ရဲတပ်ဖွဲ့

March 27, 2021

ဒလမြို့နယ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေနတ်ကျည်ထိမှန်

ရန်ကုန် တဘက်ကမ်း ဒလမြို့နယ်မှာ   ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဆန္ဒထုတ်ဖော် သူ အမျိုးသမီးငယ် နှစ်ဦးကို ပြန်လွှတ်ပေးဖို့ မတ်လ ၂၆ ရက်ညနေက လူထုရဲ့  တောင်းဆိုမှုကို မလိုက်လျောဘဲ ပစ်ခတ်ဖြိုခွဲမှုကြောင့် ပြည်သူတချို့ သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရှိခဲ့ပါတယ်။

Photo - MPA

1 month Ago

March 14, 2021

မန္တလေးတွင် စစ်တပ်နှင့်ရဲ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မန္တလေးမြို့မှာ မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁ ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ မြတောင်ကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ညနေပိုင်းမှာ ၃၉ လမ်းကနေ ၄၁ လမ်းအထိ ၈၂ လမ်းပေါ်တလျှောက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့ တားဆီးမှုတွေနဲ့အတူ လမ်းတွေတစ်ဝိုက် အသံဗုံးခွဲတာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ၈၅ လမ်းနဲ့ ၄၁ လမ်းတဝိုက်မှာ ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။ 

ကျည်ထိမှန် ဒဏ်ရာရသူ တချို့ ရှိပေမယ့်လည်း ဘယ်နှဦးရှိလဲဆိုတာတော့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

2 months Ago

ပဲခူးမြို့ နေ့လယ်ပိုင်း ပစ်ခတ်မှုဖြစ်စဉ်အတွင်း အမျိုးသမီး ၁ ဦးနှင့် ဒုရဲအုပ် ၁ ဦး သေဆုံး

ပဲခူးမြို့ ဘူတာရုံနားမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ချေမှုန်းခဲ့တာကြောင့် အမျိုးသမီး ၁ ဦး ကျဆုံးပြီး  ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဆန္ဒပြပွဲ နေ့ခင်း ၂ နာရီလောက်မှာ ပဲခူးဘူတာရဲကင်း မီးလောင်မှုဖြစ်နေတယ်ဆိုတဲ့အတွက် ပြည်သူတွေဝိုင်းကြည့်တာကို ဖြိုခွင်းတာပါ။ အဲဒီအချိန်မှာ နောက်ထပ်ရဲတွေ ရောက်လာပြီး ကုန်းတံတား ပတ်ဝန်းကျင်က သူတွေကို ပစ်တာ။ ပစ်တာမှ ဆက်တိုက်ဆိုသလို ပစ်နေတာ။ အဲဒီလို ပစ်ခတ်မှုကြောင့် ခေါင်းဆေးကျွန်းပိုင်းက အဝတ်လျှော်တဲ့ အမျိုးသမီး ဦးခေါင်း ကျည်ထိမှန်ပြီး မြောင်းထဲမှာ ပစ်ချထားတာကို တွေ့ရှိခဲ့ရတယ်” လို့ မြို့ခံတွေက ‌ပြောပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲအုပ် ၁ ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ပြီး ၄ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အခုအချိန်ထိတော့ ဒုရဲအုပ် ၁ ဦး ကျည်ထိမှန်သေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်လိုထိတယ်၊ ဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ညနေ ၄ နာရီ ၅၀ လောက်မှာတော့ ရဲတပ်ဖွဲ့တွေက ပဲခူးတိုင်း တိုင်းရုံးထဲအတိုင်း ပြန်လည်ဆုတ်ခွာသွားသလို ဆန္ဒပြသူတွေလည်း လူစုခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ မှော်ကန်ရပ်ကွက်နဲ့ ဆိုရှယ်လစ်ရပ်ကွက်ထိပ်မှာလည်း ဒီနေ့မနက်ပိုင်းက ပိတ်မိနေတဲ့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နှစ်ဘက်ပိတ်ပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် အမျိုးသား ၁ ဦး ဘယ်ဘက်ရင်အုံ ကျည်ထိမှန်ကျဆုံးသွားပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

2 months Ago

ကလေးမြို့ တာဟန်းသပိတ်စစ်ကြောင်းက ဆိုင်ကယ် ၁၄ စီးခန့် သိမ်းဆည်းခံရ

ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်း ချင်းတိုင်းရင်းသားအများစု နေထိုင်ကြတဲ့ တာဟန်းမှာ သပိတ်စစ်ကြောင်း တစ်ကြောင်း ချီတက်ခဲ့ပြီး စုရပ်မှာထားခဲ့တဲ့ ဆိုင်ကယ် ၁၄ စီးလောက်ကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လာရောက် သိမ်းဆည်းသွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူအချို့က ပြောပါတယ်။

ပြည်သူတဦးက “သပိတ်မှောက် စစ်ကြောင်းထွက်ပြီး မကြာခင် စစ်သားနဲ့ ရဲကားတွေ ရောက်လာပြီး ဆိုင်ကယ်တွေကို ကားပေါ်တင်သွားတယ်၊ ဆိုင်ကယ်ကတော့ အကောင်းစားတွေချည်းပဲ” လို့ ပြောပါတယ်။

ဆိုင်ကယ်ပိုင်ရှင်တွေအနေနဲ့ မိဘအုပ်ထိန်းသူနဲ့အတူ  ကလေးမြို့၊ မြို့မရဲစခန်းကို လာရောက်ပြီး ခံ၀န်ရေးထိုးပါက ပြန်လည်ထုတ်ပေးသွားမယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဆိုင်ကယ်သွားထုတ်တဲ့အချိန် ဖမ်းထားလိုက်မှာကို စိုးရိမ်နေကြပါတယ်။

2 months Ago

စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ညောင်တုန်းမြို့တွင် လူမဲ့သပိတ်ပြုလုပ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ မတ်လ ၁၄ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုအနေနဲ့ လူမဲ့သပိတ်ကို ဧရာဝတီ ကရင်လူငယ်အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီး ၁ ပတ်အကြာလောက်ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေ နေ့စဉ် ဆန္ဒပြနေကြီး ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကြောင့် ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မတ်လဆန်းပိုင်းက စတင်ကာ ရပ်ကွက်တွေထဲထိ လိုက်လံဖြိုခွင်းတာတွေ ရှိလာတာကြောင့် ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြပြိး ဒီနေ့မှာတော့ လူမဲ့သပိတ်စတင်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပထမဆုံး စတင်ပြုလုပ်ခဲ့တဲ့ လူမဲ့သပိတ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေအနေနဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေပါဝင်တယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့မှာ မတ်လ ၁၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာ အကာကွယ်အသုံးပြုဖို့ ဒိုင်းပြုလုပ်တဲ့နေအိမ်ကို ရဲက ဝင်ရောက်စီးနင်းခဲ့ပြီး ပြုလုပ်သူကို မမိတဲ့အတွက်ကြောင့် အမေနဲ့ သမီးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

2 months Ago
More News
Up