ရွှေ့ပြောင်း

September 19, 2021

အရာတော်မြို့နယ်က ကျေးရွာအချို့ကို ရွှေ့ပြောင်းပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာတွေမှာ  စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသလို ရွာတွေကို ရွေ့ပြောင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်စာကပ်တာ၊ လော်စပီကာနဲ့ ကြေညာတာတွေ  စက်တင်ဘာ ၁၈၊ ၁၉ ရက် နေ့တွေက ထပ်မံ ပြုလုပ်နေတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

လက်လုပ်ဗုံး၊ မိုင်းနဲ့ လက်နက်ကိုင်ဆောင်သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သွားမှာဖြစ်ပြီး ဆန္ဒပြ အကြမ်းဖက်လှုပ်ရှားမှုလုပ်တဲ့ ကျေးရွာတွေကို မိမိအိမ် မိမိရွှေ့စနစ်နဲ့ ရွှေ့ပြောင်းခိုင်းမှာ ဖြစ်တယ်လို့ လည်း ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။

ကဲဘာရွာ၊ ဆင်တလည်ရွာ၊ ညောင်ခြေထောက်ရွာတွေလည်း ပြောင်းရွှေ့ရနိုင်ပြီး ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲချင်းကျေးရွာတွေလည်း အလားအလာမကောင်းကြောင်း သိစေအပ်ပါတယ်လို့ စစ်ကောင်စီ ဖြန့်‌ဝေတဲ့ လက်ကမ်းစာရွက်မှာ ရေးသားထားပါတယ်။

အရာတော်မြို့နယ်မှာ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ကြွေပုဂံ (၂) ရွာ၊ မလဲသာ၊ ကန်ရင်း၊ မင်းရွာ၊ ကျီးကန်၊ နောင်ကြီးအိုင်၊ ကဲဘာ၊ ဆင်တလည်၊ ညောင်ခြေထောက်၊ ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲချင်းရွာ စတဲ့ ရွာပေါင်း ၁၅ ရွာကို ရွှေ့ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

2 months Ago

August 28, 2021

ရွှေ့ပြောင်းများနှင့် အိုးမဲ့အိမ်မဲ့များအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် MSF စီစဉ်

ပြင်သစ်အခြေစိုက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် ကိုဗစ်-၁၉  ကာကွယ်ဆေးတွေ ထိုးနှံနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိစေဖို့ တောင်းဆိုနေပြီး ဘယ်လို လူမှုဖူလုံရေးကတ်မှ ပြစရာမလိုဘဲ ဝင်ရောက် ကာကွယ်ဆေးထိုးနိုင်တဲ့ ယာယီတဲတွေလည်း စီစဉ်ထားပါတယ်။ 

ပြင်သစ်နိုင်ငံမှာ ကာကွယ်ဆေးထိုးဖို့ လူမှုဖူလုံရေးကတ်တွေပြသဖို့ တရားဝင် မလိုအပ်ပေမဲ့ တချို့စင်တာတွေမှာတော့ တောင်းခံနေတာပါ။ 

ဇွန်လအစောပိုင်းက ယာယီကာကွယ်ဆေးထိုးစင်တာတွေ စလုပ်ထားချိန်ကတည်းက လူပေါင်း ၅,၄၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ပါရီဒေသရှိ MSF လုပ်ငန်းများ အကြီးအကဲ ဒေါက်တာ ဘာရစ်ဒဗေတွန် က ပြောကြားခဲ့ပါတယ်။ 

သူတို့မှာ ပုံမှန်ကာကွယ်ဆေးထိုးတဲ့ဌာနတွေဆီကို မသွားဖြစ်ဖို့ တားဆီးနေတဲ့ အခက်အခဲ နည်းနည်းရှိနေတယ်လို့ ဒေါက်တာ ဘာရစ်ဒဗေတတွန်က အင်တာနက်အသုံးပြုခွင့်၊ ဘာသာစကား အတားအဆီးတွေ၊ လူမှုဖူလုံရေးနဲ့ အုပ်ချုပ်ရေးအဆင့်အတန်းတို့ကို ကိုးကားပြီး သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဆေးလာထိုးကြတဲ့သူ အများစုက သူတို့ရဲ့ ဒုတိယအကြိမ်မြောက် ထိုးရမယ့်ဆေးကို လာထိုးကြတာလို့လည်း ဆိုပါတယ်။ 

အများစုသော ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေကြောင့် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတို့ကနေ ပြင်သစ်ကို ထွက်ပြေးရောက်ရှိလာကြတာပါ။ 

ပြင်သစ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ပထမဆုံးထိုးဆေးကို လက်ခံရရှိထားပြီး ကာကွယ်ဆေးအပြည့်အဝထိုးပြီးထားကြသူ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ 

3 months Ago
More News
Up