ရွေးကောက်ပွဲကော်မရှင်

April 15, 2021

ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး လှေကားပေါ်ကလိမ့်ကျသေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး အသက် ၅၃ နှစ်အရွယ် ဦးတင်မောင်စန်းဟာ ဧပြီ ၁၃ ရက်နေ့က လှေကားပေါ်ကလိမ့်ကျပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကော်မရှင်ရုံးကို မဲစာရင်းစစ်ဖို့သွားတာဖြစ်ပြီး ရုံးက လှေကားပေါ်က လိမ့်ကျခဲ့လို့ နံရိုးကျသေဆုံးခဲ့တာလို့ နာရေးသွားမေးခဲ့သူတွေက ပြောပါတယ်။

"အဲ့ဦး လေးက ပြန်လွတ်လာတာ မကြာသေးဘူး၊ မဲစာရင်းစစ်ဖို့ ဆိုပြီးသူ့ကိုလာခေါ်သွားပြီး လှေကားပေါ်က ပြုတ်ကျတယ်ဆိုပြီး သူ့အမျိုးသမီးကို အကြောင်းကြားတာ အဲ့လိုပြောတယ် ခြေထောက်တွေမှာတော့ အညိုမည်းဆွဲနေတာ တွေ့ခဲ့တယ်''လို့ ပြောပါတယ်။

တစ်လနီးပါးဖမ်းဆီးခံထားရပြီး ပြန်လွတ်လာတဲ့ ဦးတင်မောင်စန်း ဟာ ပြန်လွတ်လာချိန်မှာ ကျန်းမာရေးကောင်းမွန်စွာလမ်းလျှောက် လေ့ရှိတာကို မြင်တွေ့ရလေ့ရှိတယ်လို့ ပတ်ဝန်းကျင်နေသူတွေက ပြောပါတယ်။

မဲစာရင်းစစ်ဖိုခေါ်သွားပြီး လှေကားပေါ်ကလိမ့်ကျခဲ့တဲ့ ဦးတင်မောင်စန်းဟာ ဦးခေါင်းမှာ ဒဏ်ရာတွေရရှိခဲ့သလို နံရိုးတွေကျိုးပြီး သေဆုံးခဲ့တာပါ။

ဦးတင်မောင်စန်းရဲ့အလောင်းကို ဧပြီလ ၁၅ ရက်နေ့မှာ သရောင်းချောင်းမှာ မီးသဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်

4 weeks Ago

February 24, 2021

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး SNLD မတက်

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ခေါ်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ မတက်ရောက်ဘူးလို့  ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ကျင်းပတဲ့ စီအီးစီအစည်းအဝေးမှာ အလုပ်အမှုဆောင်တွေအကုန်လုံး တညီတညွတ်တည်းဆုံးဖြတ်ကြတာပေါ့နော်။ အဲဒါကြောင့် မတက်ဖြစ်တာ ၊ ဘာဖြစ်လို့မတက်တာ တုန်းဆိုတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြုမူလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေဟာ ကျနော်တို့ SNLD ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက် ၊ နိုင်ငံရေးရပ်တည်ချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့အ အတွက်ကြောင့်မို့လို့  သူတို့ဖွဲ့ထားတဲ့ ယူအီးစီက ဖိတ်ကြားလာတဲ့အပေါ်မှာ ကျနော်တို့က မတက်ရောက်ဘူးလို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ် ”။ 

လက်ရှိ နိုင်ငံတဝန်းမှာပေါ်ပေါက်နေတဲ့  စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအပေါ်မှာလည်း SNLD ပါတီအနေနဲ့ ပြည်သူ လူထုရဲ့ ဆန္ဒကိုသာ အလေးထားပြီး လူထုဆန္ဒအတိုင်းပဲ ရပ်တည်တယ်လို့ ဦးစိုင်းလိတ်က   ဆက်ပြောပါတယ်။ 

“ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုက ၂ ပိုင်းရှိမှာပေါ့နော် CDM က အစိုးရ ဝန်ထမ်းတွေက လုပ်ငန်းမဆင်းဘဲနဲ့ ဆန္ဒပြတယ်။ ပြည်သူလူထုကလည်း ကျားမကြီးငယ်မရွေး အထွေထွေသပိတ်မှောက်တယ်။ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ ဆန့်ကျင် ကန့်ကွက်နေကြတာပေါ့နော်။  သူတို့အနေနဲ့ အာဏာရှင်စနစ်ကို မလိုလားလို့ ဆန့်ကျင်ဆန္ဒပြ နေ တဲ့ အပိုင်းပေါ့။ ကျနော်တို့ နိုင်ငံရေးပါတီအနေနဲ့ကျတော့ ကိုယ့်ရဲ့နိုင်ငံရေးရပ်တည်ချက်နဲ့လည်း မတူဘူး၊ လူထုရဲ့ဆန္ဒနဲ့လည်းမကိုက်ညီဘူးဆိုလို့ရှိရင် ကျနော်တို့က လူထုရဲ့ ဆန္ဒကိုပဲ အလေး ထားတယ် ၊ လူထုဆန္ဒအတိုင်းဘဲ ရပ်တည်သွားမယ်”

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ရွေးကောက်ပွဲသစ် ကျင်းပပေးမယ်လို့ ပြောထားတဲ့ အပေါ်မှာတော့ ဦးစိုင်းလိတ်က  “ရွေးကောက်ပွဲက ဘယ်နေမှန်းလဲမသိဘူး။ အဲဒီတော့ကြိုပြီးမှလည်း မှတ်ချက်မပေးချင်ပါဘူး။ အာဏာသိမ်းတဲ့စစ်ကောင်စီတိုင်းကတော့ ဒီတိုင်းပဲပြောကြတာပါပဲ။ ရွေးကောက်ပွဲကို တစ်နှစ်အတွင်းလုပ်ပေးမယ်၊ ၆ လ အတွင်းလုပ်ပေးမယ် စသဖြင့် အဆက်ဆက်အဲလိုပဲ ပြောပြု လာကြတာပါပဲ။ ဒါပေမဲ့ အဲဒါက ဆောက်ဖြစ်မှကျောင်း ဒကာပါ။ ”

SNLD ပါတီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီးမှာ  ပါဝင်ဖို့ ကမ်းလှမ်းတာခံခဲ့ရပေမယ့်လည်း ပါတီမူဝါဒနဲ့မကိုက်ညီတာကြောင့်  ငြင်းပယ်ခဲ့ပါတယ်။

3 months Ago
More News
Up