ရဲနှင့်စစ်တပ်

April 14, 2021

ဖျာပုံမြို့နယ်၌ NLD ရပ်ကျေးဆိုင်းဘုတ်များကို ရဲနှင့်စစ်တပ်က ဖျက်ဆီးပြီး အမျိုးသား ၁ ဦးကို ဖမ်းဆီ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ၊ အပြောင်ကျေးရွာမှာ NLD ပါတီရပ်ကျေးရုံး ဖွင့်ထားတဲ့ နေအိမ်ကို ဧပြီ ၁၃ ရက်ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ဆိုင်းဘုတ်တွေနဲ့ အလံကို ဖျက်ဆီးကာ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူက အပြောင်ကျေးရွာနေ ဦးအောင်ရွှေဝါဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရဲနှစ်ယောက်၊ စစ်သားနှစ်ယောက် လာခေါ်သွားပါတယ်။ ပြီးတော့ အိမ်မှာက NLD ရပ်ကျေးရုံး ဖွင့်ထားတာကို ဆိုင်းဘုတ်တွေ အလံတွေပါ ဖျက်ဆီးသွားတယ်"လို့ ပြောပါတယ်။

အပြောင်ကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို မလိုလားတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံးကို  ဦးအောင်ရွှေဝါက ချိတ်ပိတ်ခဲ့တာကြောင့် ခုလို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

ဖျာပုံမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ အယောက်  ၃၀ လောက်ရှိပြီလို့ ဒေသခံတွေထံက သိရပါတယ်။

4 weeks Ago

ပုသိမ်မြို့၌ ရေကစားသူမရှိသဖြင့် ရဲနှင့်စစ်တပ်က ရေလိုက်ပက်နေ

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှာ ယခင်နှစ်သင်္ကြန်တွေမှာ ရေကစားသူတွေနဲ့ စည်ကားခဲ့တဲ့နေရာတွေမှာ  ဒီနှစ်သင်္ကြန်မှာတော့ ရေကစားတဲ့ပြည်သူတွေ မမြင်တွေ့ရ တော့ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများစုက စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သလို စစ်အာဏာရှင်ပြုလုပ်တဲ့ သင်္ကြန်မှာမပါဝင်ဖို့အတွက် လူငယ်တွေကလှုံဆော်ခဲ့ကြတာပါ။

ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ မြို့ပေါ်ရပ်ကွက်နေရာ အတော်တော်များများမှာ ရေကစားမဲ့သူမရှိလို့ ရဲနဲ့ စစ်တပ်က သူတို့တပ်စွဲထားတဲ့နေရာတွေမှာ လမ်းသွားလမ်းလာတွေကို ရေလိုက်ပတ်နေကြတယ်လို့ ဒေသခံတွေကပြော​ပါတယ်။

4 weeks Ago

April 13, 2021

ဆန္ဒပြသူများအား ဖြိုခွင်းရန်လာသည့် ရဲနှင့်စစ်တပ်ယာဉ်တန်းကို KIA က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ဖားကန့်-ရှရော်ခ-မှော်တောင်း ကျေးရွာသွားလမ်းဆုံမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ်ယာဉ်တန်းဟာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

"ကြည့်ရတာတော့ အဝေးထိန်းခလုပ်နဲ့ဖောက်ခွဲတာဖြစ်ဖို့များတယ်။ ကားကြီးက အပေါ်ကို တော်တော်မြောက်တက်သွားတာ၊ စစ်သားနဲ့ရဲတွေတော့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန် ရလိမ့်ထင်တာ်ဗျ" မျက်မြင်တွေ့ရတဲ့ အေးမြသာယာ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် အရပ်သား ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ဘက်က ဒဏ်ရာရသူအရေအတွက်ကို မသိရပေမဲ့ ကျောင်းအုပ်ဆရာတဦးအပါအဝင် ပြည်သူ ၃ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါ တယ် ။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ယဉ်တန်းဟာ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာမှာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က စစ်အာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို အင်အားအလုံးအရင်းနဲ့ဖြိုခွဲဘို့ လာရောက်စဉ် ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူတချို့က ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ ရဲ့တပ်နဲ့ရဲတွေဟာ သေနတ်တွေနဲ့ ဒရစပ်ပစ်ခတ်နေပြီး လမ်းမတွေပေါ်က တွေ့သမျှလူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

"တမြို့လုံး သေနတ်သံတွေ ခုချိန်ထိ ဆူညံနေတာပဲ။ တွေ့သမျှမြင်သမျှ လူတွေ အကုန်ဖမ်းနေတာ။ လောလောဆယ် ဆရာဝန်တဦးနဲ့ ကလေးငါးယောက်ကိုဖမ်းခေါ်သွားတယ်" လို့ အမည်မဖော်ဝံ့တဲ့ ဖားကန့် မြို့ခံတဦးက ပြောပါတယ်။

1 month Ago
More News
Up