ရောဂါကာကွယ်ရေးပစ္စည်း

May 28, 2020

ပုသိမ်မြို့ Quarantine Center များတွင် ရောဂါကာကွယ်ရေးပစ္စည်းများ လိုအပ်နေ

ပုသိမ်မြို့က ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ Facility Quarantine Center တွေမှာ မေလ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံက ပြန်ဝင်လာသူတွေ များလာတဲ့အတွက် ကျန်းမာရေး အကာကွယ်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ပုသိမ်မြို့က ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်နဲ့ ပုသိမ်ပညာရေးကောလိပ် အတွင်းက အဆောင်တွေမှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ Facility Quarantine Center တွေဖွင့်လှစ်ထားပြီး မေလ ၂၇ ရက်နေ့အထိ Quarantine ဝင်နေသူ ၃၂၅ ဦးထိ ရှိလာတဲ့အတွက် ကျန်းမာရေးအကာကွယ်ပစ္စည်းတွေ အရေးပေါ်လိုအပ်လာတာလို့ စေတနာ့ဝန်ထမ်း ကိုကျော်ကျော်မင်းက (Pathein Volunteer Teem) DVB ကို ပြောပါတယ်။ "အဓိက ကြိုတင်သတင်းပေးတာမရှိဘဲ လူဦးရေများများ ရောက်လာလို့ ပစ္စည်းတွေ မလောက်တော့တာ၊ ပုံမှန်အတိုင်းဆို အားလုံးက အဆင်ပြေပါတယ်၊ ခုက Surgical Mask တွေ၊ ပိတ်စ Mask တွေက မလောက်တော့ဘူး၊ အဲ့တာကြောင့် အလှူခံတာတွေနဲ့ အကူညီတောင်းခံတာ တွေလည်း ပြုလုပ်နေပါတယ်။" စောင့်ကြည့်တဲ့ စင်တာတွေမှာ လိုအပ်တာ မှာတာတွေအတွက် ၁ နေ့ကို အနည်းဆုံး ၃ ကြိမ် သွားရောက်ရပြီး Mask အခု ၅၀ ပါ ၁ ဘူးလောက် နေ့စဉ်အသုံးပြုနေရတာကြောင့် ရောဂါ ကာကွယ်ရေးပစ္စည်းတွေ လိုအပ်ချက်ရှိနေတာ တာဝန်ရှိတဲ့သူတွေကို တင်ပြထားတယ်လို့ ဆိုပါတယ္။ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို ထားရှိတဲ့ ပုသိမ်တက္ကသိုလ်အတွင်းက နန္ဒဆောင်နဲ့ တေဇ အဆောင်မှာ ၈၈ ဦး၊ ပုသိမ်ပညာရေးကောလိပ်မှာ ၁၃၆ ဦးနဲ့ ပုသိမ်နည်းပညာကောလိပ်မှာ ၉၁ ဦး စတဲ့ ပြည်ပနိုင်ငံက ပြန်လာသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေး ပစ္စည်းတွေ လိုအပ်နေတာလို့ ဆိုပါတယ်။ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ အဆောင်တွေ ဝင်ရောက်တဲ့အခါ အသုံး ပြုဖို့အတွက် ရောဂါကာကွယ်ရေးပစ္စည်းတွေကို ကျန်းမာရေးဦးစီးဌာနက ထုတ်ပေးထားပြီး ပြည်ပနိုင်ငံက ပြန်လာသူတွေ များလာတဲ့အတွက် လက်ရှိအချိန်မှာ အနည်းငယ်သာရှိတော့လို့ အလှူရှင်တွေကို လှူဒါန်းပေးဖို့အတွက် ဖိတ်ခေါ်တာမျိုးတွေလည်း ရှိနေပါတယ်။ ဧရာဝတီတိုင်းမှာ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံက ပြန်လာသူ ၇၀၀ ကျော်အထိ ရှိနိုင်ပြီး အစိုးရအဖွဲ့ရဲ့ အစီစဉ်နဲ့ ရန်ကုန်ဘူတာကြီး၊ မြဝတီနဲ့ နယ်စပ်ဂိတ်တို့မှာ သွားရောက်ခေါ်ဆောင်ပြီး မေလ ၁၅ ရက်နေ့အထိ ပြန်လည်ရောက်ရှိလာသူတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက်မှာရှိတဲ့ Facility Quarantine Center တွေကို လွှဲပြောင်းပေးခဲ့ပြီး ၁၅ ရက်နေ့ နောက်ပိုင်းရောက်ရှိလာသူတွေကိုတော့ ပုသိမ်မြို့က Facility Quarantine Center တွေမှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်ထားတာပါ။ မင်းထက်မုန်း (ပုသိမ်)
12 months Ago

April 1, 2020

မော်လမြိုင် Facility Quarantine စခန်း၌ ရောဂါကာကွယ်ရေးပစ္စည်းနှင့် စေတနာဝန်ထမ်း လိုအပ်နေ

ထိုင်းနိုင်ငံကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကိုထားရှိမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ  Facility Quarantine အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ စခန်းတွေမှာ COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ စေတနာ ဝန်ထမ်းတွေ အရေးပေါ် လိုအပ်နေပါတယ်။  ထိုင်းနိုင်ငံမှ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို မတ် ၃၁ ရက်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့က  မြဝတီကနေ သွားရောက်ခေါ်ဆောင် ကျန်းမာရေးစစ်ဆေးပြီး မော်လမြိုင်တက္ကသိုလ်ရှိ အဆောင်တွေမှာ Facility Quarantine  ထားရှိ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒီလို စောင့်ကြည့်ရာမှာ လူဦးရေများတဲ့အတွက် ရောဂါကာကွယ်ရေး ပစ္စည်းတွေအပြင် စေတနာ ဝန်ထမ်းတွေလည်း လိုအပ်နေတယ်လို့ မော်လမြိုင်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းစန်းအောင်က ပြောပါတယ်။ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ နေ့စဉ်  ကျန်းမာရေး စစ်ဆေးမှာဖြစ်ပြီး ရောဂါလက္ခဏာပြသတဲ့သူတွေကိုတော့ Hospital Quarantine လုပ်ဆောင်သွားဖို့ စီစဉ်ထားတာပါ။ တိုင်းနဲ့ပြည်နယ်အသီးသီးက မြန်မာနိုင်ငံသားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မော်လမြိုင်မှာ ထားရှိဖို့ လုပ်ဆောင်ခဲ့တာ  ဖြစ်တယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ နေရပ်ပြန်တွေကတော့ နေထိုင်ရာဇာတိမှာရှိတဲ့ Facility Quarantine စခန်းတွေမှာ ၁၄ ရက် စောင့်ကြည့်ခံရမယ်လို့ ထင်ထားပေမယ့် အခုလို တခြားဒေသမှာ နေထိုင်ရတာဟာ အဆင်မပြေဘူးလို့ ဆိုကြပါတယ်။ Facility Quarantine ထားရှိခံနေရသူတွေ နေရေးထိုင်ရေး အဆင်ပြေစေဖို့အတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံကအစ စားရေးသောက်ရေးကိုလည်း မွန်ပြည်နယ် အစိုးရအဖွဲ့က အပြည့်အဝ တာဝန်ယူသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ မွန်ပြည်နယ်မှာ နိုင်ငံရပ်ခြားက ပြန်လာတွေ နေထိုင်ဖို့အတွက် ပြည်နယ်တခုလုံးမှာ Facility Quarantine စခန်းပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး မော်လမြိုင် တက္ကသိုလ်မှာတော့ လူပေါင်း ၁၀၀၀ ကျော် ထားနိုင်တဲ့စခန်းကို ဖွင့်လှစ်ထားတာပါ။   ဇော်လွင်ထွဋ်  
1 year Ago
Up