ရွှေ့ပြောင်းဒုက္ခသည်

March 13, 2020

ဂရိကျွန်းရောက် ရွှေ့ပြောင်းဒုက္ခသည် တဦးလျှင် ယူရို ၂၀၀၀ ပေး၍ ပြန်လွှတ်ရန် အီးယူစီစဉ်

ဥရောပသမဂ္ဂ အီးယူဟာ ဂရိကျွန်းတွေပေါ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို တဦးလျှင် ယူရိုနှစ်ထောင်ပေးပြီး ပြန်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြ ပါတယ်။  အီးယူအနေနဲ့ ဂရိကျွန်းတွေပေါ်က ကျပ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ဇာတိနိုင်ငံကို ပြန်ချင်တဲ့သူတွေကို တယောက် ယူရို နှစ်ထောင်ပေးသွားမှာလို့  မတ်လ ၁၂ ရက်မှာ အီးယူ ပြည်ထဲရေးရာကော်မရှင်နာမင်းကြီးက အေသင်မြို့တော်မှာ ကြေညာခဲ့တာပါ။ ဒီအစီအစဉ်ကို အီးယူဟာ ဂရိနဲ့သဘောတူညီချက်ယူခဲ့ပြီး ဇန်နဝါရီလ ၁ ရက် မတိုင်ခင် ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် အချိန်တလသာ အကျုံးဝင်မယ်လို့ ဆိုပါတယ်။  ဒီလအတွင်း ရာနဲ့ချီတဲ့ရွှေ့ပြောင်းဒုက္ခသည်တွေဟာ တူရကီနယ်စပ်အနီးက ဂရိကျွန်းတွေဆီ လှေတွေနဲ့ ရောက်လာပြီး မူလက ဒုက္ခသည်ဦးရေ လေးသောင်းကျော်ရှိတဲ့ ကျွန်းတွေပေါ်က စခန်း တွေမှာ နောက်ထပ် ရွှေ့ပြောင်းတွေ ပိုရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago

March 8, 2020

နယ်စပ်ခြံစည်းရိုးကို ရွှေ့ပြောင်းဒုက္ခသည်များ မီးရှို့၊ ဂရိရဲတပ်ဖွဲ့ မီးသတ်ပိုက်များဖြင့် ဖြိုခွင်း

တူရကီ-ဂရိနယ်စပ်မှာ မတ်လ ၇ ရက်ညပိုင်းအထိ ရွှေ့ပြောင်းဒုက္ခသည်တွေ အတင်းဖြတ်ကျော်ဝင်ရောက်ဖို့ကြိုးစားကာ နယ်စပ်ခြံစည်းရိုးတလျှောက် မီးရှို့ခဲ့ကြတာကြောင့် ဂရိတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေနဲ့ ထိုးခွဲဖြိုခွင်းခဲ့ပါတယ်။  တချို့ရွှေ့ပြောင်းဒုက္ခသည်တွေဟာ မနက်ပိုင်းကထဲက ခြံစည်းရိုးကို တွန်းလှဲဖို့ ကြိုးစားခဲ့ပေမဲ့ ဂရိရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေက  ကတ်စတန်နီနယ်စပ်တလျှောက် အင်အားအပြည့်နဲ့ စောင့်ကြပ်နေခဲ့ကြပါတယ်။  ရွှေ့ပြောင်းတွေရဲ့  ဖြတ်ကျော်ဝင်ဖို့ အကြိမ်ပေါင်းထောင်ချီ ကြိုးစားမှုတွေကို ပြီးခဲ့တဲ့ ၈ ရက် အတွင်း တားဆီးခဲ့ရတယ်လို့ ဂရိအာဏာပိုင်တွေက ပြောထားပါတယ်။  ဖေဖော်ဝါရီ ၂၉ ကနေ မတ် ၇ ရက်နေ့အထိ ဂရိနယ်ထဲကို ဝင်ရောက်ဖို့ ကြိုစားတဲ့ အကြိမ်ရေပေါင်း ၃၉၅၀၀ ရှိခဲ့ပြီး လူ ၂၈၀ ကို ဖမ်းဆီးထားတယ်လို့ ဂရိအစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 
1 year Ago

ရွှေပြောင်းဒုက္ခသည်များနှင့် ဂရိရဲတပ်ဖွဲများကြား တင်းမာမှုမြင့်တက်

ဥရောပကို ဝင်ရောက်ဖို့ကြိုးပမ်းတဲ့  ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ဂရိရဲတပ်ဖွဲ့ဝင်တွေအကြား တင်းမာမှုတွေ မြင့်တက်လာသလို မတ်လ ၇ ရက်က   တူရကီ-ဂရိနယ်စပ်မှာ မျက်ရည်ယို ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေပါတယ်။  ရွှေ့ပြောင်းဒုက္ခသည်တွေက ဆန္ဒပြပြီး ဂရိနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခဲတွေနဲ့ပစ်ရောက်ရာက ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပြန်ပစ်ခဲ့တယ်လို့ အမည်မဖော်ပြတဲ့ ဆီးရီးယားဒုက္ခသည် တဦးက ပြောပါတယ်။  ဥရောပသမဂ္ဂကတော့ တူရကီနယ်စပ်က ဒီရွှေ့ပြောင်းဒုက္ခသည်တွေကို အီးယူအဖွဲ့ဝင် ဂရိနိုင်ငံထဲ  ကျော်ဝင်ဖို့ကြိုးစားတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပေမဲ့ တူရကီဘက်က အကူ အညီပေးဖို့ အလားအလာတွေ မရှိသေးတာမို့ တူရကီ-ဂရိနယ်စပ်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေ သောင်တင်နေတာ နှစ်ပတ်တာကြာ မြင့်လာခဲ့ပါပြီ။  တူရကီနိုင်ငံဟာ ၂၀၁၆က  ဥရောပသမဂ္ဂနဲ့ သဘောတူ စာချုပ်ချုပ်ဆိုပြီး သူတို့ရဲ့ နယ်စပ်တွေထဲမှာ ရွှေ့ပြောင်းတွေကို ထိန်းထားပေးဖို့ အထောက်အပံ့ ယူရိုဘီလီယံနဲ့ချီပြီး ရခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ မှာတော့ ဒုက္ခသည်တွေကို နိုင်ငံထဲထိန်းချုပ် ပိတ်ဆို့ မထားနိုင်တော့ဘူးလို့  တူရကီက ကြေညာခဲ့ပါတယ်။  ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါး လက်ခံထားရတဲ့ တူရကီက အီးယူဟာ အရင်ကပေးထားတဲ့ ကတိတွေကို လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ဆိုပါတယ်။  ဒါ့အပြင် ရုရှား ကျောထောက်နောက်ခံပြု ဆီးရီးယားစစ်တပ်ကို ရင်ဆိုင်နေရတဲ့ တူရကီဟာ  ဆီးရီးယားစစ်ပွဲမှာ အီးယူရဲ့ ထောက်ခံမှုကို ရယူလိုတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
More News
Up