ရွေးကောက်ပွဲကော်မရှင်ရုံး

February 25, 2021

တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို စစ်တပ်ကလာရောက်ပြီး စာရွက်စာတမ်းများ ယူဆောင်သွား

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို စစ်တပ်က ဖေဖော်ဝါရီ ၂၄ ရက်က ကားနဲ့လာပြီး စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေသယ်ယူသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

“ညနေ ၂ နာရီခွဲ၊ ၃ နာရီ အချိန်လောက်မှာ စစ်တပ်ကကားတစီးနဲ့ စစ်သားက ၅ ယောက် လောက်ရှိတယ်။ အမျိုးသမီးတချို့လည်းပါတယ်။ ရဲမေတွေလို့ ထင်ပါတယ်။ ဒီမတိုင်ခင်ကလည်း လိုက်ထရပ်တစီး လာသေးတယ်။ ရုံးထဲကနေ အိတ်တွေနဲ့ ၄၊ ၅ ခေါက်သယ်သွားတာ” လို့ ပြောပါတယ်။

သယ်ယူတဲ့ပစ္စည်းတွေကို  ဘယ်ကိုပို့တယ်ဆိုတာတော့ မသိဘဲ ဒေသခံတချို့ကတော့ မြို့နယ်ထွေအုပ်ရုံးကို ပို့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားတယ်လို့ တပ်မတော်က စွပ်စွဲထားပြီးနောက် ရုံးမှာ သိမ်းဆည်းထားတဲ့ စာရွက်စာတမ်းတွေကို သက်သေမရှိ၊ ကော်မရှင်အဖွဲ့ဝင်တွေမရှိဘဲ ခုလို လာရောက်ယူသွားတာဖြစ်ပါတယ်။

တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ဖမ်းဆီးထားပြီး ခုချိန်ထိ ဘယ်မှာရှိတယ်ဆိုတာလည်း မသိရသေးပါဘူး။

4 months Ago
Up