ရဲသင်တန်းကျောင်း

January 19, 2019

ရဲသင်တန်းကျောင်းတိုက်ခိုက်မှု သူပုန်ခေါင်းဆောင်များကို ဖမ်းဆီးပေးရန် ကျူးဘားထံ ကိုလံဘီယာ တောင်းဆို

ကိုလံဘီယာရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိတဲ့ ELN သူပုန်ခေါင်းဆောင် ၁၀ ယောက်ကို ဖမ်းဆီးပေးဖို့ ကိုလံဘီယာသမ္မတ အီဗန်ဒူကေးက ကျူဘားအစိုးရကို  ဇန်န၀ါရီ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အဆိုပါ သူပုန်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လောလောဆယ် ဟာဗားနားကို ရောက်ရှိနေတာဖြစ်ပါတယ်။ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုကြောင့် သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာခင် ပြန်စဖို့ မဖြစ်နိုင်သလောက် ဖြစ်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်က အစွန်းရောက် ဘာသာရေးဆရာတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ELN သူပုန်အဖွဲ့ကတော့ ရဲသင်တန်းကျောင်း ကားဗုံးခွဲမှုကို သူတို့လုပ်တယ်လို့ မထုတ်ပြန်ပါဘူး။ အဲဒီ သူပုန်အဖွဲ့မှာ တိုက်ခိုက်ရေးသမား ၂,၀၀၀ အထိရှိပြီး အမေရိကန်နဲ့ အီးယူတို့က အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့ ကိုလံဘီယာသမ္မတ ဆန်းတို့စ်လက်ထက်မှာ သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး စတင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဒူကေး လက်ထက်မှာတော့ ဓားစာခံ ၁၆ ဦးနဲ့ တိုက်ခိုက်မှုတွေကို မရပ်မချင်း ဆွေးနွေးပွဲကို ရပ်ထားမယ်လို့ ပြောခဲ့ပါတယ်။ ဇန်န၀ါရီ ၁၇ ရက်နေ့ ကားဗုံးခွဲ တိုက်ခိုက်မှုဟာ ၁၆ နှစ်နီးပါးအတွင်း အဆိုးရွားဆုံးဖြစ်ပြီး   လူ ၂၁ ဦးသေဆုံးကာ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။
2 years Ago

January 18, 2019

ကိုလံဘီယာ ရဲသင်တန်းကျောင်းတွင် ကားဗုံးပေါက်ကွဲ၊ ၂၁ ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုကိုတာက ရဲသင်တန်းကျောင်းတကျောင်းမှာ ဇန်နဝါရီ ၁၇ ရက်နေ့က ကားဗုံးပေါက်ကွဲခဲ့တာကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတချို့ဟာ ရဲသင်တန်းကျောင်းက အရာရှိလောင်းတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို တာဝန်ရှိသူတွေက အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ စန်တန်ဒဲ ရဲသင်တန်းကျောင်းဝင်းထဲကို မော်တော်ယာဉ်တစီး အတင်းဝင်ရောက်ပြီး ဗုံးခွဲခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပြပါတယ်။ ကိုလံဘီယာသမ္မတ အီဗန်ဒူကေးက ဒီတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့အပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်လို့ ခေါ်ဝေါ်ခဲ့ပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အပြစ်ပေးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့ပါတယ်။ ကိုလံဘီယာ ပြည်တွင်းစစ်ကာလမှာ ကားဗုံးခွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေ မကြာခဏဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up