနအနေနဲ့  ခရိုင်ထဲမှာရှိတဲ့   နိုင်ငံခြားသားတွေရော၊ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးကိုပါ  ကိုဗစ်-၁၉ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးဖို့ စီစဉ်လျက်ရှိကြောင်း၊  အဆိုပါ အုပ်စုအတွက် ကာကွယ်ဆေးလိုအပ်ချက် အရေအတွက်ကို သိရဖို့ ခရိုင်အလုပ်သမားရုံးကို တာဝန်ပေးအပ်ထားပြီး စာရင်းတွေရပြီးပါက ခရိုင်ကျန်းမာရေးဌာနကို ပြန်လည်ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ချင်းမိုင်ခရိုင် အလုပ်သမားစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး နိုင်းဝိနိုင်း ထောင်းန်ဥဘွန်းက ပြောပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာအလုပ်ရှင်တွေအနေနဲ့ ကာကွယ်ဆေးထိုးမယ့် မိမိအလုပ်သမား အမည်စာရင်းတွေကို အလုပ်သမားရုံးမှာ ပေးသွင်းထားဖို့၊ အလုပ်သမားအများကြီးရှိတဲ့ လုပ်ငန်း ရှင်တွေအနေနဲ့ ဖောင်ဖြည့်ဖို့အတွက် Excel ဇယားဖိုင် ရယူဖို့ Line ID @doecmi ကို ဆက်သွယ်ဖို့ ကြေညာထားပါတယ်။ နောက်ထပ်သိလိုတဲ့ အချက်များအတွက် ချင်းမိုင်ခရိုင်အလုပ်သမားရုံး ဖုန်းနံပါတ် ၀၅၃ ၁၁၂၉၁၂ မှ ၄ ထိ အစိုးရရုံးဖွင့်ချိန်တွင်း ဆက်သွယ်မေးမြန်းနိုင်သလို Line ID @doecmi ကိုပါ ဆက်သွယ်နိုင်ကြောင်း ထိုင်းအစိုးရပြန်ကြားရေးဌာနသတင်းက ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းမိုင်ခရိုင် အချို့မြို့နယ်တွေမှာတော့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ အဖွဲ့လိုက်ကွင်းဆင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမယ့် အလုပ်ရှင်နဲ့အလုပ်သမားစာရင်းတွေ လိုက်လံကောက်ခံနေကြပါတယ်။   

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာတော့ ပြီးခဲ့ ဇွန်လ ၃၀ ရက်နေ့က တည်းကစ နိုင်ငံခြားသား နဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပြီလို့ ကော့စမွီလူထုကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဘန်ကောက် ကျူလားဖွန်း တော်ဝင်ဆေးရုံမှာလည်း ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံလိုပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ဆေးရုံဝက်ပ်ဆိုက် https://vaccinecovid19.cra.ac.th/VaccineCOVID19Content/content/home မှာ ကြေညာထားပါတယ်။ 

အမည်စာရင်းပေးရာမှာ သက်ဆိုင်ရာအလုပ်သမားရဲ့ ပန်းရောင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်လိုအပ်ပြီး ရောဂါအခံရှိမရှိ၊ ဆေးမတည့်တဲ့ရာဇဝင်၊ ကိုယ်အလေးချိန်၊ အရပ်အမောင်း၊ သွေးပေါင်ချိန် စတဲ့အချက်အလက် ဖြည့်ရမှာဖြစ်ကြောင်း၊ ဆေးလာထိုးရမယ့် နေ့ရက်နဲ့ နေရာကို SMS မက်ဆေ့ချ်နဲ့ အကြောင်းကြားပေးမယ်လို့ ဆိုပါတယ်။ 

ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေတဲ့ HRDF (လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း) မှ တာဝန်ခံ စိုင်းပိုင်းကလည်း တချို့ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလိုသူများ အမည်စာရင်း ကောက်ခံနေတာကြောင့်  လူမှုရေးအာမခံကတ် (ပကန်ဆန်ခုံး) နဲ့ ကျန်းမာရေးအာမခံကတ်လုပ်ထားတဲ့ အလုပ်သမားတွေအနေနဲ့ မိမိအမြဲကုသခွင့်ရထားတဲ့ ဆေးရုံတွေမှာ စုံစမ်းပြီး အမည်စာရင်း တင်ထားနိုင်တယ်လို့ ပြောပါတယ်။   

ရွှေ့ပြောင်းလုပ်သားထောင်နဲ့ချီ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တဲ့ စမွတ်ဆာခွန်းခရိုင်မှာဆိုရင် အလုပ်သမားတော်တော်များများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံခြားသားတွေ၊ သံတမန်ဝန်ထမ်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေအားလုံး ထိုင်းလူမျိုးတွေနဲ့အတူ ကာကွယ်ဆေး ရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာ လူဦးရေသန်းပေါင်း ၇၀ လောက်ရှိပြီး ထိုင်းလူမျိုးက ၆၇ သန်း နဲ့ နိုင်ငံခြားသားက ၃ သန်းခန့်ရှိတာကြောင့် ကာကွယ်ဆေး သန်းပေါင်း ၁၀၀ လိုအပ်တယ်လို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အိုဖတ်စ် ကိုင်ရ်ကဝင်းဖုန်းက ပြီးခဲ့တဲ့ မေလ ၆ ရက် ကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ 

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရာနဲ့ချီ ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ တာ့ခ်ခရိုင် မဲဆောက်မှာတော့ ကာကွယ်ဆေးကို ထိုင်းလူမျိုးတွေပဲ ထိုးနှံနေတာတွေ့ရပြီး အလုပ်သမား တွေအတွက် ဘာမှမကြားသေးဘူးလို့  မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“အစိုးရကတော့ မိခင်နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် အကုန်ထိုးပေးမယ်လို့ ပြောတာပဲ။ ကျနော်တို့ဆီမှာတော့ ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ဆေးထိုးဖို့ ဘာမှ လှုပ်လှုပ်ရှားရှားမရှိဘူး၊ ထိုင်းလူမျိုးတွေတော့ ထိုးနေကြတာပဲ၊ ကျနော့်အထင်တော့ ဦးစား ပေးအလိုက်လာလိမ့်မယ်လို့ ထင်တာပဲခင်ဗျ။”

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံလျက်ရှိပေမယ့် တရုတ်နိုင်ငံက တင်သွင်းတဲ့  Sinovac ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးတာတောင် ကိုဗစ်-၁၉ ကူးစက်ခံရတာတွေ၊ သေဆုံးသူတွေရှိနေတာကြောင့် ပြည်သူတွေကြားမှာ ကာကွယ်ဆေးထိုး‌ရေး မထိုးရေး ဒွိဟဖြစ်နေ တာတွေလည်း ရှိနေပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကူးစက်ခံရသူတွေ နေ့စဉ် သောင်းဂဏန်းနီးပါး မြင့်တက်နေပြီး ဇူလိုင် ၁၅ ရက် ထုတ်ပြန်ချက်မှာလည်း လူနာသစ် ၉၁၈၆ ဦး၊ သေဆုံးသူ ၉၈ ဦး ရှိပါတယ်။ မနှစ်ကစ ဒီနေ့ထိ ထိုင်းမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၃၇၂၂၁၅ ဦးရှိပြီး ၂၆၆၁၂၇ သက်သာပျောက်ကင်းကာ သေဆုံးသူပေါင်း ၃၉၃၂ ဦးရှိပါတယ်။

1 week Ago
More News
Up