ရှမ်းမြောက်

November 24, 2016

ရှမ်းမြောက် တိုက်ပွဲများ ဆက်ဖြစ်၊ ၂ ဦးသေဟု တပ်မတော်သတင်းထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူစတဲ့ မြို့များမှာ နိုဝင်ဘာ ၂၃ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ မိုင်းခွဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ၂ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။ နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၃နာရီခန့်မှာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့ရဲ့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဟိုနားရွာကနေ ကောင်းကပ်ရွာသို့ လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွင်း ကောင်းကပ်ရွာသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ “ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဟိုနားရွာမှနေ၍ ကောင်းကပ်ရွာသို့ ယနေ့ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကောင်းကပ်ရွာ၊ ရပ်ကွက်(၁)ရှိ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းအနီး နေထိုင်သူ ဒေသခံအပြစ်မဲ့ ပြည်သူများဖြစ်သည့် ဦးပြည်ခိုက်ဖင်နှင့် သားဖြစ်သူ မောင်လောက်စောတို့ ၂ ဦးအား လက်နက်ကြီးစများထိမှန်၍ နေရာတွင်ပင်သေဆုံးခဲ့ပြီး အနီးရှိ မောင်လောက်ကိုင်အား လက်နက်ကြီးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။” တခါ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာ ကြားတ၀ိုက် သွားလာနေတဲ့ ကားကြီးကားငယ် ၁၀၀ ခန့်ကို KIA / TNLA အကြမ်းဖက် သောင်းကျန်းသူများပူးပေါင်းအဖွဲ့အင်အား ၇၀ ဦးခန့်က လမ်းကြောင်းပိတ်ဆို့တားဆီးပြီး ယာဉ်မောင်းများအား ရိုက်နှက်ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တပ်မတော်စစ်ကြောင်းက အဲ့ဒီနေရာကို သွားရောက်ရှင်းလင်းခဲ့ပြီး KIA/TNLA အဖွဲ့က အနောက်ဘက်ကို ဆုတ်ခွာသွားခဲ့တယ်။ တပ်မတော်က အဲ့ဒီနေရာကို နယ်မြေရှင်းလင်းခဲ့ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အလားတူ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းမှာလည်း ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ တပ်မတော်စခန်းအား KIA / TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အင်အား ၁၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ရဲ့ မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ မုံးစိန် ချောင်းကူးတံတားလည်း TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲ ဖျက်ဆီးခဲ့တယ် လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတင်းမှာ ဖော်ပြပါတယ်။
4 years Ago

September 16, 2016

ရှမ်းမြောက် ကျွဲ၊ နွား တရားမ၀င်တင်ပို့မှု ထိန်းချုပ်သွားမည်ဟု ၀န်ကြီးပြော

နွားချော နွားသန့်တွေနဲ့ လယ်ယာသုံး ခိုင်းကျွဲတွေကို နည်းလမ်းအမျိုးမျိုး သုံးပြီး တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င် တင်ပို့ရောင်းချနေမှုတွေကို ထိန်းချုပ်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံစီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။ မြန်မာပြည်က ကျွဲနဲ့ နွားတွေဟာ ပြည်ထောင်စုကားလမ်းမကြီးပေါ်ကနေ တရားဝင်ရော၊ တရားမ၀င်ရော တရုတ်နိုင်ငံဘက်ကို ထွက်ရှိနေသလို ခြေလျင်လမ်းအသွယ်သွယ်ကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ရှိနေပါတယ်။ cow1ကျွဲ၊ နွား အရောင်းအ၀ယ်ကွင်းတွေကို အစိုးရ ထိန်းချုပ်နယ်မြေအတွင်းမှာ အများအပြား ဖွင့်လှစ်ထားသလို လက်နက်ကိုင်တပ်ဖွဲ့ နယ်မြေအတွင်းမှာလည်း ဖွင့်လှစ်ထားကြပါတယ်။ ၀န်ကြီး ဦးစိုးညွန့်လွင်က   “အဲဒီပြဿနာတွေကိုတော့ ကျနော်တို့က ၀န်ထမ်းဖွဲ့စည်းမှု အင်အားနည်းတာရယ်၊ ရဲတပ်ဖွဲ့ အင်အားနည်းတာရယ်၊ နောက်တော့ ကျနော်တို့က အဲဒီအပေါက်တွေကို သီးခြားဖြစ်စဉ်ဆိုပြီး ရီပို့တင်ပါမယ် ပြည်ထောင်စုကို။ တင်ပြီးတဲ့အခါမှာ တပ်မတော်ရဲ့ အကူအညီနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို ထိန်းချုပ်ရမှာ” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျွဲ၊ နွား တရားမ၀င်တင်ပို့ရောက်ချနေတာကြောင့် ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပြီး ၀ယ်ယူဖို့ ရှားပါးနေပြီလို့ တောင်သူတွေက ပြောဆိုနေကြတာပါ။     “နှစ်ချောင်းဆွဲ ကျွဲပေါက်ပေါ့။ ခိုင်းကျွဲ နှစ်ချောင်းဆွဲ အကုန်တပ်ပြီးသား ကျွဲ၊ ထယ်လည်း အကုန်တပ်ပြီးသားကိုမှ ၆ သိန်းကျော်လောက်ပဲ ရှိတယ်။ အခုဈေးနှုန်း ဆိုရင် ၁၀ သိန်း၊ ၁၂ သိန်း၊ ၁၅ သိန်းထိ ရှိတယ်။ ကျွဲမ ဆိုရင်တော့ အခုဆိုရင် ၈ သိန်း၊ ၁၀ သိန်း ရှိတယ်။ အရင်တုန်းကတော့ ၃ သိန်း၊ ၅ သိန်း။ အဲဒီလောက်ပဲ ရှိတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းနေ တောင်သူတဦးက ပြောပါတယ်။     မြန်မာပြည်က နွားတကောင်ဟာ တရုတ်နယ်စပ်ဘက် ရောက်သွားရင် သိန်းနဲ့ချီပြီး အမြတ်အစွန်းရနေတာကြောင့် ဒေသတွင်းမှာ ကျွဲ၊ နွား ဈေးနှုန်းတွေ မြင့်တက်နေလို့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွဲနဲ့ နွားအစား ထွန်စက်တွေကို အသုံးပြုလာကြရတယ်လို့ တောင်သူတဦးက ဆိုပါတယ်။     “ဒေသမှာတော့ ကျွဲ၊ နွားတွေက ရှားပါးကုန်ပြီ။ တောင်သူ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွဲ၊ နွားတွေကို မသုံးတော့ဘူးပေါ့နော်။ ၀ယ်ရတာထက်ကို ရှားပါးသွားတာ။ ရောင်းလိုက်ရတဲ့အစားကို ဒီစက်တွေ ပြန်ဝင်လာတာပေါ့” လို့ ပြောပါတယ်။ လက်ရှိမှာ မြန်မာပြည်က ကျွဲ၊ နွားတွေအပြင် အခြားသယံဇာတပစ္စည်းတွေ နေ့စဉ်နဲ့အမျှ တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င်နည်းလမ်းတွေနဲ့ ထွက်ရှိနေဆဲ ဖြစ်ပါတယ်။
5 years Ago
Up