ရာမာန်(မြန်မာ)

February 10, 2020

ရာမာန်(မြန်မာ) ဂျပန်တိုခဲရှီ လက်ဝှေ့သမားကို ပထမချီမှာပင် အလဲထိုးအနိုင်ယူ

မွန်ပြည်နယ် ရေးမြို့မှာ ကျင်းပတဲ့ ၁၃၂ ကြိမ်မြောက် ရွှေဆံတော်နှင့်စကားတောင်စေတီ ဗုဒ္ဓပူဇနိယပွဲတော်ရဲ့ မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲမှာ ရာမာန် (မြန်မာ)က ဂျပန်လက်ဝှေ့သမား တိုခဲရှီကို ပထမအချီ ၁ မိနစ် နဲ့ ၅၃ စက္ကန့်မှာ အလဲထိုးအနိုင်ယူခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ  ပြည်တွင်းမှာ ပထမအကြိမ် ထိုးခဲ့စဉ်က အနိုင် အရှုံးမပေါ်ဘဲ သရေပွဲနဲ့သာ ကျေနပ်ရပေမယ့် ရာမာန်က အခုလို အလဲထိုးနိုင်ခဲ့တာကြောင့် ပရိသတ်တွေ ကျေနပ်နိုင်ခဲ့ ကြပါတယ်။ ရာမာန် (မြန်မာ) ဟာ ပြည်တွင်းက လက်ဝှေ့သမားတွေအပြင် ပြည်ပက လက်ဝှေ့သမားတွေ နဲ့ ပွဲကောင်းတွေ ထပ်မံထွက်ပေါ်လာဖို့ ပိုမိုစိတ်အားထက်သန်နေသလို ပရိသတ်ရဲ့  အားပေးမှုကိုလည်း ရထားတာပါ။ ရာမာန် (မြန်မာ) ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်သား လက်ဝှေ့ကစားသမား တက်သစ်တဦးလည်း ဖြစ်သလို အသက်  ၁၉ နှစ် အရွယ်သာရှိသေးပြီး ပြည်တွင်းက ထိပ်တန်းလက်ဝှေ့သမားတွေအပြင် ပြည်ပက လက်ဝှေ့သမားတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့နေရာမှာ ပွဲပေါင်း ၃၆ ပွဲမှာ နိုင်ပွဲ ၂၄ ပွဲ၊ ရှုံး ၅ ပွဲ၊ သရေပွဲ ၇ ပွဲ အထိ ရှိတယ်လို့ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ပြောပါတယ်။ နေမျိုးထွဋ်
1 year Ago

February 8, 2020

အမေရိကန်သား ဝီချုပ် ဒူးဒဏ်ရာကြောင့် ရာမာန်(မြန်မာ) နှင့် ထိုးသတ်မည့်ပွဲ လွဲချော်

မွန်ပြည်နယ် ရေးမြို့ ၁၃၂ ကြိမ်မြောက် ရွှေဆံတော်စေတီနဲ့ စကားတောင်စေတီ ဗုဒ္ဓပူဇနိယပွဲတော်မှာ ရာမာန်မြန်မာနဲ့ ထိုးသတ်မယ့် အမေရိကန်သား ဝီချုပ်ဟာ အပြင်းအထန် လေ့ကျင့်ရင်း ဒူးဒဏ်ရာရရှိလို့ ဖေဖော်ဝါရီ ၉ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်ကြမယ့်ပွဲကို လွဲချော်သွားပါတယ်။  ဒါ့ကြောင့် မြန်မာ့ရိုးရာ အထူးစိန်ခေါ်ပွဲမှာ အမေရိကန်သား ဝီချုပ်အစား ဂျပန်နိုင်ငံသား တိုခဲရှီနဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။  တိုခဲရှီ ဂျပန်လက်ဝှေ့ကစားသမားနဲ့ ရာမာန်တို့ဟာ ပြည်တွင်း ထိုးသတ်ယှဉ်ပြိုင်စဉ်တုန်းက သရေကျခဲ့ဖူးပါတယ်။  အခု ထပ်မံယှဉ်ပြိုင်ထိုးကြမယ့်ပွဲမှာ ရာမာန်က ရလဒ်ကောင်း ရလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြသလို  ဂျပန်ကစားသမား တိုခဲရှီကလည်း ရာမန်ကို အလဲထိုးသွားမယ်လို့ ရန်ကုန်လေဆိပ် ရောက်လာချိန်မှာ ပြောထားဖူးပါတယ်။
1 year Ago
Up