ရဲနှင့် စစ်တပ်

March 4, 2021

မြောက်ဥက္ကလာပတွင် ရဲနှင့် စစ်တပ်က ကျည်အစစ်ဖြင့် ပတ်ခတ်မှုကြောင့် ဆန္ဒပြသူ ၂၀ ဝန်းကျင် သေဆုံး

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို မတ် ၃ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေနဲ့  ပစ်သတ်ခဲ့တာကြောင့် မနေ့ည ၉ နာရီခွဲလောက်အထိ  ၁၈ ဦးသေဆုံးတယ်လို့ ဆေးရုံ ဆရာဝန်တွေက အတည်ပြုပြောပါတယ်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာမနေ့ညနေပိုင်းကစပြီး  ပြည်သူလူထုကို စစ်တပ်နဲ့ ရဲက သေနတ်နဲ့  အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး မြောက်ဥက္ကလာပ ဆေးရုံမှာ သေနတ်ဒဏ်ရာသူတွေလည်း အများကြီး ရှိနေပြီး လူနာတချို့က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

နာရေးကူညီမှုအသင်း ရန်ကုန်ရုံးချုပ်ကိုလည်း ရဲနဲ့စစ်တပ်က မနေ့ည ၁၁ နာရီကျော်လောက် ဝင်ရောက်စီးနင်းခဲ့ပြီး ကားတွေကို ရိုက်ခွဲတာ၊ ပစ္စည်းတချို့ကို ဖျက်ဆီးပြီး တချို့ကို သိမ်းဆည်းသွားပါတယ်။

တခြားဖြစ်စဉ်တခုမှာတော့ရတဲ့ လုံခြုံရေး ကင်မရာမှတ်တမ်းတခုမှာတော့ ရဲတွေဟာ လူမှုကူညီရေးအသင်းတခုရဲ့ လူနာတင်ကားကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ကျန်းမာရေး စေတနာ့ ဝန်ထမ်းတွေကို ခြေထောက်နဲ့ ခေါင်းကို ကန်တာ၊ တုတ်တွေနဲ့ ရိုက်တာ၊ သေနတ်ဒင်နဲ့ ထုရိုက်တာကို တွေ့ရပါတယ်။

စစ်တပ်နဲ့ရဲက စက်သေနတ်နဲ့ ဆက်တိုက်အချက်တွေအများကြီး ပစ်ခတ်ခဲ့တာကြောင့် အခုလို အများအပြား သေဆုံး ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

မတ် ၃ ရက်နေ့ မနက်ပိုင်းကစလို့ မြောက်ဥက္ကလာပ ဃ ဈေးနားမှာ ဆန္ဒပြနေသူတွေ စုရုံးနေချိန်ကပဲ ရဲနဲ့ စစ်တပ်က ရောက်ရှိ ပိတ်ဆို့ထားခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ အကြမ်းဖက် ဖြိုခွင်းခဲ့သလို ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကိုလည်း ရိုက်နှက်ခဲ့ပါတယ်။

ပုံစာ - မတ်လ ၃ ရက် ညက ရဲနှင့်စစ်တပ်က ကျည်အစစ်ဖြင့် ဆန္ဒပြပြည်သူများအား ပစ်သတ်ခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် ယနေ့နံနက် မြင်ကွင်း 

4 months Ago
Up