ရွိုင်ယန်ဖရေဇာ

June 20, 2020

လက်ကျန်ပွဲများတွင် ဖရေဇာ မပါဟု ဘုန်းမောက်နည်းပြ အတည်ပြု

ဘုန်းမောက် ကစားသမား  ရွိုင်ယန်ဖရေဇာဟာ အသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို ကစားပေးတော့မှာမဟုတ်ဘူးလို့ နည်းပြ အက်ဒီဟောက်က ပြောပါတယ်။  စကော့တလန်ကစားသမား ဖရေဇာဟာ ဇွန်လအကုန် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရာသီကုန်အထိ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့တာ ဖြစ်ပါတယ်။  ဒါကြောင့် အခုလအတွင်း ကစားမယ့် ပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားခွင့်ပေးမှာမဟုတ်သလို စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လအကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ နည်းပြ အက်ဒီဟောက်က ပြောပါတယ်။  ဖရေဇာဟာ အသင်းမှာ ခြေစွမ်းတိုးတက်လာသူဖြစ်ပြီး အခုလို အခြေအနေနဲ့ အဆုံးသတ်ဖို့ မထိုက်တန်ကြောင်းနဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း နည်းပြအက်ဒီဟောက်က ပြောပါတယ်။  အသက် ၂၆ နှစ်ရှိ ဖရေဇာဟာ ဘုန်းမောက်မှာ ၇ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်း ၂၀၈ ပွဲမှာ  ၂၄ ဂိုးသွင်းပြီး ၃၃ ကြိမ်ဂိုးဖန်တီးပေးခဲ့ပါတယ်။  ဖရေဇာကို အဲဗာတန်အသင်းကခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
11 months Ago

November 12, 2019

ရွိုင်ယန်ဖရေဇာကို ခေါ်ယူနိုင်ရန် ဘုန်းမောက်အသင်းနှင့် လီဗာပူး ဆွေးနွေး

လီဗာပူးအသင်းဟာ ဘုန်းမောက်တောင်ပံကစားသမား ရွိုင်ယန်ဖရေဇာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဘုန်းမောက်အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်ရှိ စကော့တလန် ကစားသမား ဖရေဇာဟာ ပြီးခဲ့တဲ့ ရာသီကတည်းက အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့ပေမယ့် ဘုန်းမောက်အသင်းက ဆက်ထိန်းထားခဲ့တာပါ။  အသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တာကြောင့် ဖရေဇာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘုန်းမောက်အသင်းက ဆုံးဖြတ်ချက်ချတော့မယ့်အချိန်လည်း ဖြစ်ပါတယ်။  ဘုန်းမောက်အသင်းဟာ ဖရေဇာကို ပြောင်းရွှေ့ခွင့်ပြုခဲ့မယ်ဆိုရင် လီဗာပူးကနေ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ ဟယ်ရီဝီလ်ဆင်ကိုလည်း အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း သိရပါတယ်။
1 year Ago
Up