ရုရှားသမ္မတပူတင်

January 1, 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

အရှေ့ဥရောပက ယူကရိန်းနိုင်ငံအရေး တင်းမာမှုမြင့်မားနေချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှစ်ဦး မိနစ် ၅၀ ကြာ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ပါတယ်။ ရုရှားစံတော်ချိန် ည ၁၂ နာရီကျော် ဆွေးနွေးဖို့ သမ္မတပူတင်က ဖိတ်ခေါ်ခဲ့တာပါ။ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦး ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် အရေးပေါ် ဆွေးနွေးမှု ဖြစ်ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ် ထောင်ပေါင်းများစွာ စစ်ရေးလေ့ကျင့်နေတာကို အနောက်အုပ်စုက စိုးရိမ်နေပါတယ်။ သမ္မတပူတင်ကတော့ ယူကရိန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းလိုက်ပြီး ရုရှားမြေပေါ်မှာပဲ သူကြိုက်သလို စစ်ရေးလေ့ကျင့်နေတာပါလို့ ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦးက ယူကရိန်းအရေး၊ ဥရောပလုံခြုံရေး၊ အီရန် နျူကလီးယား အစီအစဉ် အပါအဝင် အဓိက အကြောင်းအရာ ခေါင်းစဉ်များစွာ ဆွေးနွေးခဲ့ပါတယ်။ အခုဆွေးနွေးမှုက ဇန်နဝါရီ ၁၂ နဲ့ ၁၃ မှာ ကျင်းပမယ့် အမေရိကန်၊ ရုရှားနဲ့ ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမတိုင်ခင် ရှေ့ပြေးဆွေးနွေးမှုပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူကရိန်းနယ်စပ်ကနေ ရုရှားတပ် ၁၀၀၀၀ ကျော် ပြန်ဆုတ်သွားပေမဲ့၊ အမေရိကန်ဘက်က ရုရှားအပေါ် သံသယတွေ စိုးရိမ်မှုတွေ ရှိနေပြီး အဆက်မပြတ် စောင့်ကြည့်နေတယ်လို့ အမေရိကန်အရာရှိတချို့ကလည်း ပြောခဲ့ပါတယ်။

3 weeks Ago

December 17, 2021

၂၀၂၂ ပေကျင်းအိုလံပစ်ပွဲ ရုရှားသမ္မတပူတင် တက်ရောက်မည့်အပေါ် တရုတ်ကြိုဆို

ရုရှားသမ္မတဗလာဒီမာ ပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့  ဒီဇင်ဘာ ၁၅ ရက်က အွန်လိုင်းအစည်းအဝေး လုပ်ခဲ့ပြီး ၂၀၂၂ ဆောင်းရာသီ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့ အတည်ပြုပြောခဲ့ပါတယ်။ 

အဲဒီလို သမ္မတပူတင် တက်ရောက်မှုက ခေါင်းဆောင်နှစ်ဦးကြား နှစ်ရှည်ခိုင်မာတဲ့ဆက်ဆံရေး ပြသမှုပဲလို့ တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လီယုချန် က ပြောပါတယ်။

“သမ္မတနှစ်ဦး ဒီနှစ်ရဲ့ ဒုတိယအကြိမ်ဗီဒီယိုအစည်းအဝေးကို အောင်မြင်စွာလုပ်နိုင်ခဲ့ပါတယ်။ ဒါနဲ့ဆိုရင် ပြီးခဲ့တဲ့ရှစ်နှစ်အတွင်း ခေါင်းဆောင်နှစ်ဦး အစည်းအဝေးလုပ်ခဲ့တာ ၃၇ ကြိမ် ရှိခဲ့ပါပြီ။ ဆွေးနွေးတာ တနာရီခွဲ ကြာပြီး နှစ်နိုင်ငံ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာရေးရာမှာ မဟာဗျူဟာကျကျ ပူးပေါင်းနိုင်ရေး အပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ပါတယ်”  

၂၀၂၂ ဖေဖော်ဝါရီ ၄ ရက်မှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ပူတင် တက်ရောက်လာတာ အများကြီး အဓိပ္ပါယ်ရှိတယ်လို့ သူက ပြောပါတယ်။ 

အားကစားပွဲတော်ဟာ တရုတ်နှစ်သစ်ကူးနဲ့လည်း တိုက်ဆိုင်နေပါတယ်။ တကမ္ဘာလုံး ကိုဗစ်ကပ်ဘေး ကြုံနေရကတည်းက ဒီတွေ့ဆုံမှုဟာ သူတို့နှစ်ဦးကြား လူကိုယ်တိုင် ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ 

1 month Ago
More News
Up