ရာဇဂြိုဟ်တွင်

January 20, 2018

ရာဇဂြိုဟ်တွင် အကျည်းသားအချင်းချင်း ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးက မော်လိုက်ကလေး အကျဉ်းထောင် လက်အောက်ခံ ရာဇဂြိုဟ် စိုက်မွေးစခန်း အမှတ် ၂ မှာ အကျည်းသားအချင်းချင်း စကားများ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ခဲ့လို့ ၁ ဦး သေဆုံးသွားပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့က အကျဉ်းသားတွေကို စိုက်မွေးစခန်းမှာ ဘုတ်ထုတ်စဉ် မူးယစ်မှုနဲ့ ထောင်ကျနေသူ အချင်းချင်း စကားများရန်ဖြစ်ခဲ့ရာမှ လုပ်ငန်းသုံး ဓားချွန်ထိုးမှု ဖြစ်ပွားခဲ့တာလို့ ကလေးမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။ "ဖြစ်တာကတော့ ညနေ ၆ နာရီလောက်မှာ ဖြစ်တာ။ ဒါပေမယ့် စခန်းကိုတော့ ည ပိုင်းမှ လာအသိပေးတယ်။ အဲ့ဒါနဲ့ ချက်ချင်း တရားခံကို စုံစမ်းနေတယ်။" ဓားထိုးမှုကြောင့် သေဆုံးခဲ့သူဟာ အကျဉ်းသား ထွန်းမြိုင်(ခ) ကုလားဆိုသူဖြစ်ပြီး ဒဏ်ရာနဲ့ ကလေးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ သေဆုံးခဲ့တာပါ။ ဓားထိုးမှုကို ကျူးလွန်ခဲ့တဲ့ အကျဉ်းသားကတော့ မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ကလေးမြို့ သာစည်ရွာက ကိုလေးဆိုသူ ဖြစ်ကာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ အဲဒီအတွက် စိုက်မွေးစခန်းတာဝန်ခံ ဦးဝင်းမြင့် ကနေပြီး တရားလိုပြုပြီး ကလေးမြို့မစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ ခုလို ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုဟာ ကလေးမြို့အတွင်း ၂၀၁၈ ခုနှစ်အတွက် ပထမဆုံးအမှုကြီး တခုဖြစ်ပြီး ထွက်ပြေးအကျဉ်းသား သာစည်ကျေးရွာမှာနေတဲ့ ကိုလေးကို ဖမ်းမိနိုင်ရေး ကလေးမြို့မရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
4 years Ago

June 17, 2017

ရာဇဂြိုဟ်တွင် နွားခိုးရောင်းချသူအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာမှာ ဇွန်လ ၁၅ ရက်နေ့က နွားခိုးယူသူအား မူးယစ်ဆေး ဘိမ်းမည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့နယ် စခန်းကြီးရွာ ရဲတပ်ဖွဲ့ကင်းစခန်းက သိရပါတယ်။ “ကျနော်တို့ နွားပျောက်သူ တိုင်တန်းချက်အရ သွားရောက်စစ်ဆေး ဖမ်းဆီးရာမှာ အဲဒီ နွားခိုးသူဆီက နွားခိုးသက်သေနဲ့အတူ ဘိန်းမဲတွေကိုပါ တပါတည်း ဖမ်းဆီးရမိခဲ့တယ်”လို့ စခန်းကြီးရဲတပ်ဖွဲ့ ရဲကင်းမှူးက ဆိုပါတယ်။ နွားခိုးသူကို ဖမ်းဆီးရာမှာ ကလေးမြို့ စခန်းကြီး ရဲတပ်ဖွဲ့နဲ့အတူ ချင်းပြည်နယ် တွန်းဇံနယ် ရဲတပ်ဖွဲ့ ၂ ဖွဲ့ပေါင်း ဖမ်းဆီးခဲ့တာ ဖြစ်ပြီး နွားပျောက်သူ ရာဇဂြိုဟ်ရွာသား ဦးခင်မောင်ဝင်း ကိုယ်တိုင် နွားခိုးသူကို စုံးစမ်းဖော်ထုတ် တိုင်တန်းခဲ့တာလည်း ဖြစ်ပါတယ်။ နွားပျောက်ဆုံးသူ ဦးခင်မောင်ဝင်းဟာ သူ့နွား ၁၄ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပြီး ၁၅ ရက်နေ့မှာ ချင်းပြည်နယ် တွန်းဇံနယ်ထဲက ဆဲဘောက်အုပ်စု သစ်စိမ့်ပင်ကျေးရွာ နေအိမ်တအိမ်မှာ နွားတစ်ကောင် သတ်နေကြောင်း သိရပြီး အပေါင်းအသင်းဖြစ်သူမှ နွားခေါင်း သွားဝယ်ရာမှ ဦးခင်မောင်ဝင်းပျောက်ဆုံးသော နွားဖြစ်နေခြင်းကြောင့် ရဲတပ်ဖွဲ့ကို တိုင်းတန်းခဲ့တာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ နွားပျောက်ဆုံးသူ ဦးခင်မောင်ဝင်း တိုင်တန်းချက်အရ ရဲတပ်ဖွဲ့ဟာ ချင်းပြည်နယ်ထဲက နွားသတ်နေတဲ့အိမ်ကို သွားရောက်ရှာဖွေခဲ့ရာ ပျောက်ဆုံးနွားဖြစ်ကြောင်း သိရပြီး ဆက်လက် စုံစမ်းရာမှ နွားရောင်းသူဟာ ရာဇဂြိုဟ်တရွာတည်းနေ မြင့်ကျော်(ခ) ကုလားလေး ဖြစ်နေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နွားခိုးသူကို စုံစမ်းခဲ့ရာကနေ နွားခိုးခဲ့သူ မြင့်ကျော် (ခ) ကုလားလေးကို ချက်ခြင်း နေအိမ်ကို သွားရောက် ရှာဖွေ ဖမ်းဆီးရာ မြင့်ကျော်(ခ) ကုလားလေးထံမှ ဘိန်းမဲ မူးယစ်ဆေးကို ထပ်မံ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နွားခိုးရောင်းချသူ မြင့်ကျော် (ခ) ကုလားလေးကို ကလေးမြို့နယ် စခန်းကြီး ရဲကင်းမှူး ကိုယ်တိုင် တရားလိုပြုလုပ် ခိုးမှုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူနိုင်ဖို့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
4 years Ago
Up