ရေထွက်ကုန်

January 23, 2021

စိုက်ပျိုးရေးနှင့်ရေထွက်ကုန်တင်ပို့ပြီး ဒေသတွင်း စားရိက္ခာဖူလုံရန် အထောက်အကူပြုနိုင်မည်ဟု ဝန်ကြီးပြော

မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာပိုလျှံတဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အလျောက် အရှေ့အလယ်ပိုင်း နိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေဆီကို စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံဖို့ အထောက်အကူပြုနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ပြောပါတယ်။ ဗွီဒီယိုကွန်ဖရင့်နဲ့ ဇန်နဝါရီ ၂၁ ရက်က ကျင်းပတဲ့ ၁၇ ကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်တာကို ထိန်းချုပ်လာနိုင်တဲ့အခါ မြန်မာနိုင်ငံဟာ နှစ်နိုင်ငံချင်းနဲ့ ဒေသတွင်း လုံခြုံတဲ့ ခရီးသွားလာရေး အစီအမံတွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာပိုလျှံတဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အလျောက် အရှေ့အလယ်ပိုင်း နိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေက ဈေးကွက်သစ်တွေဆီကို စိုက်ပျိုးရေးနဲ့ ရေထွက်ပစ္စည်းတွေတင်ပို့တာ မြှင့်တင်ပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံဖို့ အထောက်အကူပြုနိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒီအစည်းအဝေးမှာ “နေထိုင်မှုပုံစံအသစ်၊ လုံခြုံစိတ်ချ ကောင်းမွန်တဲ့ ခရီးသွားလုပ်ငန်း” ခေါင်းစဉ်နဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ ထိခိုက်တာတွေ လျော့ပါးသက်သာစေရေးအတွက် အေစီဒီအဖွဲ့ဝင် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။ အာရှဒေသဟာ မိမိတို့ရဲ့သမိုင်းကြောင်း၊ မတူကွဲပြားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြွယ်ဝတာ၊ သဘာဝအလှအပတို့ကြောင့် ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့လာစေဖို့ အလားအလာကောင်းတွေ အများကြီး ရှိနေတယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံမှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ အဖွဲ့ဝင်အဖြစ် အာရှဒေသက ၃၅ နိုင်ငံ ပါဝင်ပါတယ်။
4 months Ago

August 23, 2020

ထိုင်းဘက် တရားမဝင်ပို့မည့် ရေထွက်ကုန်များ ကော့သောင်းတွင် ပိုင်ရှင်မဲ့ဖမ်းမိ

တဖက်ထိုင်းနိုင်ငံကို တရားမဝင်တင်ပို့မယ့် ရေထွက်ကုန်ပစ္စည်းတွေကို သြဂုတ် ၂၁ ရက်နေ့က ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပိုင်ရှင်မဲ့သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ကို တရားမ၀င်သွားရောက်ပို့ဆောင်ဖို့ ရေထွက်ပစ္စည်းတွေကို လှေပေါ်မတင်မီ စုပုံထားတဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့တာပါ။ သိမ်းဆည်းရမိတဲ့ ရေထွက်ကုန်တွေကတော့ ဂဏန်းမဲ ၃၅၀ ကီလို (အရှင်)၊ ဂျင်းခရု ကီလို ၈၀၀၊ မိုင်ဒါးအရှင်အကောင် ၁၀၀ တို့​ဖြစ်ပြီး မိုင်ဒါးအကောင် ၁၀၀ ကိုတော့ ပင်လယ်ပြင်အတွင်းပြန်လွတ်ပေးခဲ့ပြီး ကဏန်းမဲနှင့် ဂျင်းခရု​တွေကို လေလံတင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်က “တရားမဝင်ရေထွက်ပစ္စည်းတွေ ဒီလမ်းကနေ နေ့စဉ်သယ်နေတယ်ဆိုတာ ကျနော်တို့သိတယ်။ အဲဒီကိစ္စကို လိုက်လံစုံစမ်းနေတုန်း ရွှေဟင်္သာ ရပ်ကွက်က ကျောက်တံတားဆိပ်မှာ ရေထွက်ကုန်ပစ္စည်းလာထားသွားတယ်လို့ သတင်းရတယ်။ ကျနော်တို့သွားရောက်စစ်ဆေးတော့ ပဲ့ချိတ်ပေါ်တင်ဖို့ လုပ်နေပြီ၊ ပဲ့ ချိတ်သမားကိုမေးတော့လည်း ပိုင်ရှင် မသိဘူးလို့ ဖြေတယ်။ ကျနော်တို့လည်း အဲဒီပစ္စည်းတွေကို ပိုင်ရှင်မဲ့သိမ်းဆည်းလိုက်တယ်”  လို့ ပြောပါတယ်။ ကော့သောင်းကနေ သွားရောက်ရောင်းချတဲ့ ရေထွက်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ရနောင်းမြို့ က လုပ်ငန်းရှင်တွေ ဝယ်ယူနေကြပြီး တရားမဝင်သွားရောက်ရောင်းချတဲ့သူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ လတ်ကိုကိုဦး
9 months Ago
More News
Up