ရွေးကောက်ပွဲကုန်ကျစရိတ်

January 10, 2021

ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သည့် ကိုယ်စားလှယ်လောင်းကို အမည်ပျက်စာရင်း ထုတ်မည်

၂၀၂၀ ရွေးကောက်ပွဲမှာ ကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကို အမည်ပျက်စာရင်း တင်သွင်းသွားမယ်လို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ဒီနေ့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၅ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အပါအဝင် ၁၉၉ ယောက်ရှိပြီး ကိုယ်စားလှယ်လောင်း ၁ ယောက်ပဲ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တာပါ။

ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီး  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က “လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးကို  အနိုင်ရတဲ့သူတွေရော အနိုင်မရတဲ့သူတွေရော ဖုန်းနဲ့ အကုန်လိုက်ဆက်တယ်။ မရ ရအောင်လိုက်ဆက်တယ်။ သူကျတော့ ဆက်လို့မရတော့ သူ့ပါတီက ပါတီဥက္ကဋ္ဌကို  အကြိမ်ကြိမ်ဆက်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်” လို့ ဆိုပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောမောင်ကြီးကတော့ ကုန်ကျစရိတ်မတင်တာ ခရီးလွန်နေလို့ဖြစ်တယ်လို့ ပြောပါတယ်။

“မြဝတီကို ခရီးလွန်သွားတာ ဟုတ်တယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်ရှင်းတမ်း မတင်တာကတော့ တစုံတခုသော အကြောင်းတရားကတော့ သူတို့ဆီမှာပဲ ရှိမယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဥပဒေအတိုင်းဖြစ်သင့်ပါတယ်”လို့ ဆိုပါတယ်။

အဲဒီ ကိုယ်စားလှယ်လောင်းကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်  ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၅ ခုက  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရဲမင်းခေါင်

5 months Ago

December 22, 2020

နေပြည်တော်က ကိုယ်စားလှယ် ၆၆ ဦးအနက် ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ၁ ဦး ပျက်ကွက်

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ နေပြည်တော် ၈ မြို့နယ်အတွင်းမှာ ပါတီအသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ် ၆၆ ဦး ရှိတဲ့အနက် ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းဟာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ကော်မရှင်က ပြောပါတယ်။ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွန်ကြားရေးမှူး ဦးအောင်စိုးဝင်းက “ပြည်သူ့ပါတီက ဦးစိန်ဝင်းကတော့ သတ်မှတ်ရက်မှာ လာမတင်ဘူး။ သူ့ကိုတော့ အမည်ပျက်စာရင်း (အရည်အချင်း ပျက်ယွင်းသူအဖြစ်) ထည့်သွင်းကြေညာဖို့အတွက် အစီရင်ခံစာကိုတော့ ၁၇ ရက်နေ့မှာ တင်လိုက်ပြီ UEC ကို။ UEC က သူ့ဟာသူ ငါတို့က တင်ပြီဆိုတာနဲ့ ခုံအဖွဲ့ဖွဲ့မယ်။ ဖွဲ့ပြီးတာနဲ့ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာမှာပေါ့။ UEC က သူ့ဟာ သူ ဆက်လုပ်သွားမှာ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာခံရတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို သတ်မှတ်ရက်အတွင်း မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲ နည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမှာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကိုယ်စားလှယ် ၆၆ ဦး သုံးစွဲခဲ့တဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ဟာ စုစုပေါင်း ကျပ်သိန်း ၃၅၀၀ ကျော်ရှိခဲ့ပါတယ်။  ဒါ့အပြင် ပါတီအသီးသီးက ကိုယ်စားလှယ် ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်တာမှာ NLD ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေသာ ခိုင်လုံမဲ ရှစ်ပုံ တစ်ပုံရပြီး တစ်သီးပုဂ္ဂလနဲ့ ကျန်ပါတီက ကိုယ်စားလှယ်တွေဟာ ခိုင်လုံမဲ မရရှိတဲ့အတွက် ရွေးကောက်ပွဲအာမခံကြေး ပြန်လည်ထုတ်ယူခွင့် ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ NLD ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အခြေခံလူတန်းစားဘဝမြင့်တင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ တစ်သီးပုဂ္ဂလ ၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
6 months Ago
More News
Up