ရေစကြို

January 23, 2022

ရေစကြို ရေလယ်ကျွန်းကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်၊ ပစ္စည်းများခိုးယူ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး နေရင်းကျေးရွာ နေအိမ်ထဲက ပစ္စည်းတွေကို ဆာလာအိတ်နဲ့ မွှေနှောက်ခိုးယူသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ 

ပစ္စည်းတွေကို ခိုးယူထုတ်ပိုးပြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ နေရင်းရွာမဘက်ကို သယ်ဆောင်သွားတယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ 

ခိုးယူသွားတဲ့စစ်ကောင်စီတပ်ဟာ နေရင်းကျေးရွာနဲ့ မင်းရွာကျေးရွာကြားမှာရှိတဲ့ မဏိရတနာ ဘုန်းကြီး ကျောင်းတိုက်အတွင်း  တပ်စွဲနေထိုင်နေကြတယ်လို့ သိရပါတယ်။ 

ကျေးရွာတွေအတွင်းမှာ ပစ်ခတ်ခြိမ်းခြောက်ပြီး နေအိမ်အတွင်းက ပစ္စည်းတွေကို ခိုးယူခဲ့တာ ကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ကျေးရွာအတွင်းမှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် ချက်ပြုတ် စားသောက်ကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ 

“မင်းရွာထဲက အိမ်မွေးထားတဲ့ ကြက်တွေ၊ နွားတွေ၊ ဝက်တွေကို သတ်စားကြတယ်၊ ရွာထဲက လူတွေကတော့ ထွက်ပြေးနေကြတာလေ။ အသက်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေ ပြေးကြရတာ အလွန်ဒုက္ခရောက်ရတယ်။ လူတွေလည်း ပစ်သတ်၊ နွားတွေလည်း သတ်စားနဲ့ အိမ်ထဲက ပစ္စည်းတွေလည်း အလကားယူနေတာ” လို့ ရေလယ်ကျွန်းကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ ထောက်ပို့ ရေယာဉ်ဟာလည်း ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ်အတွင်း လမ်းဘေးဝဲယာက ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းကျေးရွာထဲကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ဝင်ရောက်မွှေနှောက်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်အထိ ကျေးရွာတွေထဲမှာ သွားလာ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေအိမ် မပြန်ရဲသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက် မနက် ၃ နာရီလောက်က စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင်ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် ၃ ဦး သေနတ်ကျည်ထိမှန်ခဲ့ပြီး  နေရင်းကျေးရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။ 

ရေလယ်ကျွန်းကျေးရွာတွေကို စစ်ကောင်စီက မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။ 

ဇန်နဝါရီ ၁၃ ရက်ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရေလယ်ကျွန်းကျေးရွာက ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

photo-ဇန်နဝါရီ ၁၃ ရက်က ရေလယ်ကျွန်းရွာက အိမ်အချို့ကို ဝင်ရောက် မွှေနှောက်ခဲ့ပုံ

30 mins Ago

January 21, 2022

ရေစကြိုမြို့နယ်၌ စစ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ  စစ်ကောင်စီ တပ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ CDM ပြုလုပ်လာတယ်လို့  ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

အာဏာဖီဆန် CDM ပြုလုပ်လာသူတွေကတော့  ၂၅၆ တပ်ရင်းက တပ်သား စောကလဲဘွဲထူးနဲ့ တပ်သားကိုသက်တို့ ဖြစ်ကြပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ကို လက်နက်အပ်ကာ လာရောက်ပူးပေါင်းတာကြောင့် လွတ်မြောက်နယ်မြေသို့  ပို့ဆောင်လာပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်အတွင်းမှာ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကို မခံနိုင်တာ၊ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကိုမနှစ်သက်တာတွေကြောင့် CDMပြုလုပ်လိုနေတဲ့ စစ်သားအများအပြားရှိနေတယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေထံက သိရပါတယ်။ 

ဇန်နဝါရီ ၁၉ ရက် မနက်ကလည်း ပခုက္ကူခရိုင်၊ ကမ္မမြို့က  ရဲတပ်သားတစ်ယောက် လက်နက်အပြည့်အစုံနဲ့  ထွက်ပြေးသွားတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံချင်ပါက ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုဆိုလက်ခံနေပြီး  လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးစ အချိန်တွေအတွင်းမှာ  ရဲတပ်သားတွေ CDM ပြုလုပ်ခဲ့ကြတဲ့အတွက် စစ်ကောင်စီက အပြင်းအထန်လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

Photo -ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့

2 days Ago

ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်မနက်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရေလယ်ကျွန်းဒေက နေရင်းကျေးရွာက ပြည်သူတစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“၃ ယောက်ထိတာ၊ ၁ ယောက်သေသွားပြီ၊ မနက်အစောကြီးပဲ လူသူမကွဲခင်ကဖြစ်တာ၊ အပစ်ခံရတာက ပြည်သူပါပဲ။ ရွာ ၂ ရွာကြားမှာ ဖြစ်တာ။ အခုမနက်ပိုင်း ဖမ်းသွားခံရတဲ့ လူတွေလည်း ရှိတယ်ကြားတယ်၊ ဘယ်နှယောက်အဖမ်းခံရတယ်က မသိဘူး။ ကျနော်တို့  ရွာထဲမပြန်ရဲသေးဘူး၊  ထွက်ပြေးနေရတုန်း” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ် ၄ ဖွဲ့လောက်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ နေရင်းရွာနဲ့ မင်းရွာကြားမှာ ဇန်နဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က အင်အား ၁၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာလို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ အင်အား ၁၀၀ လောက်ရှိတယ်။ ကျနော်တို့ဘက်က ညီနောင်မဟာမိတ် ၄ ဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တာဗျ။ တိုက်ပွဲက အချိန် ၁၅ မိနစ်လောက်ကြာအောင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ကျနော်တို့ဘက်ကလည်း ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် အဝေးကနေ လှမ်းပစ်ကြတာဆိုတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျမသိရသေးဘူး။”

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၁၀ နာရီလောက်ကတည်းက လှေခုတ်ရွာနားမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်သလို ညနေပိုင်းတိုက်ပွဲဖြစ်ပြီးနောက် ညဘက် မင်းရွာ ကျေးရွာမှာ စခန်းချညအိပ်ကာ ဒီနေ့မနက် ၅ နာရီလောက်  ပေါက်တောရွာကို သွားရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်တောကနေ နေရင်းရွာအလာမှာ နေရင်းက ရွာသူ ရွာသားတွေ ကြောက်လန့်ထွက်ပြေးကြတာကို ရမ်းသန်းပစ်ခတ်တာကြောင့် ၃ ဦး ထိခိုက်တာမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသ ကျေးရွာတွေအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြသလို  ကျေးရွာတွင်းက တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားသောက်စရာပစ္စည်းတွေ  လူ့အသုံးအဆောင်ပစ္စည်းတွေကို  ယူဆောင်တာ ဖျက်ဆီးမီးရှို့တာတွေကို လာရောက်ပြုလုပ်ကြတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 days Ago
More News
Up