ရွာသားထောင်ချီ ထွက်ပြေး

September 15, 2021

မိုင်းကိုင်တွင် SSPP တပ်ပေါင်းစုနှင့် RCSS တို့တိုက်ပွဲဖြစ် ရွာသားထောင်ချီ ထွက်ပြေး

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ထဲမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့  SSPP တပ်ပေါင်းစုနဲ့  RCSS တပ်တွေအကြား စက်တင်ဘာ ၁၄ ရက် မနေ့ကစလို့  ဒီနေ့ မနက်ထိ တိုက်ပွဲဖြစ်ပွားရာမှာ ရွာသားပေါင်း ၁၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ 

တိုက်ပွဲဖြစ်ရတာနဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက အဆိုပါနယ်မြေဟာ သူတို့ ထိန်းချုပ်နယ်မြေ ဖြစ်ကြောင်း၊ SSPP နဲ့ တပ်ပေါင်းစုက လာတိုက်လို့ ပြန်ပစ်ခတ်ရင်း နှစ်ဘက်တိုက်ပွဲဖြစ်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီဟိုခိုင်းအုပ်စုဘက်မှာ ကျနော်တို့ တပ်မဟာ ၇၀၇ အခြေစိုက်နေတာ SSPP နဲ့ တပ်ပေါင်းစုဘက်က မနေ့ မနက် ၈ နာရီလောက်မှာ လာပြီးတိုက်တယ်။ သူတို့က offense  လာလုပ်လို့ ကျနော်တို့ဘက်က  ပြန်ပြီး defence လုပ်ရတဲ့သဘောပါ။ သူတို့ဘက်က မနေ့က အင်အား ၄၀၀ ကျော်ရှိပြီး မွန်းလွဲပိုင်းထိ တိုက်ပွဲဖြစ်တယ်။ ကနေ့မနက် ၇ နာရီကျော်မှာ ဟိုခိုင်း အုပ်စု ဝမ့်မိုင်ဘက်မှာ ထပ်ပြီးတိုက်ပွဲဖြစ်ပါတယ်၊ ဒီကနေ့ တဘက်က အင်အားထပ်ဖြည့်တယ် ၆၀၀ ကျော်မယ်၊ နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေ မသိရသေးပါဘူး။ အခု မနက် ၁၁ နာရီ ထိ တိုက်ပွဲပြင်းထန်နေတုန်းပါခင်ဗျ။”

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဒီဗွီဘီက SSPP ဘက်ကိုလည်း ဆက်သွယ်မေးမြန်းထားပေမဲ့ ဘာမှအကြောင်းမပြန်သေးပါဘူး။ 

ဝမ်ကောင်းရွာသူတစ်ဦးကတော့ မနေ့မနက် ၈ နက်နာရီလောက်က ခြံထဲသွားနေစဉ် လမ်းခုလတ် နမ့်အွန်ရွာဘက်မှာ ပစ်ခတ်သံတွေကြားရလို့ လှည့်ပြန်ခဲ့ကြောင်း၊ ရွာရောက်တော့ တခြားလူတွေလည်း ထွက်ပြေးဖို့ ပြင်နေကြလို့ မိသားစုလိုက် ထွက်ပြေးလာကြတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ 

“သူများတွေ ပြေးတော့ ကျမတို့လည်း အဝတ်အစားနည်းနည်းယူပြီး ထွက်ပြေးကြတယ်။ အစတုန်းက ဟိုခိုက်တိုက်ရွာဘုန်းကြီးကျောင်းမှာ နားခိုမလို့ပါ။ အဲဒီမှာ လူက ၇၀၀ ကျော်လောက် ရောက်နေပြီ။ အဲဒီမှာလည်း သေနတ်သံထပ်ကြားရတော့ အခြေအနေမကောင်းလို့ တညလုံး နောင်လျောဝ်ရွာဘက် ပြန်ပြေးကြတယ်။”

နောင်လျောဝ်ရွာသားတစ်ဦးကလည်း ဒီကနေ့မနက်ထိ သူတို့ရွာမှာ စစ်ဘေးရှောင်တွေ ရောက်နေတာ ၂၀၀၀ နီးပါးရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“အခုပြေးလာကြတာ ဟိုခိုင်းကျေးရွာအုပ်စုဘက်ကပါ။ ကျနော်တို့ရွာကို သူတို့မနေ့ ညနေ ပိုင်းကနေ ကနေ့မနက်ထိ တဖွဲဖွဲရောက်လာတယ်။ သူတို့ဘက်က သေနတ်သံတွေကို ဒီကနေတောင် ကြားရတယ်။ ကနေ့မနက်အစောကြီး ၂ နာရီလောက်ကတည်းက ပစ်ခတ်သံ ကြားတာ။ အခုချိန်ထိ မနက် ၁၀ နာရီခွဲထိ သုံးခါရှိပြီ။ စစ်ဘေးရှောင်တွေက ဘုန်းကြီးကျောင်းမှာရော ၊ ကျေးရွာစာသင်ကျောင်းမှာရောပြည့်နေပြီ။ ရွာထဲမှာလည်း အိမ်ခြေ ၅၀ ကျော်ရှိတာ အိမ်တိုင်း စစ်ဘေးရှောင်တွေ လက်ခံထားရတယ်။ တချို့က သူတို့ကားတွေ၊ ‌ထော်လာဂျီတွေပေါ်မှာဘဲ အိပ်လိုက်တယ်၊ လူက တအားများတော့ အရေးပေါ်စားနပ်ရိက္ခာ အကူအညီလိုနေပါတယ်ခင်ဗျ။”

ထွက်ပြေးလာတဲ့ရွာသားတွေဟာ  ဟိုခိုင်းကျေးရွာအုပ်စုထဲက နမ့်ဖုတ်း၊ ဝမ်ကောင်း၊ ဝမ်မိုင်၊ ဝမ့်ကတ်၊ ဝမ်လုံ၊ လွိုင်ဝိန်း၊ နမ့်အွန်၊ ပိုင်ဆာ၊ ပန်လိုင်း၊ နောင်နန်း၊ ပန်လျန်း၊ ကုန်းဆာ စတဲ့ရွာတွေက ဖြစ်ပြီး နောက်ထပ် ထပ်ထွက်ပြေးလာနေတုန်းပဲလို့ ဆိုပါတယ်။  

ရှမ်းပြည်တပ်မတော် RCSS နဲ့  SSPP တို့ဟာ နယ်မြေစိုးမိုးရေးပြဿနာနဲ့ ဒီနှစ် ဇွန်၊ ဇူလိုင်လကစပြီး. အခုထိ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူ၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေပြီး ဒေသခံရွာသား ၃၀၀၀ ကျော် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

3 months Ago
Up