ရွေးကောက်ပွဲ

January 30, 2021

ရွေးကောက်ပွဲကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းကြရန် ဘာသာပေါင်းစုံအဖွဲ့ကြီးက မေတ္တာရပ်ခံ

ရွေးကောက်ပွဲကို အကြောင်းပြုပြီး လက်ရှိဖြစ်နေတဲ့ကိစ္စတွေမှာ ဆန္ဒကို မငြင်းခုံကြဘဲ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းကြဖို့ ဘာသာပေါင်းစုံအဖွဲ့ကြီးက မေတ္တာရပ်ခံပြီး ကေအန်ယူကလည်း အရေးပေါ်အစည်းအဝေးတခု ခေါ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဗဟိုအဖွဲ့က ဒီအချိန်ကာလဟာ မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူအပေါင်း ရင်ဆိုင် ခံစားနေရကြရပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတာတွေမှာ အခက်အခဲတွေ အများကြီး ခံစားနေရတဲ့ အချိန်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။ 

ဒီလိုအခြေအနေမှာ ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေအရ ရဟန်းရှင်လူ ပြည်သူတွေက စိုးရိမ်ကြောင့်ကြ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲ ရှိနေတာကို ကြားသိရတယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် ဘာသာပေါင်းစုံက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ရှေးရှုပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်ကို မိမိတို့ရဲ့ ဆန္ဒကို ငြင်းခုံမှုမပြုဘဲ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းအဖြေရှာဆောင်ရွက်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကလည်း လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းလာစေဖို့ သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံးပါဝင်မယ့် မျက်နှာစုံညီ ညှိနှိုင်းနိုင်တဲ့ အရေးပေါ်အစည်းအဝေးတခု အမြန်ဆုံးခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲတိုင်းရဲ့ အနိုင်၊ အရှုံး ရလဒ်နဲ့ တရားမျှတမှုကို တောင်းဆိုကြတာဟာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ အငြင်းပွားမှုတွေကို သက်ဆိုင်ရာ အစုအဖွဲ့တွေက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုတို့ကို အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ ညှိနှိုင်းဖြေရှင်းစေလိုတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအနှစ်သာရကို မပျက်ပြယ်စေဘဲ အပြန်အလှန် လေးစားအသိအမှတ်ပြုတာကို အခြေခံဖို့ လိုတယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ သာမန်နိုင်ငံရေးပြဿနာတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေရဲ့ သမားရိုးကျ စိန်ခေါ်မှုကိုပဲ ကြုံနေရတာမဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးကလည်း မြန်မာနိုင်ငံသားတွေရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်အပြုအမူမျိုးကိုမှ မလုပ်ကြဖို့ တာဝန်ရှိသူတွေကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ 

ဘယ် မကျေနပ်ချက်နဲ့ အငြင်းပွားတာကိုမဆို တည်ဆဲဥပဒေကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းသင့်တယ်လို့ ထုတ်ပြန်ပါတယ်။

3 months Ago

January 8, 2021

မဲစာရင်းအမှား လျော့ပါးစေဖို့ဆိုရင် (ဆောင်းပါး) 

၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးတဲ့နောက် မဲစာရင်း မှန်ခြင်း၊ မှားခြင်း ကိစ္စရပ်တွေ၊ စစ်ဆေးတာတွေ ကြားလာရတော့ အပိုင်းနှစ်ပိုင်း စဉ်းစားမိတယ်။ တခုက မြန်မာတွေရဲ့ ကိုယ့်ဆောင်တာ (Function) ကိုယ်မသိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အကြောင်းပေါ့။ နောက်တခုက ရွေးကောက်ပွဲ မဲစာရင်းအကြောင်းတွေကို စဉ်စားနေမိတယ်။ ကိုယ့်ဆောင်တာကိုယ် မသိတာလား။ ‘အပ်နဲ့မထွင်းဘဲ ပုဆိန်နဲ့ပေါက်’ချင်တဲ့ အဂတိစိတ်ရဲ့ ပြဋ္ဌာန်းခြင်းခံရသလားတော့ မဆိုနိုင်။ ဒီအကြောင်းကိုတော့ နောက်ကြုံမှ ပြောကြသေးတာပါ့။ အခုပြောချင်တာက ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းအကြောင်း ပြောချင်တယ်။ နိုင်ငံအတော်များများမှာလည်း မဲစာရင်းဟာ အနည်းနဲ့အများ မှားတတ်ကြတာပါပဲ။ အဂတိကြောင့် မမှားဖို့ဘဲ လိုတာပါ။ ကမ္ဘာ့နိုင်ငံတွေဖြစ်တာနဲ့စာရင် မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက မပြောပလောက်ပေမယ့် ပြောရဦးမှာပဲ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “စက်တင်ဘာ ၁၄ ရက်နေ့ ကြေညာမည့်မဲစာရင်း မှန်ကန်ရန် ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်တယ်” လို့ ပြောခဲ့ဖူးတာကို သတိရမိတယ်။ ရာနှုန်းပြည့် မှန်ရမယ်လို့တော့ ဘယ်သူမှ အာမ မခံနိုင်ကြဘူးဆိုတာ နားလည်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ သန်းခေါင်စာရင်း ကောက်ယူခဲ့တာဆိုတော့ ဘာကြာသေးလို့လဲ။ ၂၀၁၅ မဲစာရင်းက ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေခံပြီး ပြုစုခဲ့ရတာ မဟုတ်လား။ ဒါတောင် ၂၀၁၅ မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်လို့ ပြောခဲ့တာကို ပြည်သူအားလုံး အသိပဲမို့လား။ လူဦးရေနဲ့ပတ်သက်တဲ့ စာရင်းတွေဟာ ရာနှုန်းပြည့် မမှန်နိုင်ဘူး။ အနီးစပ်ဆုံးပဲ ရနိုင်တယ်ဆိုတာ အားလုံး နားလည်ကြတယ်။ ဒါပေမဲ့ မဲစာရင်းပြုစုရာမှာတော့ အတတ်နိုင်ဆုံး အဂတိကင်းကင်းနဲ့ မှန်ကန်အောင်ပြုစုကြရတာ။ အဲဒီလို ပြုစုရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး  ဌာနက ပြုစုထားတဲ့ လူဦးစာရင်းအပေါ်မှာပဲ အခြေခံပြုစုကြရတာကိုး။ ကြုံလို့ပြောရဦးမယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစာရင်းလည်း ထွက်လာရော၊ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခြင်း ၁၀/၂၀၀၈ ကြေညာချက်ဟာ အလွဲကြီး လွဲခဲ့တော့တာပေါ့။ အဲဒီကြေညာချက်မှာ မြန်မာပြည်တဝန်းလုံးရှိ လူဦးရေစာရင်းကို ဖော်ပြတော့ ‘၅၇,၅၀၄,၃၆၈’ လို့ ဆိုတယ်။ ၂၀၁၄ အရ လူဦးရေက ၅၁,၄၁၉,၄၂၀ ပဲ ရှိတယ်။ လူဦးရေ ၆ သန်းကျော်လောက် ပိုနေတော့တာပေါ့။ အဲဒီလို စာရင်းမှားကြီးနဲ့ အတည်ပြုထားတော့ ကာကွယ်စောင့်ရှောက်ကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအတွက်တော့ ထောက်ပြစရာ ဖြစ်လာတော့တာပဲ။ အမှားကြီးကို ဆက်စောင့်ရှောက်ရာမကျအောင် ပြည်လုံးကျွတ်ခံယူပွဲ ထပ်ကျင်းပပြီး စောင့်ရှောက်လိုသူတို့ သိက္ခာပြန်ဆယ်မယ်ဆိုရင်တော့ ပိုပြီးတင့်တင့်တယ်တယ် ဖြစ်တာပေါ့။ သမိုင်းမှာ မဆီလျော်မှုတခုအဖြစ် ကျန်ခဲ့တော့မှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်း အမှားအထပ်တွေ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်မှာ ၂၇ သန်းကျော် မဲလာပေးတာကြောင့် ၇၀ ရာခိုင်နှုန်း မဲပေးသူရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကိုတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မဲစာရင်း မှန်ခြင်း/မှားခြင်း ပြဿနာရပ်တွေကတော့ မပြီးဆုံးနိုင်သေးဘဲ ရှိနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ပြုစုတဲ့ မဲစာရင်းဟာ လ.ဝ.က လို့ ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့ရဲ့ လူဦးရေစာရင်းအပေါ် အခြေပြုထားတာကြောင့် လ.ဝ.က မှားရင် သူတို့လည်း မှားနိုင်တာပါပဲ။ တကယ်တမ်း ပြောကြစို့ဆိုရင် မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့တာ ကြာပြီ။ ၁၉၈၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အထိ သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှ သန်းခေါင်စာရင်း ပြန်ကောက်နိုင်ခဲ့တာ။ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အတွေ့အကြုံရှိတဲ့ လုပ်ငန်းကျွမ်းကျင်သူတွေ အကြောင်းအမျိုးမျိုးနဲ့ ဘယ်လောက်ထိ ဆုံးရှုံးခဲ့မလဲ မပြောနိုင်ပေဘူးပေါ့။ အရင်ခေတ်တွေက ၁၀ နှစ် တကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့တာ။ တကယ်တော့ နိုင်ငံအုပ်ချုပ်ရေးမှာ သန်းခေါင်စာရင်းကောက်ယူခြင်းဟာ အရေးကြီးပြီး အခြေခံအကျဆုံးသော အချက်တခုလည်း ဖြစ်နေပါတယ်။ သန်းခေါင်စာရင်းကရတဲ့ အချက်လက်တွေ လူဦးရေတွေအပေါ် မူတည်ပြီး ပြည်သူ့ကိုယ်စားလှယ်အရေအတွက်ကို ချမှတ်ရသလို ဆန္ဒမဲပေးရမယ့် လူဦးရေစာရင်းကိုလည်း ပြုစုရပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်း ကောက်ယူခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ‘ထိရောက်တဲ့ စီမံကိန်းတရပ် ရေးဆွဲခြင်းနဲ့ ရတဲ့အထောက်အထားအပေါ် မူတည်ပြီး ဆုံးဖြတ်တာ၊ ပြုပြင်ပြောင်းလဲတာတွေ လုပ်ရာမှာ အချက်အလက်များနဲ့ ပံ့ပိုးပေးနိုင်ဖို့ပါပဲ’။ အဲဒီလို ပံ့ပိုးပေးရာမှာ သန်းခေါင်စာရင်းက ကောက်ယူရရှိထားတဲ့ Demography စာရင်းတွေပေါ် မူတည်ပြီး စီမံကိန်းတွေ၊ မူတွေ၊ ရသုံးခန့်မှန်းခြေငွေစာရင်းတွေ၊ ဘတ်ဂျက်တွေ ချမှတ်ကြရပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်း ကောက်ယူခြင်းဟာ နိုင်ငံအုပ်ချုပ်ရေးမှာ အခြေခံအကျဆုံး လုပ်ဆောင်မှု ဖြစ်နေတာပေါ့။ သန်းခေါင်စာရင်းကပေးတဲ့ အချက်အလက် အထောက်အပံ့ အားနည်းရင် မဲစာရင်းလည်းမှားနိုင်သလို စီမံကိန်းတွေ သယံဇာတခွဲဝေမှုတွေနဲ့အတူ အနာဂတ် စီမံကိန်းတွေ ချမှတ်ရာမှာလည်း ချွတ်ချော်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံ စီးပွားရေး တိုးတက်မှု တုံ့ဆိုင်းနေခြင်းနဲ့ စီမံကိန်းတွေ လွဲချော်ပြီး မအောင်မမြင်ဖြစ်နေခြင်းမှာလည်း သန်းခေါင်စာရင်းရဲ့ အားနည်းမှုတွေကြောင့်ဆိုတာ တချက် ပါဝင်နေတတ်တယ်။   လာမယ့် ၂၀၂၄ ခုနှစ်ဆိုရင် သန်းခေါင်စာရင်း ကောက်ခဲ့တာ ၁၀ နှစ်ပြည့်ပါတော့မယ်။ နောက်တကြိမ်ထပ်ပြီး သန်းခေါင်စာရင်း ကောက်ကြရတော့မှာပါ။ ဒီအတွက်လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါမယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းဟာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း)ကို အခြေခံသလို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကောက်ခံထားတဲ့ လက်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာတွေ အသီးသီးမှာ နေထိုင်နေတဲ့  လူဦးရေ စာရင်းကို လည်း အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် လူဦးရေစာရင်းမှန်ကန်မှသာ မဲစာရင်း မှန်ကန်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုရှိတဲ့ သန်းခေါင်စာရင်းက တစ်နေရာ၊ လက်ရှိ နေထိုင်တာက တစ်နေရာ ၊ ထပ်မံ ပြောင်းရွေ့ နေထိုင်တာက တစ်နေရာဆိုရင် မဲစာရင်းတွေက ထပ်နေမှာပဲဖြစ်ပါတယ်။ မဲစာရင်းမမှန်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ရပ်ကွက်/ကျေးရွာ တွေရှိ အိမ်ထောင်စုတချို့မှာ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ မရှိတာ၊ အိမ်ထောင်စု စာရင်းပုံစံ    ၆၆/၆  ရှိပေမဲ့ အမှန်တကယ် နေထိုင်ခြင်းမရှိတာ၊ နေရာဒေသတစ်ခုမှာ အတည်တကျနေထိုင်ခြင်းမရှိဘဲ ရွှေ့ပြောင်းသွားလာနေတာ၊ အသက် ၁၈ နှစ်ပြည့်သူတချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြတာတွေပါဝင်ပြီး  မဲစာရင်းပြုစုတဲ့ ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့    အားနည်းချက်နဲ့ ကွန်ပြူတာ စာရိုက်သူတွေ အချက်အလက်မှားယွင်းထည့်သွင်းတာတွေက လည်း ရှိနိုင်ပါတယ်။ နောင်မှာ မဲစာရင်းမှန်ကန်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ အိမ်ထောင်စုတိုင်း အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ ရှိရန်၊  အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်းမှတ်ပုံတင်စာအုပ်ထားရှိရန်၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲစာရင်းမှာ လာရောက် ထည့်သွင်း မှတ်ပုံတင်ကြရန်၊ တစ်နေရာမှ တစ်နေရာသို့ အမြဲပြောင်းရွှေ့ နေထိုင်မည်ဆိုပါက     မဲစာရင်းမှတ်ပုံတင်မှ နုတ်ပယ်ပြီး ရောက်ရှိနေထိုင်တဲ့ မြိုနယ် ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရဲ့ မဲစာရင်း မှတ်ပုံတင်စာအုပ်မှာ ဖြည့်သွင်းရန်အကြံပြုထားပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်ပြည့်ပြီးလို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ကတ်ပြား      (သို့မဟုတ်) မဲဆန္ဒရှင် သက်သေခံကတ်ပြားကို  သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ထုတ်ပေးရန်၊ မဲစာရင်းကောက်ခံသူစာရေးတစ်ဦး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတိုင်းမှာ ခန့်ထားရန်၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးအတည်ပြုကြေညာရန်လည်း အကြံပြုထားပါတယ်။ တဆက်တည်းမှာဘဲ ၂၀၂၀ ရွေးကောက်ပွဲ အလွန်တက်လာမယ့် အန်အယ်လ်ဒီ အစိုးရအဖွဲ့သစ်အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ ခေတ်မမီတော့တဲ့  နိုင်ငံသားစိစစ်ရေး စက္ကူကတ်ပြားအစား နိုင်ငံတကာအဆင့်မီ Smart Card နဲ့ ပြောင်းလဲကာ e-ID စနစ် အမြန်ဆုံး ကျင့်သုံး အကောင်အထည်ဖော်ဖို့လည်း လိုအပ်နေပြီလို့လည်း တိုက်တွန်းလိုပါတယ်။   e-ID စနစ် ကျင့်သုံးနိုင်ပါက မဲစာရင်းပြုစုတာနဲ့  ဆန္ဒမဲပေးတဲ့ လုပ်ငန်းစဉ်တွေမှာ များစွာ မှန်ကန် အဆင်ပြေ လွယ်ကူ အထောက်အကူဖြစ်စေနိုင်မှာ အသေအချာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နောင်ရွေးကောက်ပွဲတွေ မကျင်းပခင် မဲစာရင်းတွေကြေညာချိန်မှာ  မဲစာရင်း စိစစ်တဲ့ အတွေ့ အကြုံရှိတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ကြိုတင်စစ်ဆေးခိုင်းတာတွေလည်း လုပ်မယ်ဆိုရင် လုပ်နိုင်ပါသေးတယ်။ ဒါမှသာ  အခုလိုမျိုး ရွေးကောက်ပွဲ ပြီးကာမှ မဲစာရင်းပြန်စစ်နေရတဲ့ အဖြစ်မျိုးတွေ မကြုံတွေ့နိုင်တော့မှာပါ။  အသစ်ဖွဲ့စည်းမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေ ချို့ယွင်းချက်တွေကို သင်ခန်းစာယူပြီး မဲစာရင်းတွေကို ကြိုတင်ပြင်ဆင် ကောက်ယူသွားမယ်ဆိုရင် နောင်လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ အလားတူ မဲစာရင်း မှားယွင်းချွတ်ချော်မှုတွေကို လျော့ပါးသွားစေနိုင်ကြောင်း ကြိုတင်အသိပေး တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး
4 months Ago

“ရွေးကောက်ပွဲကို အစိုးရသစ်မဖွဲ့ခင်လုပ်ဖို့လိုအပ်တယ်”- ခိုင်ကောင်းစံနှင့် မေးမြန်းချက်

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့နေရာတွေမှာ  ရွေးကောက်ပွဲ ဘယ်တော့ ပြန်လည်ကျင်းပမယ်ဆိုတာ ခုချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အစိုးရသစ်မဖွဲ့ခင်  ရခိုင်ပြည်နယ်ထဲက မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့လိုတဲ့ အကြောင်းနဲ့ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲကျင်းပပြီးတော့ တက်လာတဲ့အစိုးရဟာ ပိုပြီးတော့ ဂုဏ်သိက္ခာ ရှိမယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်အဖွဲ့၀င် ဦးခိုင်ကောင်းစံက ဒီဗွီဘီကို ပြောပါတယ်။ ခုအချိန် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေရှိမရှိ၊ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါက ဖြစ်လာနိုင်မယ့် ရခိုင်ပြည်နယ်လွှတ်တော်နဲ့အစိုးရ အခင်းအကျင်းနဲ့  ပြီးခဲ့တဲ့ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ဦးခိုင်ကောင်းစံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားတာကို ထုတ်နုတ်ဖော်ပြလိုက်ရပါတယ်။ မေး။ ရခိုင်ပြည်နယ်မှာ အေအေက ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုတယ်။ တပ်က ထောက်ခံတယ်။ ကော်မရှင်ဘက်ကတစ်စုံတရာလုပ်မယ်။ မလုပ်ဘူး မပြောသေးတဲ့ အခြေအနေပေါ့။ ဒီဖြစ်စဉ်အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။ ‌ဖြေ။ “တပ်မတော်ဆိုတာက ကျနော်တို့နိုင်ငံရဲ့ တကယ့်အင်အားကြီးတယ်။ ပြီးတော့ တပ်မတော်ဆိုပေမယ့် နိုင်ငံရေးကဏ္ဍထဲမှာပါ၀င်တဲ့ အစုအဖွဲ့ကြီးတစ်ခု ဖြစ်တယ်။ အဲဒီတော့ နောက်တစ်ခုက အေအေဆိုတာကလည်း ကျနော်တို့ မြန်မာပြည်ရဲ့ နိုင်ငံရေးကဏ္ဍမှာပါ၀င်တဲ့ (EAO) လက်နက်ကိုင် အင်အားစုထဲမှာ တကယ်ကြီးမားတဲ့ အင်အားစုတစ်စု ဖြစ်တယ်။ အဲဒီတော့ အဲဒီအဖွဲ့နှစ်ဖွဲ့ဟာ တစ်ဘက်က ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုတယ်။ တစ်ဘက်ကလည်းထောက်ခံတယ်။ အဲဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်က ဘာမှ မတုံ့ပြန်တာ ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ဘူး။ တကယ်ဆိုရင်တော့ သူ့ဘက်ကလည်း တုံ့ပြန်သင့်တယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်း၊ လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းပေါ့။ သူ့ဥပဒေနဲ့ အညီပေါ့လေ။” “နောက်တစ်ခုက အေအေက တောင်းဆိုတဲ့အရာမှာတော့ အချိန်လေးတစ်ခု ကန့်သတ်တာပေါ့တဲ့။ အဲဒီအခြေအနေပေါ်မှာ ကျနော့်အနေနဲ့ နည်းနည်းတော့ ထောက်ပြချင်တယ်။ ရွေးကောက်ပွဲ ကျင်းပမယ်ဆို ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ရတာပေါ့နော်။ အဲဒီတော့ ဒီဇင်ဘာကို နောက်ဆုံးထားပြီးတော့ ကျင်းပရမယ်ဆိုတာက UEC အတွက် အကြပ်အတည်းဖြစ်စေတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒါကို UEC က ပြောသင့်တာပေါ့။ ဒီဇင်ဘာအတွင်းမှာ ကျင်းပမယ်ဆို မဖြစ်နိုင်ဘူး။ အစိုးရမဖွဲ့ခင်မှာ ဖြစ်နိုင်တယ်ဆိုတာမျိုးကို သူ့အနေနဲ့ ချပြသင့်တယ်။ ဒီဇင်ဘာအတွင်းမှာ မလုပ်နိုင်ဘူးဆိုရင် ကျနော်ကတော့ ဒီရွေးကောက်ပွဲကို အစိုးရသစ်မဖွဲ့ခင်မှာ လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်လူထုရဲ့ လိုအပ်ချက်ဖြစ်တယ်။ ရခိုင်လူထု ၁၆ သိန်းကျော်ထဲမှာ လေးပုံတစ်ပုံလောက်ပဲ မဲပေးရတယ်။ မဲရုံကလည်း ၂၀၀၀ ကျော်ထဲမှာ ၂၀၀ ကျော်ပဲ မဲပေးခွင့်ရတယ်။ လုံး၀ ရာနှုန်းပြည့် ကျင်းပနိုင်တဲ့ မဲရုံကလည်း ၄ ခုပဲရှိတယ်။ ဒီကျန်တဲ့ ၄ မြို့နယ်ကဆိုရင်တော့ တချို့တ၀က်က မကျင်းပနိုင်ဘူး။ ပြီးရင် လုံး၀မကျင်းပနိုင်တဲ့မြို့ဆိုလည်း ၉ မြို့ရှိတာပေါ့။ ဒီတော့ ဒါဟာ တက်လာတဲ့ အစိုးရအတွက် ပြည်နယ်အစိုးရအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအတွက်သော်လည်းကောင်း ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲကျင်းပပြီးတော့ တက်လာတဲ့အစိုးရတွေဆို ပိုပြီးတော့ ဂုဏ်သိက္ခာ ရှိမယ်လို့ ပြောချင်ပါတယ်။” မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲဟာ လွှတ်တော်သက်တမ်းပထမနှစ်နဲ့ နောက်ဆုံးပဉ္စမနှစ်တို့မှာ လုပ်ခွင့်မရှိဘဲ ကြားကသုံးနှစ်အတွင်းမှာ လုပ်ရတယ်မဟုတ်လား။ ခုအတိုင်းဆို ၂၀၂၁ မှာတောင် ရွေးကောက်ပွဲ ပြန်ကျင်းပဖြစ်ပါ့မလား။ ဖြေ ။  “ သမ္မတကြီးရဲ့ သ၀ဏ်လွှာထဲမှာလည်း ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ။ အဲဒိတော့ ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ဘူးလို့လည်း ကျနော်ထောက်ပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲဆိုတာက လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပမာ - ၀န်ကြီးအဖွဲ့မှာ ပါသွားတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သေဆုံးသွားတာတွေပေါ့။ ဒီလိုတာ၀န်မထမ်းဆောင်နိုင်တဲ့ လစ်လပ်နေရာမျိုးမှာသာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ဖြစ်တယ်။ ဒီရွေးကောက်ပွဲက ကျနော်တို့ အခြေအနေပေါ်မှာ လက်ခံထားရတဲ့ ရွေးကောက်ပွဲတွေဖြစ်တယ်။ အဲဒိတော့ ဒါက ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပေမယ့် ဒီဟာကို ဘယ်လိုကျော်လွှားပြီးတော့ ဥပဒေတချို့ကို ပြန်ပြင်ပြီးတော့မှ အစိုးရမဖွဲ့ခင်က ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲဆိုတာမျိုးနဲ့ စဉ်းစားဖို့လိုမယ်။ ချဉ်းကပ်ဖို့လိုတယ်လို့ ကျနော် ထောက်ပြချင်ပါတယ်။” မေး- ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာ ၉ မြို့နယ်ကျော်ရှိတယ်။ ပြည်နယ်လွှတ်တော်အခင်းအကျင်း ၊ ပြည်နယ်အစိုးရ အခင်းအကျင်း ဘယ်လိုဖြစ်လာနိုင်မလဲ။ မဲမပေးလိုက်ရတဲ့ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေက ဘာတွေဖြစ်နေလဲ။ ဘာတွေ ထပ်ဖြစ်လာဦးမလဲ။ ဖြေ ။ “ လွှတ်တော်ကိုယ်စားလှယ်က ၁၅ ယောက်ရှိမှာ။ အကုန်လုံးပေါင်းလိုက်ရင်တော့ ရခိုင်ဦးဆောင်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အန်အယ်လ်ဒီပါတီ၊ ပြီးတော့ ကြံ့ခိုင်ရေးပါတီ‌ပေါ့ အဲဒိတော့ အကုန်လုံး ၁၅ ဦးရှိမယ်။ နောက်ထပ် တပ်မတော်ကလာတဲ့ ၅ ယောက်ရှိမယ်ပေါ့။ အယောက် ၂၀ နဲ့ လွှတ်တော်ဖြစ်မှာနဲ့ လွှတ်တော်ဖြစ်မှာပေါ့။ ပြီးပြည့်စုံတဲ့ လွှတ်တော်မဟုတ်ဘူးပေါ့။ ကျနော်တို့ ပြောလေ့ပြောထရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ရာနှုန်းပြည့် မဟုတ်ဘူး။ ဒီအစိတ်သားက တပ်မတော်သားကပါနေတယ်။ အခုလည်းပုံမှန်ပါနေမှာပါပဲ ဒီဖြစ်စဉ်ထဲမှာတော့။ အဲဒိတော့ တက်လာတဲ့အစိုးရက ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ မဲဆန္ဒနဲ့ လျှော်ညီစွာ တက်လာတဲ့အစိုးရ တစ်ရပ် မဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော်က မဲပေးလိုက်တဲ့ အစိုးရတစ်ရပ်မဟုတ်တော့ဘူး။ နောက်ပြီးတော့ မြို့နယ်အသီးသီးမှာဆိုရင် ရွေးကောက်ပွဲမကျင်းပတဲ့ မြို့နယ်တွေလည်းရှိတယ်။”  “နောက်တက်လာတဲ့အစိုးရက ညွန့်ပေါင်းပုံစံမျိုးတော့ ဖြစ်လာမှာပဲ။ ခါတိုင်းလည်း ညွန့်ပေါင်းပါပဲ။ အနိုင်ရတဲ့ပါတီကို ၀န်ကြီးတွေပေးတာတွေ၊ ၀န်ကြီးချုပ်တွေ၊ နောက်ပြီးလွှတ်တော် ဥက္ကဋ္ဌကို လွှတ်တော်ကသာ ရွေးတယ်ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့ တစ်ခုထူးခြားနိုင်တာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့မတူတာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အန်အယ်လ်ဒီက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ ကော်မတီတစ်ရပ် ဖွဲ့ထားတာ တွေ့တယ်။ အဲဒိတော့ အစိုးရမဖွဲ့ခင်မှာ ဘယ်လိုမျိုးတွေ ကောင်းမွန်တဲ့ အပေးအယူမျိုးတွေနဲ့ ဘယ်လိုသွားကြမလဲဆိုတဲ့ဟာတစ်ခု ဒါက မျှော်လင့်ချက်လေးတစ်ခုပေါ့။ နောက်တစ်ခုကတော့ ဖြစ်လာမယ့်အစိုးရလည်း တကယ့်ကို perfectဖြစ်တဲ့အစိုးရမျိုး ဖြစ်နိုင်ပါ့မလား။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က ဒီ ၁၅ ယောက်ပဲရှိတယ်။ အဲ့ထဲကမှ  ကျနော်တို့ ဒီ၀န်ကြီးချုပ်လုပ်မယ့်ပုဂ္ဂိုလ်ရော တကယ့်၀န်ကြီးချုပ်လုပ်မယ့် အင်္ဂါရပ်နဲ့ကိုက်ညီပါရဲ့လား။ နောက်အစိုးရဖွဲ့တဲ့အခါရော ပါလာမယ့်သူတွေကရော တကယ့်အရည်အသွေးနဲ့ ကိုက်ညီရဲ့လားဆိုတာ ကြည့်ရမယ်။” “အစိုးရကတော့ အပြင်ကတတ်သိပညာရှင်တွေနဲ့ ဖွဲ့လို့ရတာပေါ့။ တကယ်တမ်း ရခိုင်ဒေသအတွက် အထောက်အပံ့တစ်ခုဖြစ်တဲ့ အစိုးရဖြစ်လာမှာလား။ ဒါလည်း စဉ်းစားစရာတွေဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တက်လာတဲ့အစိုးရက ကိုယ့်မိသားစုအတွက်ပဲ လုပ်မယ်။ ကိုယ့်ရပ်ရွာအတွက်ပဲ လုပ်မယ်ဆိုတာနဲ့ မပြည့်စုံဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်အစိုးရဆိုတာက တစ်ပြည်နယ်လုံးအတွက်  မျှတပြီး လုပ်ဆောင်ရမယ့်အပိုင်းမှာ ထည့်သွင်းစဉ်းစားပေးမယ့် လူတွေနဲ့ ဖွဲ့စည်းပေးဖို့ လိုအပ်တယ်။ ဒီတော့ တက်လာတဲ့အစိုးရကိုလည်း ကျနော်တို့ စောင့်ကြည့်ရမှာ ရှိသေးတာပေါ့။” မေး ။ဂျပန်အစိုးရကိုယ်စားလှယ် ကာကာဆာဝါက ရွေးကောက်ပွဲ စောင့်ကြည့်ရေးလည်းလုပ်သလို ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာ ရွေးကောက်ပွဲပြန်လုပ်ပေးသင့်တယ်လို့ပြောတယ်။ သူက ဘယ်သူတွေနဲ့တွေ့ပြီး ဒီသဘောထားထုတ်ပြန်တာလဲ။ တခြား ပြည်ပနိုင်ငံ ဩဇာတစ်စုံတရာ ရှိသေးလား။ ဥပမာ တရုတ်နဲ့ တခြားအနောက်နိုင်ငံတွေပေါ့။ ဖြေ- “သူလာတဲ့ဟာလည်း ‌‌ကောင်းတဲ့အရာတစ်ခုလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လို့ သူက တချို့မြို့နယ်ကိုသွားပြီးတော့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်လို့ ပြောတယ်ပေါ့။ ကျနော်တို့ ဒီ စစ်တွေမှာ ဆိုရင်တော့ ရခိုင်အမျိုးသားပါတီလို ခေါင်းဆောင်တွေနဲ့တွေ့တာတော့ သိတာပေါ့လေ။ အဲဒိတော့ တကယ်တမ်းက ဒီလူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုဟာ သူ့နောက်မှာ ဘယ်သူတွေရှိနေလဲ။ ဘယ်နိုင်ငံတွေရှိနေလဲ ဆိုတာလည်း စဉ်းစားစရာဖြစ်တယ်။” “ကျနော်တို့ဒေသ ကျနော်တို့ပြည်နယ်က တကယ့်ကို သယံဇာတတွေနဲ့ ပိုင်ဆိုင်ထားတဲ့ ဧရိယာဖြစ်တယ်။ ကျနော်တို့နိုင်ငံဆိုရင်လည်း ကမ္ဘာ့အလယ်မှာ လမ်းချိတ်ဆက်မှုတွေ၊ ကုန်စည် စီးဆင်းမှုတွေမှာ အကျုံး၀င်တဲ့ နေရာတစ်ခုဖြစ်တယ်။ ဥပမာ တရုတ်ရဲ့လွှမ်းမိုးမှုတွေ အများကြီးခံနေရတယ်။ အနောက်အုပ်စုတွေကလည်း ဒီလွှမ်းမိုးမှုအပေါ်မှာသော်လည်းကောင်း၊ သူတို့ရဲ့ အကျိုးအမြတ်ပေါ်မှာသော်လည်းကောင်း ၊ပြည်သူတွေရဲ့ မျှော်လင့်ချက်ပေါ်မှာ သော်လည်းကောင်း၊ ဖြစ်စေချင်တဲ့ မျှော်လင့်ချက်တွေနဲ့ လာချဉ်းကပ်တာမျိုး ရှိနိုင်တာပေါ့။” “အဲဒိတော့ ကျနော်ပြောချင်တာက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု၊ နိုင်ငံတစ်ခုရဲ့ တိုက်တွန်းမှုဆိုတာထက် ကျနော်တို့နိုင်ငံမှာ ဒီရွေးကောက်ပွဲဟာ မဖြစ်မနေ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံက အချင်းချင်းကြားထဲမှာ နိုင်ငံသူ၊ နိုင်ငံသား ၊ တိုင်းရင်းသားနဲ့ အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်တွေကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုအပ်တယ်။ ဒီရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ လိုအပ်တယ်ဆိုတာက လုပ်ဆောင်တဲ့‌အရာမှာ ပိုပြီးတော့ ခရီးရောက်မယ်လို့ မျှော်လင့်မိတယ်။” မေး ။ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ၊ ကျင်းပစဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီးကို စောင့်ကြည့်ရာမှာ ဘာထူးခြားချက်တွေ တွေ့ရပါသလဲ။ ဖြေ။ “ကျနော်တို့ ဒီရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့တဲ့အချိန်မှာတော့ ရွေးကောက်ပွဲမဖြစ်ခင်ကတည်းက ကျနော်တို့ ရခိုင်ဒေသမှာ အထူးသဖြင့် တောင်ဘက်ပိုင်းကိုပဲ ကျင်းပတဲ့အခါကျတော့ တောင်ဘက်ပိုင်းမှာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံရတယ်။ ဒါပေမဲ့ ကျနော်တို့ စောင့်ကြည့်တဲ့ အချိန်မှာ ထူးခြားတာတစ်ခုတွေ့တယ်။ ဘာဖြစ်လဲဆိုတော့ တောင်ကုတ်၊ အမ်း စသည်အားဖြင့် တောင်ဘက်ပိုင်း ဧရိယာတွေမှာ ကြံ့ခိုင်‌ရေးပါတီရှိတယ်။ အန်အယ်လ်ဒီ ပါတီရှိတယ်။ ရခိုင်အမျိုးသား ပါတီရှိတယ်။ ရခိုင့်ဦးဆောင်ပါတီရှိတယ်။ နှင်းဆီပါတီ ရှိတယ်။ စသည်အားဖြင့် ပါတီအသီးသီးရှိကြတယ်။ ဒါပေမဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့ဟာက အန်အယ်လ်ဒီ ပါတီနဲ့ ရခိုင်အမျိုးသားပါတီတွေရဲ့ ဆိုင်းဘုတ်တွေပဲ ဖျက်ဆီးခံရတယ်။ ဒါသူ့နောက်မှာ သံသယ ဖြစ်စရာတွေ အများကြီးရှိတယ်။ ကျန်တဲ့ပါတီတွေ တကယ်ပြောမယ်ဆိုရင် အတိုက်အခံပါတီထဲမှာဆို ကြံ့ခိုင်ရေးပါတီဆိုတာ တကယ့်အင်အားကြီးပါတီဖြစ်တယ်။ အဲဒိပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမတွေ့ရဘဲနဲ့ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွေရဲ့ ဆိုင်းဘုတ်နှစ်ခု ဖျက်ဆီးခံရတာကိုက သံသရဖြစ်စရာဖြစ်တယ်။ အဲဒိနောက်မှာဆို အငြင်းပွားမှုတွေ၊ မဲဆွယ်စည်းရုံးရေး ကာလတွေမှာလည်း တဘက်နဲ့ တဘက်  အငြင်းပွားမှုတွေ တွေ့ရတယ်။” “နောက်တစ်ခုကတော့ ကျနော်တို့ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ အန်အယ်လ်ဒီ အမတ်လောင်း သုံးယောက် ထိန်းသိမ်းခံရတာရှိတယ်။ ဒါတွေဟာ ကြည့်မယ်ဆိုရင် တကယ့်ကို ထူးခြားတဲ့ဖြစ်စဉ်ပါ။ နောက်တစ်ခုက ရွေးကောက်ပွဲနေ့မှာဆိုရင်လည်း ကိုဗစ်ကာလနဲ့လျှော်ညီစွာ မဲပေးခွင့်ရဖို့ အားနည်းတာကိုတွေ့ရတယ်။ မဲရုံထဲမှာတော့ ခြောက်ပေအကွာ မဲပေးလို့ရပေမယ့် မဲပေးဖို့စောင့်နေတဲ့လူတွေက ပြည့်ကြပြီးတော့မှ ကိုဗစ်သဘာ၀ဘေး ဥပဒေတွေနဲ့ မလျော်ညီတဲ့ မဲပေးပုံစံတွေကိုလည်း အများကြီးတွေ့ရတယ်။” “ဥပမာ ကြိုတင်မဲတွေက တချို့နေရာတွေမှာဆို တော်တော်များများ ၂၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းအထိ မဲပေးထားတဲ့အရာတွေ၊ နောက် အသက် ၆၀ အထက် မဲပေးတဲ့အရာတွေမှာ တချို့နိုင်ငံရေးပါတီတွေဆို သူတို့ရဲ့ တံဆိပ်တုံး ရိုက်ထည့်ပြီးသား မဲတွေကို တွေ့ရတာပေါ့။ ဒါမျိုးတွေက ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့အရာတွေပါ။ ပြောချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲလို မလွှမ်းမိုးဘူးလို့ ပြောလို့ရတယ်။ ၂၀၂၀ ရွေးကောက်ပွဲက ရွေးကောက်ပွဲကော်မရှင်ကို သုံးသပ်မယ်ဆိုလည်း ၂၀၁၅ ကော်မရှင်လို ၂၀၂၀ ရဲ့ ရွေးကောက်ပွဲကော်မရှင်က တာ၀န်ယူမှု၊ တာ၀န်ခံမှုတွေမှာ အားနည်းတယ်လို့ ထောက်ပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျနော်တို့ ပြောပြတာတွေ ၊ ဆွေးနွေးတာတွေ ၊အကြံဉာဏ်ပြုတာတွေ တွေ့ဆုံဖို့ တောင်းခဲ့တဲ့အရာတွေ ရှိတယ်။ ဒါပေမဲ့  အဲဒါတွေကို ဥပက္ခာပြုခဲ့တဲ့ ဟာတွေလည်း ရှိခဲ့တယ်။” အခုလိုပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
4 months Ago
More News
Up