ရေစကြိုမြို့

January 17, 2022

ရေစကြိုမြို့နယ်၌ ဆရာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာကို ဇန်နဝါရီ ၁၇ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး သေနတ်တွေပစ်ဖောက်ကာ  ဆရာတော်တစ်ပါးနဲ့  ကျေးရွာဒေသခံနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေဆီကသိရပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်က ရွာထဲကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖောကား နှစ်စီးနဲ့ ရောက်ရှိလာကြပြီး ဘုန်းကြီးကျောင်းကို ဝိုင်းကာ ရှာဖွေပြီး သေနတ်တွေပ စ်ဖောက်ခဲ့တာကြောင့် ကျေးရွာဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဟင်္သာကျေးရွာက ဆရာတော်နဲ့  ပြည်သူနှစ်ယေက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဦးကျော်ဝင်းဆိုသူကို အကြောင်းမဲ့ ရိုက်နှက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျေးရွာဒေသခံတစ်ဦးက “ဘုန်းကြီးကျောင်းကိုလာဝိုင်းတာ၊ မနက် ၆ နာရီခွဲလောက်ကတည်းကပဲ ၃ ဦးဖမ်းသွားတယ်။ တစ်ဦးက ဆရာတော်ပါ ရွာထဲက ဒလန်ပျူစောထီးတွေက မဟုတ်မမှန်သတင်းပေးလို့လာဖမ်းတာ။ စစ်ခွေးတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်။ ဖောကား ၂ စီးနဲ့ ရောက်လာကြတာ ရွာထဲလည်းရမ်းသန်းပစ်လို့ အကုန်ထွက်ပြေးရတယ်”လို့  ပြောပါတယ်။

ဟင်္သာကျေးရွာမှာ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လကလည်း  အသက် ၂၁ နှစ်အရွယ်လူငယ်တစ်ယောက်ကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မေ ၂၉ ရက်ကလည်း  စစ်ကောင်စီတပ်က ဟင်္သာကျေးရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

3 days Ago

January 12, 2022

ရေစကြိုမြို့နယ် လှေခုတ်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် လှေခုတ်ကျေးရွာကို ဇန်နဝါရီလ ၁၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသလှေခုတ်ကျေးရွာကို ဒီကနေ့မနက် ၉ နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီတွေပေါင်းပြီးတော့ မီးရှို့ဖျက်ဆီးနေကြတာလို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနေ့က ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ညအိပ်စခန်းချက ဒီကနေ့မနက်ပိုင်းမှာတော့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေကြတာလို့ ဆိုပါတယ်။ 

“စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်လာတာကြောင့် တစ်ရွာလုံးနီးပါးထွက်ပြေးနေကြရတာဗျ။ ဘေးပတ်ဝန်းကျင်ရွာတွေကနေ မီးခိုးလုံးတွေ မီးတောက်တွေလှမ်းမြင်နေရာတာ။ နေအိမ် ဘယ်နှလုံးလောက် မီးရှို့ ဖျက်ဆီးခံရတယ်ဆိုတာကိုတော့ အတိကျအတည် မပြုနိုင်သေးဘူး” လို့ ဒေသခံက ပြောပါတယ်။

လှေခုတ်ရွာနဲ့ ရေယှားကျေးရွာကြားမှာ မနေ့က ညနေ ၃ နာရီလောက်မှာလည်း စစ်ကောင်စီတပ်သားအင်အား၅၀ လောက်နဲ့ မြင်းခြံ MG-6 ပြောက်ကျားတပ်၊ YLK-ပြောက်ကျားတပ်ညီနောင်မဟာမိတ်နှစ်ဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၆ ယောက်လောက် သေဆုံးပြီးတော့ ၂၀ လောက်ဒဏ်ရာရရှိသွားတယ်လို့ YLK-ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

နှစ်ဘက် အပြန်အလှန်တိုက်ပွဲအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့ ဘက်က ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာနဲ့ ပတ်သက်လို့ အမြဲတမ်းငြင်းဆိုလေ့ ရှိသလို နှစ်ဘက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

1 week Ago
More News
Up