ရေစကြိုမြို့နယ်

January 9, 2022

ရေစကြိုမြို့နယ်တွင် အမျိုးသားတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေကြိုမြို့နယ် ဇီးတောရွာနဲ့ ကံစွယ်ရွာကြားမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၅၅ နှစ်အရွယ် NLD ပါတီရဲ့ အမာခံ ဦးအောင်ကြင်ကို ဇီးတော အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းပြီး မီးရှို့သတ်ဖြတ်သွားတယ်လို့ ဇီးတောရွာသားတစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေဟာ လွတ်လပ်ရေးနေ့ကတည်းက စစ်ရှောင်တဲတိုက်တွေကို ဝင်မွှေပြီးတော့ မီးရှို့သွားကြတာဗျ။ မီးရှို့ခံထားရတဲ့ ဦးအောင်ကြင်ရဲ့ အလောင်းကိုတော့ မနေ့က နေ့လယ် ၁ နာရီခွဲလောက်ကမှ ရှာတွေ့လို့ သင်္ဂြိုဟ်ခဲ့ကြတယ်။”

ဒါအပြင် ဇီးတောကျေးရွာက ဦးသောင်းထွန်းနဲ့ဒေါ်သန်းအေးတို့ လင်မယားနှစ်ယောက်လည်း ရွာမှာမနေရဲလို့ တောထဲမှာ တဲထိုးပြီးနေတာကို စစ်ကောင်စီတပ်သားတွေက စစ်ရှောင်တဲနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတာကြောင့် အိမ်ဆောက်ဖို့စုထားတဲ့ ပစ္စည်းတွေ၊ တံခါးကွင်း၊ အပ်ချုပ်စက်ခေါင်းနဲ့ အိမ်သုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး အဲဒီနှစ်ယောက်ကိုလည်း ဒီကနေ့ထိ ဆက်သွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇီးတောကျေးရွာ စာသင်ကျောင်းမှာ နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ရွာသားတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

2 weeks Ago

December 11, 2021

ရေစကြိုမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး PDF ၃ ဦးကျဆုံး၊ စစ်တပ်က လူနေအိမ် ၅ လုံး မီးရှို့ ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြိုမြို့၊ ချင်းတွင်းမြစ် တဖက်ကမ်းမှာရှိတဲ့ ရေလယ်ကျွန်းကျေးရွာဖြစ်တဲ့ ရွှေလှံကျေးရွာနဲ့ ဆင်ခြေရာကျေးရွာအနီးမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ်  ၅ လုံးမီးလောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ၃ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ အဆိုပါကျေးရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာမှာ ကျေးရွာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဆိုင်ကယ် ၄ စီး၊ နွား ၂ ကောင်နဲ့ လူနေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လူအင်အား၊ လက်နက်အင်အားမမျှတာကြောင့် တပ်ဆုတ်ရင်း စနိုက်ပါသေနတ် ကျည်ဆန် ထိမှန်ပြီး PDF ၃ ယောက် ကျဆုံးခဲ့ကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“မြောင်ဘက်က တက်လာတာ ဆင်ခြေရာဘက်ရောက်တော့ တိုက်ပွဲစဖြစ်ကြတယ် အင်အားမမျှတော့ နောက်ဆုတ်ရင်း စနိုက်ပါထိမှန်တာရော လက်နက်ကြီးထိမှန်တာရောနဲ့ သုံးယောက်ကျတယ်။  နှစ်ယောက်ဒဏ်ရာရတယ်။ အခုညနေပိုင်းတော့ မြစ်ဆုံဘက်ကို တက်သွားတယ်။ မြစ်ဆုံဘက်က ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာထဲက အိမ်တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။”

စစ်ကောင်စီတပ်သားတွေ မြစ်ဆုံဒေသဘက်ကို သွားကြတဲ့အချိန်မှာ မီးလောင်နေတဲ့ နေအိမ်တွေကို အနီးနားကျေးရွာတွေက သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ကြတာကြောင့် ညနေ ၃ နာရီလောက်မှာ  မီးငြိမ်းသွားပါတယ်။

အိမ်မီးရှို့ခံရတဲ့ အမျိုးသမီးတယောက်က “အမေတို့ ထွက်ပြေးလာရတာ အိမ်ပြန်မယ်ဆိုရင်တောင် ပြန်စရာအိမ်မရှိတော့ဘူးကွယ်။ ဒီမှာ ထွက်ပြေးရင်း ခြင်တွေကကိုက် ပုန်းနေရတာလည်း မလွယ်ပါဘူး၊ ရွာမှာ အုံးခွမ်းနဲ့နေတာပဲ။ လာကြတာအိမ်လည်းဒီတိုင်းထားခဲ့ရတာ။ အိမ်လည်း ဘာမှမသယ်နိုင်ပါဘူး။ ဒီတိုင်း ဒီတိုင်းပြေးရတာ ဘာမှမယူနိုင်ဘူး။ တောထဲမယ်ဆိုရင် ပြေးပြေးနဲ့ပြေးကြရတာ။ ကလေးတွေဆိုရင်လည်းအင်္ကျီ လက်ရှည်မပါဘူး။ အပါးလေးတွေနဲ့ တောထဲမှာ လေတွေကတိုက် နှင်းတွေကကျနဲ့ ဒုက္ခများတာပေါ့ “လို့ ပြောပါတယ်။

မြစ်ဆုံဒေသကိုလည်း စစ်ကောင်စီတပ်တွေ ရောက်လာတဲ့ သတင်းကြောင့် ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းအထိ အဆိုပါကျေးရွာတွေက ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

1 month Ago
More News
Up